Wednesday, November 20, 2013

“အပေါ်စက်အောက်စက်နဲ့ပြတဲ့ ဗွီဒီယိုရုံကလေး”

ပစ္စုပ္ပန်တွင် မပျော်မွေ့သည့်အခိုက်အတန့်၌ အတိတ်သို့ပြန်လည်လွမ်းမောတတ်သည်မှာ လူတို့၏ သဘာဝပင်။နေ့စဉ်နေ့တိုင်း ရုပ်ဝတ္ထုပစ္စည်းများ၏ ဆွဲဆောင်ရာနောက်သို့ အဆုံးမရှိလိုက်ပါကြတော့ လူ့ဘဝအမောများနှင့်တွေ့ရကြုံရသည်ပေါ့။ ထိုသို့ဘဝရေဆန်ကိုဖြတ်သန်းကူးခတ်ရင်း တစ်ခါတရံတွင် လက်ပန်းကျသလိုမျိုး လူတိုင်းခံစားဖူးကြမည်ဟု ထင်သည်။ယနေ့ခေတ်အခါကလည်း ရုပ်ဝတ္ထုတွေက ပေါများလာသလောက် လူတို့၏စိတ်ဓါတ်တွေက နိမ့်ကျလာကြသည်။ ဘဝမှာရပ်တည်မှု တစ်နေရာအတွက် တွန်းရတိုက်ရဖြင့် ရုန်းကန်မှုတွေကလည်း များပြားလှသည်။ ထိုအခါ လက်ရှိမွန်းကျပ်မှုများဆီမှ  ခေတ္တဖယ်ခွါပြီး အတိတ်ကိုပြန်တမ်းတကြသည်။
♫ …♪…♫…♪  ”ငယ်စဉ်က ကလေးတို့ဘဝဟာ ပျော်ပါးဖို့ရာ လွယ်ပါတယ်” ♫ …♪…♫…♪  
ဟူသော စိုင်းထီးဆိုင်သီချင်းကို တိုးတိုးလေးငြီးတွားကာ ငယ်ဘဝသို့သာ ပြန်သွားလိုကြတော့သည်။ ငယ်ဘဝဆိုသည်က လွတ်လပ်ပေါ့ပါးသည်။အပူအပင်ကင်းမဲ့သည်။စားချိန်မှာစား၊ကစားချိန်မှာကစားကာ အိပ်ချိန်တန်လျှင် ဝင်အိပ်ခဲ့ကြယုံသာ။

ငယ်စဉ်ကလေးဘဝ ၁၉၉၀- ဝန်းကျင်ကာလများဆီက ကျွန်တော်တို့မြို့လေးတွင် ဒီနေ့ခေတ်လိုမျိုး ရုပ်ဝတ္ထုပစ္စည်းများပေါများမှု မရှိလှပါ။ ကျွန်တော်နေထိုင်ခဲ့သော ရပ်ကွက်တစ်ခုလုံးတွင်မှ Television (ခေါ်) ရုပ်မြင်သံကြားစက်မှာ ငွေကြေးချမ်းသာသူတို့သာ သုံးစွဲနိုင်သည့် ဇိမ်ခံပစ္စည်းသက်သက်မျှသာ။တစ်ရပ်ကွက်လုံးရှိ TV မှာလက်ချိုးရေတွက်၍ ရလောက်သည်။ထိုအခါ အိမ်တွင် TV မရှိသူအများစုက TV ပိုင်ရှင်တို့၏အိမ်သို့သွားပြီး အခကြေးငွေပေးကာ ကြည့်ကြရသည်။
မှတ်မှတ်ရရ ထိုစဉ်က မြန်မာ့ရုပ်မြင်သံကြားမှ “ အနောက်သို့ခရီးသွားမှတ်တမ်း “ ဟူသော မျောက်မင်းစွန်းဝူခုန်း တရုတ်ဇာတ်လမ်းတွဲကို အခန်းဆက်  အပတ်စဉ်ပြသပေးနေသည်။

