Monday, July 21, 2014

သိင်္ဂါလသုတ်ဖြစ်ပေါ်လာပုံ

ဂိဟိဝိနယခေါ် လူ့ကျင့်ဝတ်များ သိင်္ဂါလသုတ်ဖြစ်ပေါ်လာပုံ အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သိင်္ဂါလသတို့သားသည် နံနက်စောစောထပြီး ရာဇဂြိုလ်ပြည်မှထွက်၍ မြို့ပြင်သို့ရောက်သော အါ လက်အုပ်ချီလျက် အရပ်ခြောက်ပါးတို့ကို နေ့စဉ်ရှိခိုး၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ ရာဇဂြိုလ်ပြည်သို့ ဆွမ်းခံဝင်စဉ် အရပ်ခြောက် မျက်နှာကို လှည့်လည်ရှိခိုးနေသည့် သိင်္ဂါလ သတို့သားကို မြင်တော်မူလေရာ ဤသို့မေး တော်မူ၏။ သူကြွယ်သား သင်သည် နံနက်စောစောထပြီး ရာဇဂြိုလ်ပြည်မှထွက်၍ လက်အုပ်ချီလျက် အ ဘယ်အတွက်ကြောင့် အရှေ့ တောင် အနောက် မြောက် အောက် အထက်ဟူသော အရပ်ခြောက် ပါးတို့ကို ရှိခိုးနေသနည်း။ မြတ်စွာဘုရား အကျွန်ုပ်ဖခင်သည် သေခါနီးတွင် ချစ်သား အရပ်မျက်နှာ တို့ကိုရှိခိုးရမည်ဟုမှာခဲ့၍ ဖခင်စကားကို လေးစားလိုက်နာသောအားဖြင့် အရပ်ခြောက်ပါးတို့ကို ရှိခိုးနေပါသည်ဟု ဖြေ၏။ သူကြွယ်သား အရိယာတို့၏သာသနာတော်၌ အရပ်ခြောက်ပါးတို့ကို ဤကဲ့သို့ရှိမခိုးရဘူး။ မြတ်စွာဘုရား သည်လိုရှိမခိုးလျှင် အရိယာတို့၏ သာသနာတော်၌ အရပ်ခြောက်ပါးတို့ကို အဘယ် သို့ရှိခိုးရမည်နည်း။ အကျွန်ုပ်တောင်းပန်ပါ၏။ အရိယာတို့၏သာသနာတော်၌ ရှိခိုးအပ်သော အရပ်ခြောက်ပါးတို့ကို ဟောတော်မူပါ။ သူကြွယ်သား ယင်းသို့နာကြားလိုသည်ဖြစ်ဘိမူ ကောင်းစွာနာကြားမှတ်သားလော့။ ငါဘုရား ဟောတော်မူအံ့။ ကောင်းပါပြီ မြတ်စွာဘုရား။ လေးလေးစားစား နာခံမှတ်သားထားပါမည်။ ဤကဲ့သို့ သိင်္ဂါလသတို့သား တောင်းပန်လျှောက် ထားသောကြောင့် သိင်္ဂါလလုလင်ကိုအကြောင်း ပြု၍ ဤသိင်္ဂါလသုတ်ကို အိမ်ယာတည်ထောင် လူ့ဘောင်နေသူ လူတို့၏ လောကီအကျိုးစီးပွား အလို့ငှါ ဟောတော်မူခဲ့ပါသည်။ သူကြွယ်သား အရိယာသာဝကသည် ညစ်ညူး သော ကံလေးပါးတို့ကို ပယ်အပ်ကုန်၏။ လေးပါး သော အကြောင်းတို့ဖြင့် မကောင်းမှုကိုမပြု၊ စည်း စိမ်ပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲ။ ထို အရိယာသာဝကသည် ဤသို့တစ်ဆယ့်လေးပါး သော မကောင်းမှုမှကင်းသည်ဖြစ်၍ အရပ်ခြောက် ပါးတို့ကို လုံခြုံစေလျက် ပစ္စုပ္ပန် တမလွန် နှစ်တန် သော လောကကို အောင်မြင်နိုင်ခြင်းငှါကျင့်၏။ ထိုအရိယာသာဝက၏ ဤပစ္စုပ္ပန်လောကသည် လည်းကောင်း တမလွန်လောကသည်လည်း ကောင်း နှစ်သက်အပ်၏။ ထိုအရိယာသာဝကသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်း သောလားရာဖြစ်သော နတ်ပြည်လောကသို့ရောက် ၏။ ညစ်ညူးသော ကံလေးပါး ထိုအရိယာသာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်သနည်းဟူမူကား ၁။ သူ့အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏။ ၂။ မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူး သော ကံမည်၏။ ၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။ ၄။ မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသော ကံမည်၏။ ထိုအရိယာသာဝကသည် ဤညစ်ညူးသောကံ လေးပါးတို့ကို ပယ်အပ်ကုန်၏။ အကြောင်းလေးပါး အဘယ်လေးပါးသော အကြောင်းတို့ဖြင့် မကောင်း မှုကို မပြုသနည်းဟူမူကား ၁။ ဆန္ဒာဂတိ= ချစ်သဖြင့်မလိုက်အပ်သည်သို့ လိုက်၍ မကောင်းမှုကိုပြု၏။ ၂။ ဒေါသာဂတိ = မုန်းသဖြင့် မလိုက်အပ်သည်သို့ လိုက်၍ မကောင်းမှုကိုပြု၏။ ၃။ ဘယာဂတိ = ကြောက်သဖြင့် မလိုက်အပ်သည် သို့လိုက်၍ မကောင်းမှုကိုပြု၏။ ၄။ မောဟာဂတိ = မသိသဖြင့် မလိုက်အပ်သည် သို့ လိုက်၍ မကောင်းမှုကိုပြု၏။ သူကြွယ်သား စင်စစ်သော်ကား အရိယာသာဝက သည် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိသို့ မလိုက်မှားသောကြောင့်ဤလေးပါး သော အကြောင်းတို့ဖြင့် မကောင်းမှုကိုမပြုဟု ငါ ဘုရား မိန့်တော်မူ၏။ သူကြွယ်သား ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်း ခြင်းကြောင့်လည်းကောင်း ကြောက်ခြင်းကြောင့် လည်းကောင်းမသိခြင်းကြောင့်လည်းကောင်းတရား ကိုလွန်ကျူး၍ ကျင့်သောသူ၏ အခြံအရံ အကျော် အစောသည် လဆုတ်ပက္ခ လကဲ့သို့တစ်နေ့တစ်ခြား ဆုတ်ယုတ်၏။ သူကြွယ်သား ချစ်ခြင်းကြောင့်လည်းကောင်း