Monday, December 23, 2013

" T T H - 7 Fever "




သူရို့အားလုံး အဖျားတက်ကြလေပြီ။သာမာန်အဖျားမဟုတ်။အပြင်းအထန်ဖျားသော T T H - 7 Fever " (ခေါ်) “သန်းသန်းထွေး” ရောဂါ ကူးစက်သွားခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံးက ဘောလုံးဝါသနာရှင်များထံသို့ အချိန်တိုအတွင်း ကူးစက်ပျံ့နှံ့သွားခြင်းဖြစ်သည်။ ထိုအဖျားရောဂါစတင်ရာ နေရာဒေသကတော့ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှ အစပြုချေ၏။

တစ်စုံတစ်ရာ(သို့တည်းမဟုတ်) တစ်စုံတစ်ယောက်ကို နှစ်သက်မိပြီဆိုလျှင် အလွန်အကျွံ အားပေးတတ်ကြသည်က မြန်မာလူမျိုးတို့ အကျင့်စရိုက်ပင်။အားပေးမိပြီဆိုလျှင် ရင်ထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ အားပေးတတ်ကြသည်။ ထိုသို့အားပေးနေကြရင်း မိမိတို့မျှော်လင့်ထားသလောက် ဖြစ်မလာလျှင်တော့ ထိုအရာနှင့် ဆန့်ကျင်စွာ လွန်လွန်ကဲကဲ တုန့်ပြန်တတ်ကြသည်။ထိုသို့ လူမျိုးစွဲ၊ပုဂ္ဂိုလ်စွဲ ကြီးမားခြင်းကြောင့် ဘာသာရေး၊လူမှုရေး၊အားကစား စသောအခြင်းအရာများတွင် အစွန်းရောက်သော အပြုအမူများကို အမှတ်မထင် ပြုမူမိတတ်ကြခြင်း ပင်ဖြစ်သည်။

ယခုလည်း မြန်မာပြည်က ဘောလုံးပရိတ်သတ်များကယောင်ကတမ်းဖြစ်သည်ဟု ပြောရလေမလား။ စိတ်ခံစားချက်များ တဟုန်ထိုး မြင့်မားသွားသည်ဟု ပြောရလေမလားမသိ။ ကူးစက်မြန်ရောဂါတစ်မျိုး ဖြစ်ပွားနေကြလေသည်။ အမှန်တော့ ခံစားချက်များက အပြင်းအထန် Heat တက်သွားခြင်းပင်။

Wednesday, November 20, 2013

“အပေါ်စက်အောက်စက်နဲ့ပြတဲ့ ဗွီဒီယိုရုံကလေး”

ပစ္စုပ္ပန်တွင် မပျော်မွေ့သည့်အခိုက်အတန့်၌ အတိတ်သို့ပြန်လည်လွမ်းမောတတ်သည်မှာ လူတို့၏ သဘာဝပင်။နေ့စဉ်နေ့တိုင်း ရုပ်ဝတ္ထုပစ္စည်းများ၏ ဆွဲဆောင်ရာနောက်သို့ အဆုံးမရှိလိုက်ပါကြတော့ လူ့ဘဝအမောများနှင့်တွေ့ရကြုံရသည်ပေါ့။ ထိုသို့ဘဝရေဆန်ကိုဖြတ်သန်းကူးခတ်ရင်း တစ်ခါတရံတွင် လက်ပန်းကျသလိုမျိုး လူတိုင်းခံစားဖူးကြမည်ဟု ထင်သည်။ယနေ့ခေတ်အခါကလည်း ရုပ်ဝတ္ထုတွေက ပေါများလာသလောက် လူတို့၏စိတ်ဓါတ်တွေက နိမ့်ကျလာကြသည်။ ဘဝမှာရပ်တည်မှု တစ်နေရာအတွက် တွန်းရတိုက်ရဖြင့် ရုန်းကန်မှုတွေကလည်း များပြားလှသည်။ ထိုအခါ လက်ရှိမွန်းကျပ်မှုများဆီမှ  ခေတ္တဖယ်ခွါပြီး အတိတ်ကိုပြန်တမ်းတကြသည်။
♫ …♪…♫…♪  ”ငယ်စဉ်က ကလေးတို့ဘဝဟာ ပျော်ပါးဖို့ရာ လွယ်ပါတယ်” ♫ …♪…♫…♪  
ဟူသော စိုင်းထီးဆိုင်သီချင်းကို တိုးတိုးလေးငြီးတွားကာ ငယ်ဘဝသို့သာ ပြန်သွားလိုကြတော့သည်။ ငယ်ဘဝဆိုသည်က လွတ်လပ်ပေါ့ပါးသည်။အပူအပင်ကင်းမဲ့သည်။စားချိန်မှာစား၊ကစားချိန်မှာကစားကာ အိပ်ချိန်တန်လျှင် ဝင်အိပ်ခဲ့ကြယုံသာ။