ကျွန်တော်တို့နေထိုင်ရာလမ်းထဲတွင် “ဒေါ်ချည်တုပ်“ဟူသော အမယ်အိုတစ်ဦးမှာ ရပ်ဆွေရပ်မျိုးများကို အဖော်ပြုကာ တစ်ဦးထဲနေထိုင်ရရှာသည်။ငွေကြေးချမ်းသာသူ သားထောက်သမီးခံများက ရန်ကုန်၊မန္တလေးမြို့ကြီးများသို့ အသီးသီးပြောင်းရွှေ့နေကြရတော့ အဖော်မဲ့နေရှာသောအမယ်အိုက သူ့အိမ်ရှိ TVကို လမ်းထဲမှကြည့်လိုသူများထံမှ အခကြေးငွေယူကာ ညစဉ်ပြသသည်။အမယ်အိုအတွက်တော့ အပိုဝင်ငွေလည်းရ အိမ်တွင်လည်း လူစည်စည်ကားကားဖြင့် ညရေးညတာ အဖော်လည်းရသည်ပေါ့။ ထိုစဉ်က မြန်မာ့ရုပ်မြင်သံကြားမှ ဗုဒ္ဓဟူးနေ့နှင့်စနေနေ့များတွင် မြန်မာဇာတ်ကားလွှင့်ပြီး ကြားရက်များတွင် တရုတ်ဇာတ်လမ်းတွဲများ လွှင့်တတ်သည်ဟု ရေးတေးတေးမှတ်မိနေသည်။ ဝါဒဖြန့် ပေါ်လစီကားမှန်း နားမလည်ပါးမလည်နှင့်ကြည့်ခဲ့ရသော “အဖေနှင့်သားများဇာတ်ကား”မှ ဦးညွှန့်ဝင်းကြီး၏ အိုက်တင်များကိုလည်း ကလေးတို့သဘာဝ သဘောကျခဲ့မိသည်။တပ်မတော်နေ့နီးလာပြီဆိုလျှင်တော့ မင်းသားကျော်သူပါဝင်သော “လှလေးစိန်” ၊ကျော်ဟိန်း၊ဒွေးတို့ပါဝင်သော “ဝေလည်းမွှေးကြွေလည်းမွှေး” အစရှိသည့် ဇာတ်ကားများ နှစ်ခြိုက်စွာ ကြည့်ရှုခဲ့ကြရသည်ကို မှတ်မိနေသည်။

 TV ကြည့်သူ အများစုက ည (ဂ) နာရီသတင်းလာချိန်မှစပြီး အဆိုပါ အိမ်ရှိTV  ရှေ့တွင် သွားမော့ကြသည်။သတင်းပြီးလို့ ရုပ်ရှင်ဇာတ်ကားလာချိန်နီးလျှင် အမယ်အိုက တစ်ယောက်လျှင် (၁)ကျပ်လားမသိ ပိုက်ဆံလိုက်ကောက်သည်ကို မှတ်မိနေသေးသည်။ ဇာတ်ကားပြီးဆုံးကာ   နောက်တစ်နေ့အစီအစဉ်လာချိန် ည (၁၀)နာရီ(၁၁)နာရီ ကျော်သည်အထိ မနက်ဖြန် ဘာဇာတ်ကားလာမလဲ ဆိုသည်ကို နမူနာ ကြည့်ရှုပြီးမှသာ အိမ်သို့ပြန်ကြတော့သည်။ထိုအိမ်သို့ ညစဉ်ညတိုင်းလိုလို သွားရောက်ကြည့်ရှုကြသူများတွင် ကျွန်တော်တို့ကလေးများက ထိပ်ဆုံးမှဖြစ်သည်။ အမယ်အိုအတွက်တော့ မျက်စိနောက်စိတ်ရှုပ်စရာလေးများ ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ကျွန်တော်တို့အတွက်တော့ ညချမ်းချိန်ခါ အပန်းဖြေစရာတစ်ခုပင် ဖြစ်ပေသည်။ညဘက် TV မှ မျောက်ကားလွှင့်သည်ဆိုပါက နောက်တစ်နေ့တွင် ကျွန်တော်တို့ကလေးများမှာ ပုခုံးပေါ် တုတ်တစ်ချောင်း  ထမ်းကာ “ ဝူခုန်း “ကွ ဟု အော်သူကအော်ကြသည်။ဝက်ကြီး”ပါကျဲ့” သဏ္ဍာန် လုပ်သူကလုပ်ကြသည်။”ပြည်သူ့တရားရှင်ပေါင်ချိန်”ဇာတ်လမ်းတွဲ ကြည့်ပြီးလျှင်တော့ သိုင်းသမား“ကျန်ကျောင်း” အဖြစ် အသွင်ပြောင်းကာ တုတ်ချောင်းကိုယ်စီဖြင့် လူကြီးများ မျက်စေ့နောက်လောက်အောင်   တုတ်သိုင်းကစားကြလေတော့သည်။