မုန်း ခြင်းကြောင့်လည်းကောင်း ကြောက်ခြင်းကြောင့် လည်းကောင်း မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး၍ မကျင့်သောသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခလကဲ့သို့ တစ် နေ့တစ်ခြား ပြည့်စုံ၏။ စည်းစိမ်ပျက်ကြောင်း ခြောက်ပါး အရိယာသာဝကသည် အဘယ်ခြောက်ပါးသော စည်းစိမ်ပျက်ကြောင်းတို့ကို မမှီဝဲသနည်းဟူမူကား ၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက် ကြောင်းတည်း။ ၂။ အချိန်အခါမဲ့ ညအခါ၌ ခရီးသွားလာလေ့ရှိခြင်း သည် စည်းစိမ်ပျက်ကြောင်းတည်း။ ၃။ ပွဲလမ်းသဘင် ကြည့်ရှု့လေ့ရှိခြင်းသည်စည်းစိမ် ပျက်ကြောင်းတည်း။ ၄။ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။ ၅။ မကောင်းသော အဆွေခင်ပွန်းတို့နှင့်ပေါင်းသင်း လေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။ ၆။ ပျင်းရိလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်း တည်း။ အရပ်ခြောက်ပါး အမိအဘတို့သည် အရှေ့အရပ်မည်ကုန်၏။ ဆရာတို့သည် တောင်အရပ်မည်ကုန်၏။ သားမယားတို့သည် အနောက်အရပ်မည်ကုန်၏။ အဆွေခင်ပွန်းတို့သည် မြောက်အရပ်မည်ကုန်၏။ အစေအပါးအလုပ်သမားတို့သည် အောက်အရပ် မည်ကုန်၏။ သမဏဗြဟ္မဏတို့သည် အထက် အရပ်မည်ကုန်၏။ အိမ်ကို အုပ်စိုးသော အမျိုးကောင်းသားသည် ဤအရပ်ခြောက်ပါးတို့ကို ရှိခိုးရာ၏။ ကျော်စောသတင်းပျံ့သင်းကြောင်းတရား အကြင်သူသည် အရပ်မျက်နှာတို့ကိုရှိခိုးခြင်း၌ အလိမ္မာရှိ၏။ သီလနှင့်ပြည့်စုံ၏။ သိမ်မွေ့နက်နဲ သော ဉာဏ်ပညာရှိ၏။ နှိမ့်ချခြင်းရှိ၏။ ခက်ထန် ခြင်းမရှိ။ ထိုဂုဏ်အင်္ဂါနှင့်ပြည့်စုံသောသူသည် အကျော်အစောကို ရ၏။ အကြင်သူသည် ထကြွလုံ့လရှိ၏။ ပျင်းရိခြင်းမရှိ။ ဘေးရန်ဖြစ်လျှင် မတုန်လှုပ်။ မပြတ်အားထုတ် အပ်သော အသက်မွေးမှုရှိ၏။ အရာအားလျော်စွာ သိတတ်သော ပညာရှိ၏။ ထိုသို့သော သူသည် အကျော်အစောကို ရ၏။ အကြင်သူသည် ချီးမြှောက်တတ်၏။ အဆွေခင်ပွန်း ကောင်းကို ရှာတတ်၏။ ကျေးဇူးတရားကို သိတတ် ၏။ ၀န်တိုမှုမရှိ။ အကျိုးဆောင်တတ်၏။ အကြောင်း ပြ၍ ဆုံးမတတ်၏။ ခေါင်းဆောင်တတ်၏။ ထိုသို့ သော သဘောရှိသူသည် အကျော်အစောကိုရ သည်။ သင်္ဂဟတရားလေးပါး ကျင့်ဝတ်တရားတို့၌ ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ် သော စကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင် ခြင်း၊ ကိစ္စအားလျော်စွာ မိမိနှင့် ထပ်တူညီမျှဆက်ဆံ ခြင်းဟူသော ကျင့်ဝတ်တရားတို့သည် ရှိကုန်၏။ ထိုထိုပုဂ္ဂိုလ်၌ ထိုက်သည့်အားလျော်စွာ ထိုသင်္ဂဟ တို့သည် ဤလောက၌ သွားနေရသော ရထား၏ နားစောင့်ကဲ့သို့ ဖြစ်ကုန်၏။ သင်္ဂဟတရားမဲ့က အကျိုးမရ လောက၌ ထိုသင်္ဂဟတရားတို့သည် အကယ်၍မရှိ ကုန်အံ့။ အမိသည် သားပြုအပ်သော မြတ်နိုးခြင်း ကိုသော် လည်းကောင်း၊ ပူဇော်ခြင်းကိုသော်လည်း ကောင်း မရရာ။ အဘသည် သားပြုအပ်သောမြတ် နိုးခြင်းကိုသော်လည်းကောင်း၊ ပူဇော်ခြင်းကိုသော် လည်းကောင်းမရနိုင်ရာ။ ထိုသင်္ဂဟတရားတို့ကို ပြုအပ်၏ဟု ပညာရှိတို့မှတ် ယူကုန်သောကြောင့် ကြီးမြတ်သည့်အဖြစ်သို့ရောက် ကုန်၏။ ချီးမွှန်းလည်း ချီးမွန်းထိုက်ကုန်၏။ သိင်္ဂါလလုင် သရဏဂုံတည် ဥပါသကာဖြစ်ခြင်း ဤသို့မြတ်စွာဘုရား ဟောကြားတော်မူပြီးသောအခါ သူကြွယ်သား သိင်္ဂါလသည် မြတ်စွာဘုရားအားဤ စကားကို လျှောက်ထား၏။ အရှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အရှင်ဘုရား ဥပမာသော်ကား မှောက်ထား သည်ကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်း ထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကိုဖြင်ကြ ရလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာ လျှင် မြတ်စွာဘုရားသည် များစွာသောအကြောင်း တို့ဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်းကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ် ကို ယနေ့မှစ၍ အသက်ထက်ဆုံး ဘုရား တရား သံဃာ ကို ကိုးကွယ်ဆည်းကပ်တတ်သော သပါသကာဟုမှတ် တော်မူပါဟူ၍ လျှောက်ထားလေသတည်း။ မှတ်ချက် ။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ အကျဉ်းဖော်ပြသည်

