Tuesday, June 17, 2014

" ပြောင်းဖူးဆို မပြုတ်နဲ့ ဖုတ်မယ် ကင်မယ်"






♪ … ♫   ဖုတ်ချင်ဖုတ် … ကင်ချင်ကင် … ပြုတ်တာကိုတော့ ဒို့မကြိုက်ဘူး ♪ … ♫
♪ … ♫   ပြောင်းဖူး … ပြောင်းဖူး …  ♪ … ♫

အခုတလော ကျောင်းထဲကကျောင်းသားအများစု၏ ပါးစပ်ဖျားတွင် စာချိုးလိုလို၊ကဗျာတစ်ပိုင်းတစ်စလိုလို စာသားလေးက ရေပန်းစားနေသည်။ကျောင်းသားတွေ ဆိုဖန်များသော် ကြာတော့ ကျောင်းသူတွေပါနားရည်ဝပြီး လိုက်ဆိုကြကုန်သည်။ စာသားကလည်း ရွတ်လို့ဆိုလို့ကောင်းသည်ကိုး။အနှီစာချိုးလေး ပေါ်ပေါက်လာပုံကလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရသူတို့အဖို့ ဟာသဖြစ်ရပ်တစ်ခုလို ရယ်မောဖွယ်ရာပင်။ထိုမြင်ကွင်းကိုမြင်တွေ့ခဲ့ကြသူများမှ တဆင့်တဆင့်ပြန်ပြောကြရင်း အဆိုပါစာချိုးလေးက ကျောင်းဝန်းထဲတွင် နာမည်ကြီးသွားခြင်းပင် ဖြစ်ပေတော့သည်။
ထိုနေ့မနက်စောစောက ကျောင်းအုပ်ကြီး ဦးဘအုပ်တစ်ယောက် ကိစ္စတစ်ခုဖြင့် အလုပ်ရှုပ်နေချေသည်။ မိမိအလုပ်ကို တိကျသေချာစေရန်အလို့ငှာ မည်သည့်တပည့်လက်သားကိုမှ မခိုင်းစေဘဲ ကိုယ်တိုင်စာစီ၊ကိုယ်တိုင်စာရိုက်ပြီး ကျောင်း၏ Notice Board တွင် ညွှန်ကြားစာတစ်စောင်ကို ကိုယ်တိုင်ကိုယ်ကျ ကပ်နေခြင်းဖြစ်၏ ။

ထို့အပြင် ပါးစပ်မှလည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့်
“ အေး  … မင်းတို့တွေ နောင်ကို ဆူဆူပူပူလုပ်မယ်ကြံရင် ကျောင်းအုပ်မှာ မိုးပေါ်ထောင်ပစ်စရာ  လက်နက်တော့မရှိဘူး ကျောင်းက ထုတ်ပယ်တာတော့ လုပ်လို့ရတယ် … ဟွင်း … ဟွင်း “
“ ဘအုပ်တို့က မိုးထိအောင်လှေကားထောင်တက်ခဲ့ပြီးမှ ရာထူးအပြုတ်တော့မခံနိုင်ဘူး …  ညွှန်ကြားချက်အရ ဆူဆူပူပူလုပ်တဲ့ မင်းတို့တွေကိုပဲ အရင်ဆုံးကျောင်းထုတ်ပြမယ်ကွ… ငှင်း …ငှင်း … ငှင်း “
ဟု တစ်ကိုယ်တည်း ကြွေးကြော်ရေရွတ်နေလေသည်။

အဲဒီနေ့မှာပဲ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဟု ဆိုရမလောက်ပင်။ ကျောင်းအရှေ့ဘက်မျက်နှာစာ စားသောက်ဆိုင်တန်းအနီးတွင် အပြင်မှ ဈေးလာရောင်းသော ဈေးသည်အမျိုးသမီးတစ်ဦး တောင်းတစ်လုံးအရှေ့ချကာ တစုံတရာကို အော်ဟစ်ရောင်းချနေလေသည် ။ တောင်းထဲမှာကား ပြောင်းဖူးပြုတ်တွေက အငွေ့တထောင်းထောင်း ထ၍နေချေ၏ ။ ကျောင်းအနီးမှာ ပြောင်းဖူးပြုတ် လာရောင်းသည်က ပြသနာမဟုတ်သော်လည်း ထိုအမျိုးသမီး၏ အော်ပုံအော်ပေါက်က ပြသနာပင်တည်း။Channel 7 ရဲ့ အိမ်မက်ဆုံရာအစီအစဉ်ထဲက ဒိုင်လူကြီးမင်းများလေသံနှင့်ပြောရရင် ပြောင်းဖူးပြုတ်သည်အော်တဲ့အသံက Pitch ကလည်းယိုင် အဖြတ်အတောက်ကလည်း မမှန်တော့ ဦးဘအုပ်နှင့် တွေ့လေ၏။