ထိုစဉ်က ရပ်ကွက်ထဲတွင် ရှိခဲ့ဖူးသော ဓလေ့တစ်ခုမှာ ဗွီဒီယိုအလင်းပေါက်ပြသခြင်းပင်။ ရပ်ကွက်ထဲမှ အလှူအတန်းလုပ်သူများ၊ မွေးနေ့အထိမ်းအမှတ်၊သားသမီးများ (၁၀)တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင် သည့်   အထိမ်းအမှတ်ပွဲများပြုလုပ်လျှင် ညဘက်၌ အပေါ်စက်နှင့် အောက်စက် ဟုခေါ်သော  TV နှင့် Video ငှားရမ်းကာ တစ်ညလုံးနီးပါး ဗွီဒီယိုအလင်းပေါက်ပြလေ့ရှိသည်။ထိုစဉ်ကပြသသော ဗွီဒီယိုခွေများမှာ တစ်ထွာကျော်ရှည်ပြီး လက်မဝက်ခန့်ထူသော VCR တိပ်ခွေကြီးများနှင့်ဖြစ်သည်။ညဦးပိုင်း ခပ်စောစော အချိန်များတွင် လူကြီးပရိသတ်အကြိုက်ဖြစ်သော မြန်မာဒရာမာဇာတ်ကားများကို အရင်ပြသလေ့ရှိသည်။ ရုပ်ရှင်မင်းသမီး မို့မို့မြင့်အောင်၏ မျက်ရည်ကို ပါးပြင်တစ်ဘက်တည်းတွင်ကျကာ ငိုပြသွားပြီး အကယ်ဒမီရသွားသော “ နှလုံးသားမြို့တော် “၊မင်းသားရဲအောင်နှင့်အတူ မျက်စိမမြင်သူအဖြစ် ပီပြင်စွာ သရုပ်ဆောင်သွားသော ဇင်မာဦးတို့ပါဝင်သည့် “တင့်လှပေဟန်” ၊မင်းသား ကျော်သူနှင့်စိုးသူတို့ ငယ်နုစဉ်က သရုပ်ဆောင်ခဲ့ကြသော “ဒိုး” ဇာတ်ကားများကို ကြည့်ရှုစွဲမက် ခဲ့ကြသည်။ပရိတ်သတ်များ မျက်ရည်ဝဲလောက်အောင်ပင် ပီပြင်သောသရုပ်ဆောင်မှုများတွင် နစ်မျောကြည့်ရှုခဲ့ကြရသည်။ ညဥ့်နက်လာပြီဆိုလျှင်တော့ လူငယ်ကြိုက်၊ကာလသားကြိုက် ဇာတ်ကားများ အလှည့်သို့ ရောက်ပေပြီ။ ထိုစဉ်ကခေတ်စားသော Van Damme ၊ကျစ်ဆံမြီး မင်းသား Steven Seagal တို့၏ ကစ်ဘောက်ဆာ ဇာတ်ကားများ၊Bruce Lee ၊ဂျက်ကီချမ်း၊ ဟုတ်ချင်းပေါင် တို့၏ တရုတ်ဟာသ ကွန်ဖူးကားများ၊  ကရာတေးဇာတ်ကားများကို   တောက်လျှောက်ပြသတော့သည်။