Wednesday, March 12, 2014

တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ သိမှတ်ဖွယ်ရာများ

တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ သိမှတ်ဖွယ်ရာများ ============================== ======= ၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ အထိမ်းအမှတ်အဖြစ ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။ ၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပါသည်။ ၃။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်က ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်း ဖြစ်ကုန်ကြပါသည်။ ၄။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန်တန်ပြီ ဖစ်ကြောင်း လျှောက်ထားလေသည်။ ၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ) ဒေသစာရီ ကြွချီတော်မူပါသည်။ ( ဖြစ်ပေါ်လာသော အကျိုးဆက်များ ) မြတ်စွာဘုရား ကပိလ၀တ် နေပြည်တော်သို့ ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ-*နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။ *သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရ၀ဿမိုးကို ရွာသွန်းစေခြင်း။ *ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း။ *မဟာဓမ္မပါလ ဇာတ်တော်ကြီးကိုနာကြားရ၍ ခမည်းတော်ကြီး အနာဂါမ်တည်ပြီး နောင်အခါ အရဟတ္တဖိုလ်တည်ခြင်း၊ မိထွေးတော်ဂေါတမ သောတာပန်တည်ခြင်း၊ နောင်သောအခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့် ကြုံခြင်း။ *ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကြီး ဟောကြားခြင်း။ *ဇနပဒကလျာဏီ၏ ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။ *သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘ၀သို့ ရောက်ရှိခြင်း။ *သာကီဝင်မင်းမျိုးမှ မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ခြင်း။ *ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ-ဧတဒဂ်က ချီးမြှင့်တော်မူခြင်း။ *အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓ၀င် ဒေသနာကို ဟောကြားတော်မူခြင်း-စသော အကျိုးဆက်များ ဖြစ်ပါသည်။ ( ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ) နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ္ဘိက္ခ ဆာတကံ။ သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။ မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား-ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘု ရား၊ ပူလည်း မပူလွန်းလှပါဘုရား၊ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား၊ မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား၊ ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။ ( ရှင်အုန်းညို ရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ် ) လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွ တ်၊ ပို့ပေးတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။ အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။ တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။ ( မာဂဓီ သာစည်-၏ အခါတော်နေ့များမှ )