ငယ်စဉ်ကလေးဘဝ ၁၉၉၀- ဝန်းကျင်ကာလများဆီက ကျွန်တော်တို့မြို့လေးတွင် ဒီနေ့ခေတ်လိုမျိုး ရုပ်ဝတ္ထုပစ္စည်းများပေါများမှု မရှိလှပါ။ ကျွန်တော်နေထိုင်ခဲ့သော ရပ်ကွက်တစ်ခုလုံးတွင်မှ Television (ခေါ်) ရုပ်မြင်သံကြားစက်မှာ ငွေကြေးချမ်းသာသူတို့သာ သုံးစွဲနိုင်သည့် ဇိမ်ခံပစ္စည်းသက်သက်မျှသာ။တစ်ရပ်ကွက်လုံးရှိ TV မှာလက်ချိုးရေတွက်၍ ရလောက်သည်။ထိုအခါ အိမ်တွင် TV မရှိသူအများစုက TV ပိုင်ရှင်တို့၏အိမ်သို့သွားပြီး အခကြေးငွေပေးကာ ကြည့်ကြရသည်။

Friday, November 15, 2013

"ဆေးပေါင်းခတဲ့ည ...အပျော်ရွှင်ရဆုံးဘဝ"


ငယ်ငယ်တုန်းက ဒီအချိန်ရောက်လျှင် အရမ်းပျော်သည်…ကလေးတို့သဘာဝ လပြည့်နေ့မရောက်ခင်ထဲက မျှော်တလင့်လင့် စောင့်စားနေရသည်…အလွန်ပျော်စရာကောင်းသောည…တန်ဆောင်မုန်းလပြည့်ညဖြစ်၏…ဒီညမှာ မယ်ဇလီဖူးသုတ်တွေ စားရသည်…ရပ်ကွက်ထဲက မိမိတို့နှင့်သိသော လမ်းတကာကအိမ်တွေမှာ မုန့်ဖိုးလိုက်တောင်းကြသည် … မြို့ပေါ်က တန်ခိုးကြီးဘုရားများသို့ သွားရောက် ဖူးမြှော်ကြသည်… ညဥ့်နက်လာလျှင်တော့ တစ်ချို့အိမ်တွေက ပံ့သကူဖွက်ထားသမျှကို တွေ့အောင်ရှာကြသည် …ကာလသားလူပျိုတွေ ရပ်ကွက်ထဲကကြက်ခိုးပြီးချက်စားကြရာသို့ သွားရောက်ပြီး စားကြသောက်ကြသည်…ကိုကိုကာလသားများထံမှ ကလေးငယ်တို့ မသိဘူး၊မကြားဘူး၊မမြင်ဘူးသေးသည့် ပညာရပ်တွေကို လက်ဆင့်ကမ်းသင်ယူကြသည်ပေါ့…

မှောင်စပျိုးလာသည်နှင့် မြို့ထဲက ကတ္တရာလမ်းမတွေပေါ်သို့ ငွေအကြွေစေ့ကျသံ တစ်ချွင်ချွင်နှင့် ကျွန်တော်တို့မြို့လေးက အသက်ဝင်လာသည် …  ” ၁…၂…၃… ပိုက်ဆံကြဲပါဗျို့ “  ဟု ကလေးများ၏ သံပြိုင်အော်သံများ ဟိုတစ်စ ဒီတစ်စ ကြားလာရသည်...