ထိုစဉ်က အခေါ်   အပေါ်စက်အောက်စက်ဆိုသော  TV,VCR  တို့မှာ လူတိုင်းဝယ်ယူရန်လက်လှမ်း မမှီသော အရာများဖြစ်ရာ  မြို့ပေါ်ရပ်ကွက်တိုင်းတွင် ဗွီဒီယိုပြသသောရုံလေးများမှာ အလွန် ဝင်ငွေကောင်းသော အသေးစားစီးပွားရေးတစ်ခု ဖြစ်ပေသည်။ကျွန်တော်တို့ ရပ်ကွက် အနီးအနားနှင့်
မြို့လယ်ပိုင်းတွင် မြန်မာဇာတ်ကားပြသောရုံနှင့် နိုင်ငံခြားကားပြသောဗွီဒီယိုရုံ ဟူပြီး နှစ်ပိုင်းကွဲသည်။ပျှမ်းမျှ လူ(၂၀)(၃၀)ခန့်ဆန့်သောရုံထဲတွင် အခင်းပျဉ်တစ်ချပ်နှင့်နောက်မှီ ပျဉ်တစ်ချပ်တို့ကို   ဒေါက်တင်ရိုက်ထားသော ခုံတန်းရှည်များပေါ်တွင် ထိုင်ကာကြည့်ကြရသည်။ရုံရှေ့တွင်မူ သင်ပုန်းကြီးတစ်ချပ်ထောင်ထားကာ နေ့စဉ်ပြသမည့်ဇာတ်ကားအမည်နှင့် ပါဝင်သူများကို   မြေဖြူရာင်စုံနှင့်   ရေးသားကြေငြာထားလေ့ရှိသည်။ဒါကမြို့ပေါ်က ဗွီဒီယိုရုံများ၏ ဇာတ်ကားကြေငြာနည်းတစ်မျိုးဖြစ်သည်။




တောရပ်ရွာတွင်တော့ ဓလေ့တစ်မျိုးကွဲပြားသည်။ကြားဖူးနားဝရှိသောရွာတစ်ရွာရှိ ဗွီဒီယိုရုံမှ ဇာတ်ကားကြေငြာနည်း  တစ်မျိုးကတော့ ဒီလိုဖြစ်သည်။ရွာမှာဆိုတော့ နောက်တစ်နေ့ပြသမည့် ဗွီဒီယိုဇာတ်ကားကို (၁)ရက်ခန့်ကြိုတင်ပြီး  မြို့ပေါ်သို့သွားကာ အခွေသွားငှားရလေ့ရှိသည်။ထိုအခါ မြို့ပေါ်သို့ ဇာတ်ကားငှားရန် သားဖြစ်သူကို အဖေက စေလွှတ်သည်။ ရွာသူရွာသားတို့ ကြိုက်နှစ်သက်သော သီဟတင်စိုး နှင့် စိုးမြတ်သူဇာ တို့ ပါဝင်သောဇာတ်ကားများသာ ငှားရမ်းခဲ့ရန်နှင့် ညဘက် ဗွီဒီယိုပြသချိန် အမှီပြန်လာရန်လည်း သေချာမှာထားသည်။သားဖြစ်သူ မြို့ပေါ်သို့ ဇာတ်ကား သွားရောက် ငှားရမ်းနေစဉ် အဖေဖြစ်သူက ရွာတွင် ယနေ့ညပြသမည့် ဇာတ်ကားကို တစ်ရွာလုံးကြားစေရန် အသံချဲ့စက် မိုက်ဖြင့် အော်ဟစ်ကြေငြာတော့သည်။” ဒီနေ့ည  ကျွန်တော်များ ဗွီဒီယိုရုံတော်မင်္ဂလာမှာ   ချစ်စွာသောပရိတ်သတ်ကြီးအတွက် အထူးတင်ဆက်ပြသပေးမယ့် ဇာတ်ကားကြီးမှာ မင်းသားကတော့ သီဟ  နဲ့  တင်စိုး၊ မင်းသမီးကတော့  စိုးမြတ် နဲ့  သူဇာ  တို့ဖြစ်ပြီး ဇာတ်ကားနာမည်ကတော့  အဲ …အဲ ဇာတ်ကားနာမည်ကတော့ '' ငါ့သားလာမှသိမယ် '' ဟေ့   ’’  ဆိုပဲ ။  အဲလိုမျိုးကြေငြာလေ့ရှိသတဲ့။ ကြားခဲ့ဖူးတဲ့ ဟာသလေးတစ်ခုပါ။