ဗုဒ္ဓ မြတ်စွာ ညွှန်ပြတော်မူသော ဆရာရှာနည်း

ဗုဒ္ဓ မြတ်စွာ ညွှန်ပြတော်မူသော ဆရာရှာနည်း ***************************** -" ဆရာ ရှာရမည်ဟူရာ၌ ယခုခေတ်တွင် ( ပုဂ္ဂိုလ် ) ကို ရှာဖွေနေသည်ကိုသာတွေ့ရသည် ။မြတ်စွာဘုရား ရည်ညွှန်းထားသော ဆရာဟူသည်.... (ယောဝေါ အာနန္ဒမယာ ဓမ္မောစ ဝိနယောစဒေသိတော ပညတ္တော သောဝေါ မမစ္စယေန သတ္တာ ) ... ...( မဟာ ပရိနိဗ္ဗာနသုတ် ပါဠိတော် - ၁၈၂) .."အာနန္ဒ- ချစ်သားအာနန္ဒာ l မယာ - ငါဘုရားသည်l ဝေါ- သင်ချစ်သားတို့အားl ယောဓမ္မောစ - အကြင်သုတ် , အဘိဓမ္မာကိုလည်းlဒေသိတော- ဟောတော်မူအပ်ပြီ l ယောဝိနယောစ - အကြင်ဝိနည်းကိုလည်းlပညတ္တော -ပညတ်အပ်ပြီ lသော - ထိုငါဘုရားဟောကြား ပညတ်အပ်သော သုတ်- အဘိဓမ္မာ - ဝိနည်းဓမ္မက္ခန္ဓာ တို့သည် lမမစ္စယေန- ငါဘုရားပရိနိဗ္ဗာန်ပြုပြီး၍ မရှိသည့်နောက် lဝေါတုမှာကံ - သင်ချစ်သားတို့အား l သတ္တာ- ဆုံးမမည့်ဆရာတို့ပင်တည်း။ "... - ဟုညွှန်ခဲ့ပေသည် ။ သုတ် ,ဝိနည်း, အဘိဓမ္မာ ဓမ္မက္ခန္ဓာပေါင်းရှစိသောင်းလေးထောင်တို့သည် ငါဘုရား ပရိနိဗ္ဗာန် ပြုပြီးသည့်နောက် ငါဘုရားဟောခဲ့သလို , ပြခဲ့သလို ,ပညတ်ခဲ့သလို ငါဘုရား၏ ကိစ္စတို့ကို ဆောင်ရွက်လိမ့်မည် ။ သို့အတွက် သင်တို့အားဆုံမမည့်, ညွှန်ပြမည့်ဆရာဟူ၍ မှတ်ယူရမည် ဟု-ဟောတော်မူထားသည်ကို ရှင်းလင်းစေရန် အဋ္ဌကထာ၏ ထပ်ဆင့် ညွှန်ပြချက် ကား... "တေန တေနာ ကာရေန ဣမေဓမ္မေ ဝိဘဇိတွာ ဝိဘဇိတွာ သုတ္တန္တပိဋကံ ဒေသိတံ l တံသကလမ္ပိ သုတ္တန္တပိဋကံမယိ ပရိနိဗ္ဗူတေ တုမှာကံ သတ္တုကိစ္စံ သာဓေဿတိ ။ လ ။ ဣတိ ဣမာနိ စတုရာသီတိ ဓမ္မက္ခန္ဓသဟဿာနိ တိဋ္ဌန္တိ l အဟံ ဧကောဝပရိနိဗ္ဗာယာမိ အဟဉ္စခေါပနဒါနိ ဧကောဝသြဝဒါမိ l အနုသာသာမိ l မယိပရိနိဗ္ဗူတေ ဣမာနိစတုရာသီတိ ဓမ္မက္ခန္ဓသဟ ဿာနိ တုမေ သြဝဒိဿန္တိ l အနုသာ သိဿာန္တိ " ...( မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ- ၁၈၃) ။ "တေန တေနာကာရေန - ထိုထိုသို့သော အခြင်းရာအားဖြင့် (မယာ - ငါဘုရားသည်) ဣမေဓမ္မေ -ဤသတိပဋ္ဌာန်သမ္မပ္ပဓာန် တရားတို့ကို l ဝိဘဇိတွာ -ဝိဘဇိတွာ - ဝေဖန်၍ ဝေဖန်၍ l ဒေသိတံ - ဟော အပ်၏ l သကလမ္ပိ - အလုံးစုံလည်းဖြစ်သောl တံသုတ္တန္တပိဋကံ -ထိုသုတ္တန်ပိဋကတ်သည် l မယိ - ငါဘုရားသည်l ပရိနိဗ္ဗုတေ - ပရိနိဗ္ဗာန်ပြုပြီးသည်ရှိသော် l တုမှာကံ -သင်ချစ်သာူတို့အားl သတ္တုကိစ္စံ - ဘုရားကိစ္စ( ဆရာကိစ္စ ) ကိုl သာဓေဿတိ - ပြီးစေလတ္တံ့။ လ ။ ဣတိ - ဤသို့ l ဣမာနိစတုရာသီတိ ဓမ္မက္ခန္ဓသဟဿာနိ - ဤ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတို့သည် l တိဋ္ဌန္တိ -တည်ရှိကုန်၏ l အဟံ - ငါဘုရားသည်l ဧကောဝ -တစ်ပါးတည်းသာလျှင် l ပရိနိဗ္ဗာယာမိ - ပရိနိဗ္ဗာန် ပြု၏ l ပန - စင်စစ်သော်ကားl ဒါနိဣဒါနိ - ဤယခုအခါ၌l အဟံ - ငါဘုရားသည်l တုမှေ - သင်ချစ်သားတို့ကိုl ဧကကောဝ - တစ်ပါးတည်းသာလျှင် l သြဝါဒါမိ - ဆုံးမ၏ l အနုသာသာမိ - ကံမြစ်၏ l မယိ - ငါဘုရားသည်l ပရိနိဗ္ဗုတေ - ပရိနိဗ္ဗာန်ပြုပြီးသည်ရှိသော်l ဣမာနိ စတုရာသီတိ ဓမ္မက္ခန္ဓသဟဿာနိ - ဤ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတို့သည် l တုမှေ -သင်ချစ်သားတို့အား l သြဝဓိဿန္တ - ဆုံးမကြကုန်လတ္တံ့" ...။ -မိမိတို့၏ သံသရာလွတ်ကြောင်းသတ်ပဋ္ဌာန်ကိစ္စ , မဂ္ဂင်ကိစ္စသည်( ဘုရား၏ တရားသာ) ဖြစ်သည်။* ထိုလုပ်ငန်းတို့ကိုပြုလုပ်အားထုတ်မည့်သူသည် ထိုလုပ်ငန်းတို့ကိုနည်းအမျိုးမျိုးဖြင့်သိအောင် ညဈန်ပြပေးသော (ဓမ္မက္ခန္ဓာ ဆရာ) ဘုရားတို့ကိုသာလျှင်မေးမြန်းလျှောက်ထားညှိနှိုင်းရမည်။ မိမိ မတတ်မသိက တတ်သိနားလည်သော ပုဂ္ဂိုလ်တို့သို့ဆည်းကပ်ရမည် ။ ထိုပုဂ္ဂိုလ် ( ကလျာဏ ) ၏ ဓမ္မက္ခန္ဓာနှင့် ညှိနှိုင်း ညွှန်ပြချက်ကိုသာလျှင် ဂရုဂါရဝဖြင့်လေးလေးနက်နက် နာခံမှတ်သားရမည်။ ဓမ္မက္ခန္ဓာ နှင့်မညှိနှိုင်းသော ... ***အထူမှာ ... "ကျုပ်တို့တော့ စာမတတ်ပါ " ဆို၍ လုပ်ငန်းစဉ်ကို ပြောပြရာ၌ ဓမ္မက္ခန္ဓာ ညွှန်ပြချက် နှင့် ကိုက်ညီပါက ထိုပုဂ္ဂိုလ်၏ ဟောပြမှုမျိုးကိုလည်း လိုက်နာအပ်ပေသည် ။ အဘယ်ကြောက့်နည်း။ ယခု ဘုရားမရှိတော့သည့်အခါတွင် ဘုရားဟောထားခဲ့သော ဓမ္မက္ခန္ဓာများသည် မိမိတို့ အလုပ်ဖြစ်ရန် ညွှန်ပြနေသော ( ဆရာများ )ဖြစ်သောကြောင့်ပေတည်း။ -အချို့တို့ကား ကာလာမ ( ကေသမတ္တိ ) သုတ်ပါ" မာပိဋက သမ္ပဒါနေန" ဟူသော ပုဒ်ကို အကောက်မှား၍ လည်းကောင်းပေါက်ကရ ပြောတတ်ပေရာ ဘုရားကို စွပ်စွဲ (ပြစ် ) အပြင်..ဓမ္မက္ခန္ဓာကိုလည်း တော်လှန် ( ပြစ် ) ဖြစ်နေသည့်အတွက် မည်သည့် တရားကို အားထုတ်၍ မှ မရနိုင်တော့ကြောင်း သတိထားဖို့ သင့်လေသည် ။ ------------- မူလ ဓမ္မာစရိယဆရာကြီးဦးကြည်

“(ပညတ်) သမ္မုတိ မပယ်ခြင်း အကြောင်း(၈)မျိုး

“(ပညတ်) သမ္မုတိ မပယ်ခြင်း အကြောင်း(၈)မျိုး” ၁။ အရှက်အကြောက်ပြခြင်းအကျိုးငှာ၊ ၂။ ကံသာလျှင် ကိုယ်ပိုင်ရှိသည်၏အဖြစ်ကို ပြခြင်းအကျိုးငှာ၊ ၃။ သီးခြားအလှူရှင်ကို ပြခြင်းအကျိုးငှာ၊ ၄။ အခြားမရှိသောကံများကို ပြခြင်းအကျိုးငှာ၊ ၅။ မြတ်သောနေခြင်းကို ပြခြင်းအကျိုးငှာ၊ ၆။ ရှေး၌ နေဖူးသော ဘ၀ကို ပြခြင်းအကျိုးငှာ၊ ၇။ အလှူ၏ စင်ကြယ်ခြင်းကိုပြခြင်းအကျိုးငှာ၊ ၈။ လူသားတို့ ပြောဆိုမှုကို မပယ်ခြင်းအကျိုးငှာ၊ ------- သမ္မုတိ(ပညတ်) ကို မပယ်ပါ။ အကျယ် ရှင်းလင်းချက် ----------------------------၁။ ခန္ဓာတွေက ရှက်တယ်၊ ကြောက်တယ်ဟု ပြောရင် သူတစ်ပါး နားမလည် နိုင်ပါ။ ယောက်ျားတွေက ရှက်တယ်၊ မိန်းမတွေက ကြောက်တယ်ဟု ပြောမှ သူတစ်ပါး နားလည်နိုင်သည်။ ဒါကြောင့်-လောကက သမုတ်ပြောဆိုနေကြ သော ယောက်ျား၊ မိန်းမဟူသော အသုံးနှုန်း စကားပညတ်ကို ဘုရားရှင် မ ပယ်ပါ။ ၂။ ခန္ဓာတွေက ကုသိုလ်ကံနှင့် အကုသိုလ်ကံတွေကို ပိုင်ဆိုင်ကြတယ် ပြုလုပ် ကြတယ်ဟု ပြောဆိုပါက သူတစ်ပါးမသိနားမ လည်နိုင်ပါ။ ယောက်ျား မိန်းမ တွေက၊ ဦးဖြူ+ဒေါ်မဲတို့က ကုသိုလ်ကံနှင့် အကုသိုလ်ကံတွေကို ပြုလုပ်ကြ တယ်ဟု ပြောမှ သူတစ်ပါး သဘောပေါက် နားလည်နိုင်ပါသည်။ ၃။ ခန္ဓာတွေက (သို့မဟုတ်) ခန္ဓာငါးပါးက ဇေတ၀န်ကျောင်းကို ဆောက်လုပ် လှူဒါန်းတယ်ဟု ပြောပါက သူတစ်ပါး သဘောမပေါက်၊ နားမလည်နိုင်ပါ။ အ နာထပိဏ်သူဌေးကြီးက ဇေတ၀န်ကျောင်းကိ ဆောက်လုပ်လှူဒါန်းတယ်ဟု ပြောမှ နားလည်နိုင်သည်။ ဒါယကာ/ဒါယိကာမအများထဲမှ တစ်ဦးတည်း ကျောင်းဆောက်လှူဒါန်းတဲ့၊ ထူးခြားတဲ့ ပုဂ္ဂိုလ်ကို ပြလိုသောကြောင့် - ဘုရား ရှင် သမ္မုတိ(ပညတ်)ကိုမပယ်ဘဲ ဟောကြား သုံးနှုန်းတော်မူပါသည်။ ၄။ ခန္ဓာတွေက အဖေကို သတ်တယ၊် အမေကို သတ်တယ်၊ ရဟန္တာကို သတ် တယ်၊ ဘုရားရှင်ကို သွေး စိမ်းကျအောင်လုပ်တယ်၊ သံဃာသင်းခွဲမှုကို ပြုလုပ် တယ်ဟု ပြောပါက သူတစ်ပါးတို့ နားမလည်နိုင်ပါ။ မောင်ဖြူက အဖေကို သတ် တယ်ဟု ပြောပါက သူတစ်ပါးတို့ နားမလည်နိုင်ပါ။ မောင်ဖြူက အဖေကို သတ် တယ်ဟု ပြောပါမှ သိရှိနားလည် သဘောပေါက်နိုင်ပါသည်။ ၅။ ခန္ဓာတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေဟု မေတ္တာပို့လျှင် သူတစ်ပါးတို့ နားမလည်နိုင်ပါ။ ယောက်ျား၊ မိန်းမ၊ သတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြ ပါစေဟု မေတ္တာပို့သမှသာ သူတစ်ပါးတို့ သိရှိနားလည်နိုင်ပါသည်။ မေတ္တာပို့ သည့်နေရာ၌ ခန္ဓာဟု မဆိုရ၊ သတ္တ၀ါ၊ လူ၊ နတ် စသည်ဆိုနိုင် ပြောနိုင်ပါသည်။ အသိမှား အမြင်မှား အယူမှား ဒိဋ္ဌိကပ်စရာအကြောင်း မရှိပါ။ ယောက်ျား၊ မိန်း မ၊ လူ၊ နတ်၊ ဗြဟ္မာ၊ ငါ-သူစသည်တို့ကိ ပါးစပ်မှပြောဆိုနိုင်ပါသည်။ *အပြော ကိစ္စမရှိ၊ ဒိဋ္ဌိ မကပ်။ တကယ်ထင် တကယ်စွဲရင် ဒိဋ္ဌိ ကပ်တတ်ပါ သည်။ ၆။ ခန္ဓာတွေက ရှေးဘ၀ကို အောက်မေ့နိုင်တယ်ဟု ပြောလျှင် သူတစ်ပါး နားမ လည်နိုင်ပါ။ ရဟန်းယောက်ျားတွေက ရဟန်းမိန်းမတွေက ရှေးဘ၀ကိုအောက် မေ့နိုင်တယ်ဟု ပြောဆိုပါက သူတစ်ပါး သဘောပေါက် နားလည်နိုင်ပါသည်။ ၇။ ခန္ဓာတွေက လှူတယ်၊ ဒါနပြုတယ်၊ သီလဆောက်တည်တယ်၊ခန္ဓာတွေက အလှူခံတယ်၊ ခန္ဓာတွေကသီလပေးတယ်၊ ခန္ဓာတွေက တရားဟောတယ်၊ တ ရားပြတယ်ဟု ပြောလျှင် သူတစ်ပါး နားမလည်နိုင်ပါ။ ယောက်ျားဒါယကာတွေ က လှူတယ်၊ ရဟန်းတွေက အလှူခံတယ်၊ ဦးဖြူက လှူတယ်၊ ဦးတိဿက အ လှူခံတယ်ဟု ပြောဆိုပါမှ သူတစ်ပါး နားလည် သဘောပေါက်နိုင်ပါသည်။ ၈။ လောကလူသားတို့ သမုတ်ပြောဆို သုံးစွဲနေသော လူ၊ နတ်၊ ဗြဟ္မာ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ သူ၊ ပုဂ္ဂိုလ် အသုံးနှုန်း ဝေါဟာရ စကားလုံးတို့ကို ဘုရား ရှင် ပယ်တော်မမူပါ။ ဒါတွေကိုပယ်လိုက်ရင် လောက၊ ဓမ္မနှစ်မျိုးလုံးမှာ ရော ထွေးနေသောကြောင့် - ၁။ လူအများ နားမလည်၊ မသိနိုင်ပါ။ ၂။ တွေဝေခြင်းသို့ ရောက်နိုင်တယ်။ ၃။ ရန်သူသဖွယ်လည်း ဖြစ်သွားတတ်တယ်။ *သမ္မုတိကျွံရင် ပရမတ်ဖြင့်နုတ်၊ ပရမတ်ကျွံရင် သမ္မုတိဖြင့်ထိန်း။ သင်္ကေတ၀စနံ သစ္စံ၊ လောကသမ္မုတိကာရဏာ။ ပရမတ္ထ၀စနံ သစ္စံ၊ ဓမ္မာနံ ဘူတကာရဏာ။ *သမုတ်အမှန်, အဟုတ်မှန်၊ အပြောအမှန်, အရှိအမှန်၊ နှစ်တန်ကွဲမှ လမ်းမ ချော်ပါ။ ဆောင်ပုဒ်။ ။ ဟိရိ- ကမ္မ- ပုရိသ-အာ၊ဗြဟ္မာ-ပုဗ္ဗေ၊ ဒက္ခိဏေနှင့်၊ လောက သမ္မုတိ၊ ရှစ်ပါးရှိ မှတ်ဘိမပယ်ရာ။ ဘုရားရှင်သည် ပညတ်ကို အခါခပ်သိမ်း မပယ်ပါ၊ ၀ိပဿနာအရာမှာသာ ပယ် တော်မူပါသည်။ လောကကြီးနှင့် ဘယ်သောအခါမှ ဘုရားရှင် ငြင်းခုံ ဆန့်ကျင် ဘက် ပြုတော်မမူပါ။ လောကကြီးထဲမှာ ဖြစ်ပေါ်နေတဲ့အတိုင်း သဘာဝအမှန် တွေကို အမှန်တကယ် သိအောင် ဖော်ထုတ် ရှင်းပြခြင်းသာ ပြုတော်မူပါတယ်။ အကာပေါ်၊ အခေါ်အဝေါ်ပေါ်မှာ သောင်မတင်ဘဲ အနှစ်သာရ သဘာဝအမှန် ပေါ် ဉာဏ်ရောက်အောင် တင်ပေးခြင်းသာ ဖြစ်ပါတယ်။ မုံရွာအရှင်ပဏ္ဍိတ (ဒွိပိဋကဓရ) (ရန်ကုန်မြို့ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ မဟာနာယက) credit to> Buddhavasa Tiloka