မြို့လယ်ရှိ ဗွီဒီယိုရုံများဖြစ်သော " ခရမ်းပြာ၊ ခေတ်ဆန်းထူး၊ ညိမ်းကိုကို " အစရှိသည့်ရုံများကတော့   နိုင်ငံခြားဇာတ်ကားများသာ ပြသလေ့ရှိသည်။ပုံမှန်အားဖြင့် မနက် ၁၀း၃၀ တွင် တရုတ်သိုင်းကားများ    ပြလေ့ရှိပြီး ၊နေ့လည်ပွဲစဉ်အဖြစ် ၁၂း၃၀ နှင့်  ည ၇း၃၀ တွင် Kick Boxerကားများ၊ အက်ရှင်ကားများ၊ စစ်ဇာတ်ကြမ်းဇာတ်ကားများ ပြသသည်။မွန်းလွဲ ၂း၃၀နှင့် ည ၉း၃၀တွင် ပြသသောဇာတ်ကားကတော့ တမူထူးခြားသည်။မြို့နယ်မှတိုင်းမှ စီမံချက်စစ်ဆေးရေးများမရှိပါ ဆိုသော အချိန်များတွင်သာ   ပြသရသောဇာတ်ကားများဖြစ်သည်။နိုင်ငံရပ်ခြား အချစ်ဇာတ်ကားများ ဖြစ်သည်။ ရိုးရိုးသာမာန် အချစ်ဇာတ်ကားတော့ မဟုတ်ပေ။အလွန်အင်မတန် ဆင်းရဲရှာသော၊အဝတ်အစား ချို့ချို့ငဲ့ငဲ့ မပြည့်စုံကြရှာသော မင်းသားမင်းသမီးများ (၃)(၄)ယောက်ခန့်သာ ပါသော ကိုကိုကာလသားတို့အကြိုက်  ဆင်းရဲသားဇာတ်ကားများ ဖြစ်ပေသည်။ “ကိုရီးယားမလေးများရဲ့ တိတ်တခိုးရင်ခုန်သံ”  “အမေရိကန်သူလေးများရဲ့ ကြမ်းကြမ်းရမ်းရမ်း အချစ်ဇာတ်ကြမ်း” စသည်ဖြင့် ကြော်ငြာဘုတ်တွင်   ရေးသားထားလေ့ရှိသည်။တစ်ခါသားကတော့ ကလေးတို့သဘာဝ ဂျင်ပေါက်၊ဇယ်တောက်ရင်း ပျင်းရိလာသော ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်သားမှာ “အမေရိကန်သူလေးများရဲ့ ကြမ်းကြမ်းရမ်းရမ်းအချစ်ဇာတ်ကြမ်း” ဆိုသော စာသားကို စိတ်ဝင်စားကာ  ဗွီဒီယိုကြည့်ချင်စိတ်များ တဖွားဖွားပေါ်လာတော့သည်။ထိုစဉ်က ကလေးအရွယ်ဆိုတော့ အချစ်ကိုတော့နားမလည်ပါပဲ  ဇာတ်ကြမ်းဆိုသောစာသားကို သဘောကျကာ  စစ်ဇာတ်ကြမ်းလား Kick Boxing ဇာတ်ကြမ်းလား ကြမ်းတော့တော်တော်ကြမ်းမှာကွဟု နှစ်ယောက်သားပြောဆိုရင်း ငွေတစ်ကျပ်ကိုင်ကာ ဗွီဒီယိုကြည့်ဖို့ ရုံထဲသို့ဝင်ရန် ကြိုးပမ်းလေတော့သည်။ရုံအဝင်ဝမှ ပိုက်ဆံကောက်သူ အမျိုးသားကြီးမှ ကျွန်တော်တို့ ငချွတ်နှစ်ကောင်ကိုမြင်သောအခါ  " ဒီဇာတ်ကားနဲ့ မင်းတို့ ဘာဆိုင်လို့လဲကွ သွားစမ်း သွားစမ်း ဗွီဒီယိုကြည့်ချင်ရင် မနက်ပိုင်းမှ ပြန်လာကြည့်ကြ " ဟု   ခေါင်းကိုခေါက်ကာ   ငေါက်ငမ်းလွှတ်သဖြင့် သူငယ်ချင်းနှစ်ဦးသား   ပေစောင်းပေစောင်းဖြင့်  ပြန်လာခဲ့ရဖူးပေသည်။ အကြမ်းအရမ်းအလွန်ကြိုက်သော သူငယ်ချင်းနှစ်ဦးပေတည်း။

မြန်မာကားများသာပြသော  ဗွီဒီယိုရုံများကတော့ နန်းမြင့်-၁  ၊ နန်းမြင့်-၂ ဟုတော့ မှတ်မိနေသည်။ ထိုရုံများကတော့ မနက် ၁၀း၃၀၊၂း၃၀ နှင့် ည ၉း၃၀ အချိန်တို့တွင် အောင်ပိုင်၊အောင်ခိုင်၊ရဲမင်းပိုင်၊ သီဟတင်စိုးတို့၏   ဂျပန်တော်လှန်ရေးဇာတ်ကားများ၊ကျေးရွာ ဖိုက်တင်ဇာတ်ကားများ   ပြသသည် ။   နေ့လည်ပိုင်းနှင့် ညဦးပိုင်းတွင်မူ ကျော်သူ၊ကျော်ဟိန်း၊ဒွေး၊လွင်မိုး၊နန္ဒာလှိုင်၊ထက်ထက်မိုးဦး အစရှိသည့်  ပရိတ်သတ် အသည်းစွဲ မင်းသားမင်းသမီးများ၏ ဇာတ်ကားများ ပြသလေ့ရှိသည်။ထိုစဉ်က ဗွီဒီယိုရုံများတွင် သွားရောက်ကြည့်ရှုခဲ့ရသည့် ဇာတ်ကားများစွာထဲမှ ယနေ့ထိတိုင် စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေသော   မြန်မာဇာတ်ကားကောင်းပေါင်းများစွာ ရှိခဲ့ပါသည်။ကျော်ဟိန်းနှင့်ကျော်သူ မင်းသားနှစ်ယောက် အားပြိုင် သရုပ်ဆောင်ထားသော “အကြွေး” ဇာတ်ကားမှ   “ဒီလိုလက်ညှိုးလေး ကွေးတတ်ဖို့ ဆယ်နှစ် … ဆယ်နှစ် “ ဆိုသောစကားပြောဇာတ်ဝင်ခန်းဆိုလျှင် ဒီနေ့ထိတိုင် အာရုံထဲမှာ စွဲထင်မှတ်မိနေဆဲပင်   ဖြစ်သည်။ နောက်ထပ် စွဲလမ်းနေသော ဇာတ်ကားတစ်ခုကတော့   တနေကုန်   အရက်သောက်      မူးရူးရမ်းကားနေတတ်သော   ဇိုးသမား... ကျော်ဟိန်း ၊ ဘာအလုပ်မှ    မယ်မယ်ရရမရှိပဲ         တေပေလေလွင့်နေသော ဇာတ်ရူး... မြို့ တော်ချစ်ဖွယ် ၊ နေ့ ရောညရော ဝိုင်းကြီးရော  ဝိုင်းလေးရော မရှောင်သည့် ဖဲသမား  ... ရှိုင်းအောင် ၊ မိန်းကလေးမြင်လျှင်   မနေနိုင်မထိုင်နိုင် ဖွန်လိုက်ကြောင်တတ်သည့်... ကျော်သက် ၊ အားလုံးထဲမှာ အလိမ္မာဆုံးဖြစ်ပြီး   စဉ်းစားတွေးခေါ်တတ်သူက ညီငယ်... ဒွေး  စသည့် ဇာတ်ကောင်စရိုက် မျိုးစုံပါဝင်သော ဆိုးသွမ်းမိုက်ကမ်းနေသော   ညီအစ်ကို ၅ ယောက် အကြောင်း ရိုက်ကူးထားသည့် “ရှုမဝ” သို့မဟုတ် “ မိုက်ချက်ကတော့ကမ်းကုန်ပဲ“ ဇာတ်ကားပင်ဖြစ်သည်။