“တပေါင်းလ သဲပုံစေတီတော်ပွဲ” သဲပုံစေတီတော် ပေါ်ပေါက်လာပုံ

“တပေါင်းလ သဲပုံစေတီတော်ပွဲ” သဲပုံစေတီတော် ပေါ်ပေါက်လာပုံ ============================== ======= သဲပုံစေတီပွဲ ဆင်နွှဲကြပုံအကြောင်းကို ဗုဒ္ဓစာပေမှ ပြန်ပြောင်းကြည့်ရလျှင် ဟိမဝန္တာအနီး ယမကတောင်၌ တပည့်အပေါင်း ၁ သောင်း ၄ ထောင် အခြံအရံရှိသည့် ပုလိနထူပိယ(သဲပုံစေတီပြုလုပ်ကိုးကွယ်ခဲ့သည့်) မထေရ်လောင်းလျာ နာရဒရသေ့ကြီးက “ အော်…တပည့်အပေါင်း ၁သောင်း ၄ထောင်တို့မှာတော့ ငါတည်းဟူသော လေးစားကိုးကွယ်ရာ ဆရာရှိကြတယ်၊ ငါ့မှာတော့ ရိုသေလေးစားအားထားကိုးကွယ်ရာ ဆရာသမားကင်း၍ နေတယ်၊ ဤသို့ဆရာသမား ကိုးကွယ်အားထားစရာ ကင်း၍ နေရခြင်းသည် လောကကြီးတစ်ခုလုံးမှာ ဆင်းရဲစရာတစ်ခုဘဲ ဟု ရသေ့ကြီးက တစ်ယောက်တည်းကိန်းအောင်းနေစဉ် စဉ်းစားနေမိသည်။ ဒုက္ခော ပနာယံ လောကေ၊ ယဒိဒံ အဂရုဝါသော။ လောကေ-လောကကြီး၌၊ ယဒိဒံ-အဂရုဝါသော-အလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ အတ္ထိ-ရှိ၏။ အယံ-ဤအလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ မေ-ငါ့အား၊ ဒုက္ခော-ထောက်တည် ရာနည်းလှ ဆင်းရဲစွတကား။ တဲ့။ ထိုကဲ့သို့ ရသေ့ကြီးက ငါအလေးဂရုပြု ပူဇော်ထိုက်သော ဆရာသမားကို ရှာမည်ဟု အကြံရပြီးနောက် ကျောင်းသင်္ခန်းအနီးရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီတစ်ဆူ တည်ထားလေ၏။ ထို့ပြင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခဲ့ကြကုန်သော ဂင်္ဂါဝါဠုသဲစုမကသော ဘုရားရှင်တို့၏ စေတီပုထိုးတော်တို့သည် ဤသဲပုံစေတီတော်ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ဘုရားစေတီနိမိတ်အာရုံယူလျှက် ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် စေတီတော်ကို ထီးတင်ပူဇော်ခဲ့၏။ သဲပုံစေတီတော်ကို သက်တော်ထင်ရှား မြတ်ဘုရားအမှတ်ဖြင့် အာရုံယူကာ ညဥ့်နံနက်တိုင်း ရှိခိုးပူဇော်ခဲ့၏။ သာယံ ပါတံ နမဿာမိ၊ ဝေဒဇာတော ကတဉ္ဖလိ၊ သမ္မုခါဝိယ သမ္ဗုဒ္ဓံ၊ ဝန္ဒိံ ၊ ပုလိန ထူပိယံ။ အဟံ-နာရဒမည်သော ငါရသေ့သည်၊ ပုလိနစေတိယံ- ဓာတ်တော်မလှုံ သဲပုံစေတီတော်ကို၊ သမ္မုခါ- မျက်မှောက်တော်၌၊ သမ္ဗုဒ္ဓံ ဝိယ- သက်တော်ထင်ရှား သဗ္ဗညုမြတ်ဘုရားကဲ့သို့၊ ဝေဒဇာတော- ဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ သာယံပါတံ-ညဥ့်နံ နက်၊ ကတဉ္ဖလိ- ချီအပ်သောလက်အုပ်ရှိသည်ဖြစ်၍၊ နမဿာမိ- ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် ရွှင်လန်းပူဇော်ပါ၏။ ဝန္ဒိံ-ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပူဇော်ခဲ့လေပြီ။ (အပါဒါန် ၂၊ စာမျက်နှာ ၇၉၊ ၈၁၊ နှင့် ပုလိနထူပိယမထေရ် အကြောင်း ဖော်ပြထားရာ ထေရဂါထာ အဌကထာ ၁- စာမျက်နှာ ၃၂၆-၃၂၇ လည်း ရှု့ပါ။)။ ထို့ပြင် ပုလိနုပ္ပါဒက ထေရအပါဒါန်၌လည်း သဲပုံစေတီဖြစ်ပေါ်လာပုံအကြောင်း တစေ့တစောင်းတွေ့ရ၏။ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းကာလ ဒေဝလအမည်ရှိ ရှင်ရသေ့သည် ဟိမဝန္တာတောဝယ် နတ်တို့ဖန်ဆင်းပေးအပ်သော ကျောင်းသင်္ခန်း၌ အလုပ်အကျွေး အခြံအရံမြောက်များစွာဖြင့် သီတင်းသုံးနေစဉ် အခါတစ်ပါး၌ မြစ်ကမ်းနဘေး သဲသောင်ပြင်မှာ သဲများကို စေတီပုံပြု သဲပုံစေတီထုကာ ရရာတောပန်းပန်းမျိုးစုံဖြင့် တည်ထားပူဇော်ခဲ့လေသည်။ ယင်းစေတီ၌ သက်တော်ထင်ရှား ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြုကြည်ညိုကာ ပူဇော်ကာ မိမိသီတင်းသုံးရာ ကျောင်းသင်္ခမ်းသို့ ပြန်လာခဲ့၏ ။ သူ၏တပည့်အပေါင်းတို့က သဲပုံစေတီတည်ထား ပူဇော်ရကြောင်းစုံလင်ကို မေးကြသောအခါ ဆရာရသေ့ကြီးက 'ရှေးဟောင်းကျမ်းများ၌ အခြံအရံများစွာရှိသော သဗ္ဗညု ဘုရားရှင်ကို ညွှန်ပြထားလေသည်။ ထိုဘုရားရှင်ကို ရည်မှန်းပြီး သဲပုံစေတီကို ငါရှိခိုးပူဇော်သည် ဟု မိန့်ကြားခဲ့လေ၏။ တပည့်အပေါင်းတို့နှင့် ဆရာရသေ့ကြီးသည် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် သဲပုံစေတီကို အကြိမ်ကြိမ် ပူဇော်ခဲ့ကြဖူးလေသည်။ သဲပုံစေတီတည်ထားပူဇော်ရကျိုးကို အပါဒါန်ပါဠိ၁၊ စာမျက်နှာ ၈၉ ၌ အောက်ပါအတိုင်း ပြဆိုထား၏ ။ ထူပဿ ပရိစိဏ္ဏတ္တာ၊ ရဇောဇလ္လံ န လိမ္ပတိ။ ဂတ္တေ သေဒါ န မုစ္စ န္တိ ၊ သပဘာသော ဘဝါမဟံ။ ဆိုလိုသည်မှာ သဲပုံစေတီမြတ်ကို ရိုသေလေးမြတ် အဆက်မပြတ် ဆည်းကပ်ပူဇော် အလေ့ကျင့် များခဲ့လေသောကြောင့် မြူအညစ်အကြေး ဂျေးအညော်သည် ငါ၏ကိုခန္ဓာမှာ လိမ်းကြံကပ်ငြိ ခင်းမရှိပါ၊ ငါ၏ ကိုခန္ဓာမှ နံစော်ညစ်ထေး ပူအိုက်သော ချွေးတို့သည်လည်း ဘယ်သောအခါမှ မထွက်ပါ။ ငါ၏ ကိုယ်သည် အဆင်းအရောင် ပြောင်ပြောင်ဝင်းဝင်း လှပခြင်းရှိလျှက ဘဝသံသရာကျင်လည်ခဲ့ရပါ၏။ တဲ့။ ထိုကဲ့သို့ ပုလိနထူပိယမထေရ်က ရဟန္တာဖြစ်ပြီးနောက် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအနေဖြင အပါဒါန်မှာ ပြန်ပြောင်းဟောထားခဲ့ပေသည်။ ဗုဒ္ဓစာပေမှာ (၁) ဓာတုစေတီ- မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို တည်ထားကိုးကွယ်တော်မူခြင်း၊ (၂) ဓမ္မစေတီ-မြတ်ဗုဒ္ဓဟောဖော်ပြသည့် တရားဓမ္မ ပိဋကတ်တော်များကို ကိုးကွယ်ခြင်း၊ (၃) ဥဒ္ဒိဿစေတီ- ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး သက်တော်ထင်ရှားကဲ့သို့ အာရုံပြုကိုးကွယ်ခြင်း (၄) ပရိဘောဂစေတီ- မြတ်ဗုဒ္ဓ၏ သုံးတော်မူခဲ့သည် ပရိက္ခရာ စသည်များကို တည်ထားကိုးကွယ်ခြင်း ဟု လေးမျိုးရှိရာတွင် ဤသဲပုံစေတီတော်သည် ဂုဏ်တော်ထုံမွှမ်းပုံတော်မှန်းပြီး တည်ထားကိုးကွယ်အပ်သော ဥဒ္ဒိဿစေတီ ပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးအရေးကြီးသည်မှာ ကြည်ညိုစိတ်ထားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသည်ဖြစ် ထင်ရှားမရှိတော့သည်ဖြစ်စေ စိတ်ထားတူပါက အကျိုးလည်း တူညီသောအကျိုးရရှိပါသည်။ တိဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံဖလံ။ စေတောပဏိဓိ ဟေတုဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။ (ဓမ္မပဒ) သက်တော်ထင်ရှား မြတ်ဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန်စံတော်သွား ကိုယ်စား ရုပ်ပွားဆင်းတုေ တာ် သဲပုံစေတီ ပုထိုးအမျိုးမျိုး၌လည်းကောင်း ရိုသေလေးမြတ် သဒ္ဓါရောင်ဖိတ် ကြည်ညိုစိတ်သည် တူညီခဲ့သည်ရှိသော် လူနတ်နိဗ္ဗာန်သုံးတန်ထင်ရှား အကျိုးတရားသည် မပိုမသာ တူညီမျှပါ၏။ မှန်၏ ။ စိတ်ကိုကောင်းစွာထားတတ်ခြင်းဟူသောအကြောင်းကြောင သို့မဟုတ် စိတ်ဓာတ်၏ ကောင်မြတ်ခြင်းဟူသောအကြောင်းကြောင့် လူနတ်ဗြဟ္မာသတ္တဝါ တို့သည် ကောင်းရာသုဂတိသို့ မှန်စွာရောက်ကြေ လ၏ ။ အထက်ပါဂါထာကို ထောက်ဆသောအားဖြင သက်တော်ထင်ရှားဘုရားများနှင့် စေတီပုထိုးတို့အ ပေါ် ကြည်ညို စိတ်ထားတူညီစွာ ထားတတ်ဖို့ အလွန်ပင်အရေးကြီးလှပါသည်။ သို့မှသာလျှင် အကျိုးပေးတူညီပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ရုပ်ပွား စေတီပုထိုး အမျိုးမျိုးတို့ကို ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျှက် ပူဇော်ကာ ဗုဒ္ဓါနုဿတိ ဘာဝနာများ ပွားများနိုင်ကြပါစေကုန်တည်း။ သုံးလူဘမင်း၊ အာရုံသွင်း၊ ထင်လင်းပေါ်အောင်ပြု။ လျောင်းတော်မူ၌၊ ဝတ်ပြုခိုက်၊ ဆိုက်မြိုက်ဂုဏ် တော်ရှု့။ စေတီရုပ်ပွား၊ ဆင်းတုများကို ဝတ်တွားကြည်ညို၊ များလူဗိုလ်၊ ထိုထိုနည်းမှီပြု။ အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ) နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ

Thursday, March 6, 2014

ဓာရဏ ပရိတ်တော်

ဓာရဏပရိတ်တော်

ဓာရဏသုတ်တော်( ဖြစ်စဉ်)

ဂေါတမ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။

ဓာရဏ ပရိတ်တော်တွင် ၀ိပဿိ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ……ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဂုဏ်တော် ကျေးဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါ သတည်း။

တိုက်တွန်းချက်။ ။ ဓာရဏပရိတ်တော်သည မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်မျိုး မရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌ သော်မှ ဤ ဂုဏ်သတ္တိမျိုး မရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော်တို့ကို ချီးကျူး ပူဇော်ခြင်းပင် ဖြစ်သည်။

ကောင်းမြတ်သော စေတနာဖြင့် တာဝန် ၀တ္တရားများကို ထမ်းဆောင်နေသူ အားလုံးတို့သည် ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင် သည်။ အ,ကာလ မရဏနှင့် မတွေ့ကြုံရ-မတွေ့ ကြုံနိုင်။

အ,ကာလ မရဏ ဆိုသည်မှာ သူတစ်ပါး လက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ ကျားကိုက် သေရခြင်း၊ ချောက်ကမ်းပါးက သေရခြင်း၊ ကားမှောက်၍ သေရခြင်း စသည့် ဥပစ္ဆေဒက ကံကြောင့် သေရခြင်းမျိုးများကို ဆိုသည်။ ဓာရဏ ပရိတ်ကို ရွတ်ဖတ်သူမှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက်သည်။

သတ္တ၀ါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာ ဖြစ်သည်။ အ,ကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒက ကံကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုသည်။ ဖြစ်မြဲ ဓမ္မတာအရ သေချိန်ကျမှသာ သေရသည်။

ရှင်းပြပါဦးအံ့-သေရခြင်း လေးမျိုးရှိသည်။ (၁) အသက်တမ်း ကုန်၍ သေရခြင်း “အာယုက္ခယမရဏ”၊ အသက်တစ်ရာတမ်း၌ အနှစ်တစ်ရာ ပတ်ဝန်းကျင်မျှသာ နေကြရသည်။ မြတ်စွာဘုရားသော်မှ အနှစ် ၈၀-သာ နေရသည်။

(၂) ကံကုန်၍ သေရခြင်း “ကမ္မက္ခယမရဏ”။ မိမိ ကုသိုလ်ကံအလျောက်သာ နေရသည်။ ကံကုန်လျှင် အရွယ် ကောင်းတုန်း၌လည်း သေရသည်။ နို့စို့ အရွယ် စသည်၌လည်း သေရသည်။

(၃) သက်တမ်းနှင့် ကံ ၂-ပါးလုံး ကုန်၍ သေရခြင်း “ဥဘယက္ခယမရဏ”။

(၄) အထက် မရဏ ၃-မျိုးမှ တစ်ပါး အခြားပယောဂ တစ်ခုခုကြောင့် သစ်စိမ်းချိုး ချိုးဖြတ်သကဲ့သို့ သေရခြင်းမျိုး “ဥပစ္ဆေဒက မရဏ” ဟူ၍ သေရခြင်းမျိုး ၄-မျိုးရှိသည်။

ပထမ သေခြင်း ၃-မျိုးကို ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သော်မှ မလွန်နိုင်။ ယင်း မရဏ ၃-မျိုးမှာ သေရိုး သေစဉ် ဓမ္မတာ မရဏ ဖြစ်သည်။

ဥပစ္ဆေဒက မရဏကို အ,ကာလမရဏ ဟု ခေါ်သည်။ သေချိန် မရောက်သေးဘဲ သေရခြင်းသည် အ,ကာလ မရဏ ဖြစ်သည်။ ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ခြင်း အားဖြင့် အ,ကာလ မရဏကို တားမြစ် ပယ်ဖျောက်နိုင်သ ည်။ စေတနာ ဖြူစင်သူတို့ အ,ကာလ မရဏမှ ကင်းလွတ်ကြပါစေသော်။

ဓာရဏသုတ် (ပါဠိတော်) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗံ ၀စီကမံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗံ္ဗ မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ။

၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ၊ နတ္ထိ ရ၀ါ၊ နတ္ထိ အ,ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အ,ဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂၢိ န ဍေဟယ်၊ နာနာဘယ၀ိကော၊ န ဧကာဟာရကော၊ နဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အ,မနုေဿဟိ န ဟိံသကာ။

၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ,၀တ္တေ၊ ဂန္ဓဝေ အ,ဂန္ဓဝေ၊ နောမေ အ,နောမေ၊ သေဝေ အ,သေဝေ၊ ကာယေ အ,ကာယေ၊ ဓာရဏေ အ,ဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ။ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဓာရဏသုတ် (မြန်မာပြန်)

၁။ မြတ်စွာဘုရားတို့၏ အသက်၏ ဘေးအန္တရယ်ကို တစ်စုံတစ်ယောက်သော သူသည် ပြုခြင်းငှာ မတတ်နိုင်။ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေသတည်း။