ယနေ့ခေတ်အခါမှာတော့  ရုပ်ဝတ္ထုတွေက ပေါများလှပေသည်။တီဗွီ၊ဒီဗွီဒီ စက်များက အိမ်တိုင်းလိုလိုမှာပင်၊ အရင်ကလို ဗွီဒီယိုရုံမှာ တကူးတက သွာရောက်ကြည့်ရှုရန် မလိုတော့ပေ။ ကိုယ့်အိမ်မှာသာ ဒီဗွီဒီတစ်ချပ်ဖွင့်လျှင်   ဇာတ်ကား (၄) (၅) ကား အလွယ်တကူ ကြည့်နိုင်သော   ခေတ်ပေတည်း။ ငယ်ငယ်က ကျွန်တော်တို့ စွဲလမ်းစွာ သွားရောက်ကြည့်ရှုခဲ့ရသော  ဗွီဒီယိုရုံလေးများ ကတော့  ယခုအချိန်မှာ   ပျောက်ကွယ်ခဲ့ရပြီ။ရုပ်ဝတ္ထု ပစ္စည်းတွေက ပေါများလာသလောက် ဗွီဒီယိုဇာတ်ကားများ၏ အရည်အသွေးများက နိမ့်ကျလာသည်။ တစ်ခါကြည့်ပြီးလျှင် ထပ်ခါထပ်ခါ ကြည့်ချင်မိသော   မြန်မာဇာတ်လမ်းများလည်း ထွက်ရှိမလာတော့ဟု ထင်မြင်မိသည်။ကျွန်တော် မြို့ကို ပြန်ရောက်လေတိုင်း ငယ်စဉ်က ကြည့်ခဲ့ဖူးသော ဗွီဒီယိုရုံဟောင်းနေရာလေးများကို အလွမ်းပြေ သွားရောက်ကြည့်ရှုတတ်မြဲပင်   ဖြစ်သည်။ပြောင်းလဲမှုများစွာဖြင့် အသားကျနေသော ထိုနေရာဟောင်းလေးများမှာ ကျွန်တော်အတွက်တော့    ငယ်ဘဝကို ခေတ္တခဏ ပြန်ရောက်သွားစေသော    နေရာဟောင်းလေးများ ပင်ဖြစ်သည်။  ထိုနေရာလေးများသို့ ပြန်ရောက်လေတိုင်း
 ♫ …♪…♫…♪  ”ငယ်စဉ်က ကလေးတို့ဘဝဟာ ပျော်ပါးဖို့ရာလွယ်ပါတယ် ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ” ♫ …♪…♫…♪
ဟူသော စိုင်းထီးဆိုင်သီချင်းကိုသာ တိုးတိုးလေး ငြီးတွားမိနေလေသည်။ငယ်ဘဝဆိုသည်ကလည်း လွတ်လပ်ပေါ့ပါးသည်။အပူအပင်ကင်းမဲ့သည်။စားချိန်မှာစား၊ကစားချိန်မှာကစားကာ အိပ်ချိန်တန်လျှင် ဝင်အိပ်ခဲ့ကြယုံသာလေ။

No comments:

Post a Comment