၂။ ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီးသော အဖို့၌ /နောင်လာလတ္တံသော အနာဂတ်အဖို့၌ / ပစ္စုပ္ပန် မျက်မှောက် ဖြစ်သော အဖို့၌ အတားအဆီးအပိတ်အပင် မရှိသော ဥာဏ်တော်သည် ဖြစ်၏။

၃။ သုံးပါးကုန်သော ဤကျေးဇူးတရားတော်တို့နှင့်ပြည့်စုံတော်မူသော ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အလုံးစုံသော ကိုယ် / နှုတ် / နှလုံး ဖြင့်ပြုလုပ်သော အမှုသည် ဥာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်။ ဥာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည် ဖြစ်၏။

၎။ ခြောက်ပါးကုန်သော ဤ ကျေးဇူးတရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား သတ္တ၀ါတို့၏ အကျိုးစီးပွားကိုပြုလိုသော ဆန္ဒတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ တရားတော်ကို ဟောပြောခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း ၌ လုံ့လ၀ီရိယတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာ သုံးပါးဖြင့် ရှုမှု ဥာဏ်တော်၏ ဆုတ်ယုတ်ခြင်းသည မရှိ။ စိတ်တည်ကြည်မှု သမာဓိတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ အရဟတ္တဖိုလ်ကို ၀င်စားတော် မူခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။

၅။ တစ်ဆယ့်နှစ်ပါးကုန်သော ဤကျေးဇူးတရားတော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည် မရှိ။ သတိလွတ်၍ ချွတ်ယွင်းပြောဆိုခြင်းသည် မရှိ။ ဥာဏ်တော်ဖြင့်မတွေ့မထိ မသိအပ်သောတရားသည် မရှိ။ဥာဏ်ဖြင့် မဆင်မခြင် အဆောတလျင် ပြုသောအမှုသည် မရှိ။ သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည် မရှိ။ ဥာဏ်ဖြင့် မဆင်မခြင် လျစ်လျူရှုသောအမှုသည် မရှိ။ တစ်ဆယ့် ရှစ်ပါးကုန်သော ဤ ကျေးဇူးတရားတော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက် ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏ ။ ခုနှစ်ဆူကုန်သော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။

၆။ ၀ိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား ကိုယ်ဖြင့်ပြုလုပ်သောမကောင်းမှု ” ကာယဒုစရိုက် ” /နှုတ်ဖြင့်ပြုလုပ်သော ” ၀စီဒုစရိုက် “/ စိတ်ဖြင့် ပြုလုပ်သော” မနောဒုစရိုက် ” / သည် မရှိ။ လွန်လေပြီးသော အဖို့ကာလ/နောင်လာလတ္တံသော အဖို့ကာလ /မျက်မှောက်သော အဖို့ကာလ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ဆီးတားပိတ်ပင်ခြင်းရှိသော ဥာဏ်တော်သည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံသော ကိုယ်/ နှုတ် /စိတ် သုံးပါး ဖြင့်ပြုလုပ်သောအမှုသည် ဥာဏ်တော်လျှင် ရှေ့သွားမရှိခြင်းသည် မရှိ။ ဥာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် မနှိုင်းယှဉ်အပ် ။ တူမျှခြင်းလည်းမရှိ။ ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ မိုခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်းရာလည်း ဖြစ်၏၊ သံသရာဘေးကိုကြောက်ရွံသော သူတို့၏ အလွန်မြတ်သော အရံအတားဖြစ်၏။ ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတားဖြစ်၏။

၇။ ချစ်သားအာနန္ဒာ ဤတန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏပရိတ်တော်ကိ ရွတ်ဆောင်လော့။ မှတ်သားလော့။ မေးမြန်းစူးစမ်း ဆင်ခြင်လော့။ ထိုသို့ ရွတ်ဆောင်မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သော သူ၏ ကိုယ်၌ မြွေနဂါး စသည်တို့၏ အဆိပ်သည် မကျရောက်နိုင်။ ရေ၌ မငြိတွယ် မနစ်မွန်းရာ။ မီးသည် မလောင်ကျွမ်းရာ။ အထူးထူး အပြားပြား များစွာသော ဘေးရန်တို့သည် မထိရောက်နိုင်ရာ။ မကောင်းကြံသောသူသည်လည်း မကြံနိုင်ရာ။ ရူးသွပ် ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ။ တွေဝေမိုက်မဲသောအနာလည်းမဖြစ်နိုင်ရာ။ လူတို့သည် လည်းကောင်း၊ ဘီလူးတို့သည် လည်းကောင်း မညှဉ်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။

၈။ ထိုဓာရဏပရိတ်တော်သည် အဘယ်သည်တို့နည်း ဟူမူကား စကြ၀ဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ဘေးရန် အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်းပယ်ေ ဖျာက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ် ၊ သိကြား ၊ နဂါး ၊ ဂဠုန် ၊ ကုမ္ဘဏ် ၊ ဘီလူး ၊ ရက္ခုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နဲ့တူသော ဘုန်းတန်းခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသော သူဟုဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းတို့ကိုလည်း ပယ်ရှားတားမြစ်နိုင်၏။ ကပ်သုံးပါးတို့မှ ကင်းလွတ်စေနိုင်၏။ အမိဝမ်းတွင်း၌ ပိသန္ဇေ နေသော်လည်း အ,ခြင်း ၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရှုးသွပ်ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်၏။ သစ်ပင် တောင်ကမ်း ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ။ မရသေးသော စည်းစိမ်ချမ်းသာ ၊ ဥစ္စာရတနာ အပေါင်းတို့ကိုလည်း ရစေနိုင်၏။ ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်း တို့ကိုလည်း ကြီးကျယ်ပြန့်ပွားများစေ၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပျောက်၍ အလင်းရောက်နိုင်၏။

၉။ ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုေ ကုန်သော ဘုရားရှင်တို့သည် ဟောတော်မူအပ်ပြီ ။ မကောင်းသဖြင့် ကြံသော သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား ၊ လှံ ၊ လေး ၊ မြှား ၊ လက်နက် မီးပေါက်အမြှောက အစရှိသော ဘးတို့သည်လည်း မထိရောက်စေနိုင် ။ မန္တန်၊ မန္တရားဂါထာ၊ အင်းအိုင် တို့သည်လည်း ထက်မြက်စေနိုင်၏။ ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်စေနိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုး တို့သည်လည်း မထိရောက်နိုင်။ ကြိုး၊ ထိပ်၊ သံခြေကျင်း ၊ ကပ်ဖိ၊ တွင်းလှောင်၊ ပင်းသကား၊ လည်ထောက် ကိုလည်း လွတ်စေနိုင်၏။ ဤမှန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း သင့်အား ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

ဓာရဏပရိတ်တော် (ရွတ်ဖတ်ခြင်း၏အ ကျိုးကျေးဇူး) ဓာရဏသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပွားများ သရဇ္ဈာယ်ပါက ဘေးရန် ကင်းရှင်းပါသည်။ အခြားသော ရန်သူ၊ မနာလိုသူများက ရန်ပြုခြင်း၊ ဆေးပါးခပ်ခြင်း အဆိပ်ခပ်ခြင်းတို့မှ ကင်းဝေးစေပါသည်။ မြွေ၊ ကင်းစသော အဆိပ်ပြင်းထန်သော သတ္တ၀ါတို့၏ ကိုက်ခဲ ရန်ပြုခြင်းဘေးမှ ကင်းဝေးစေပါသည်။