Friday, November 15, 2013

"ဆေးပေါင်းခတဲ့ည ...အပျော်ရွှင်ရဆုံးဘဝ"


ငယ်ငယ်တုန်းက ဒီအချိန်ရောက်လျှင် အရမ်းပျော်သည်…ကလေးတို့သဘာဝ လပြည့်နေ့မရောက်ခင်ထဲက မျှော်တလင့်လင့် စောင့်စားနေရသည်…အလွန်ပျော်စရာကောင်းသောည…တန်ဆောင်မုန်းလပြည့်ညဖြစ်၏…ဒီညမှာ မယ်ဇလီဖူးသုတ်တွေ စားရသည်…ရပ်ကွက်ထဲက မိမိတို့နှင့်သိသော လမ်းတကာကအိမ်တွေမှာ မုန့်ဖိုးလိုက်တောင်းကြသည် … မြို့ပေါ်က တန်ခိုးကြီးဘုရားများသို့ သွားရောက် ဖူးမြှော်ကြသည်… ညဥ့်နက်လာလျှင်တော့ တစ်ချို့အိမ်တွေက ပံ့သကူဖွက်ထားသမျှကို တွေ့အောင်ရှာကြသည် …ကာလသားလူပျိုတွေ ရပ်ကွက်ထဲကကြက်ခိုးပြီးချက်စားကြရာသို့ သွားရောက်ပြီး စားကြသောက်ကြသည်…ကိုကိုကာလသားများထံမှ ကလေးငယ်တို့ မသိဘူး၊မကြားဘူး၊မမြင်ဘူးသေးသည့် ပညာရပ်တွေကို လက်ဆင့်ကမ်းသင်ယူကြသည်ပေါ့…

မှောင်စပျိုးလာသည်နှင့် မြို့ထဲက ကတ္တရာလမ်းမတွေပေါ်သို့ ငွေအကြွေစေ့ကျသံ တစ်ချွင်ချွင်နှင့် ကျွန်တော်တို့မြို့လေးက အသက်ဝင်လာသည် …  ” ၁…၂…၃… ပိုက်ဆံကြဲပါဗျို့ “  ဟု ကလေးများ၏ သံပြိုင်အော်သံများ ဟိုတစ်စ ဒီတစ်စ ကြားလာရသည်...
ဘုရားသို့ သွားကြသူများ၊မိမိတို့၏ ဆွေမျိုးတကာဆီ သွားရောက် ကန်တော့ပြီး မုန့်ဖိုးတောင်းကြသူများ၊ ဆိုင်ကယ်၊ကားများနှင့် မြို့ပါတ်ပြီး ပိုက်ဆံကြဲကြသောစေတနာရှင်များနှင့်အတူ မြို့လေးရဲ့လမ်းမတွေပေါ်မှာ စည်းကားလာလေပြီ ...အဲဒီတုန်းက ပိုက်ဆံမှာ အလွန်တန်ဖိုးရှိသောကာလဖြစ်သည်... မိမိတို့ မုန့်ဖိုးရသော ပိုက်ဆံတို့မှာ ဆယ်ပြားစေ့၊တစ်မတ်စေ့၊ငါးမူးစေ့များသာ အများဆုံးဖြစ်သည်...ဒီလိုမျိုး ပိုက်ဆံကြဲကြပြီဆိုလျှင် ရတာမရတာအပထား ပိုက်ဆံကြဲသောနေရာတွင် တံတောင်ပြဲ၊ဒူးပွန်းခံပြီး လူအုပ်ကြားထဲ တိုးဝင်လုကောက်ရသောအရသာကို နှစ်ခြိုက်မိသည်...  ငယ်ငယ်ကတွေ့ကြုံခဲ့ရသည့် အလွန်ပျော်စရာကောင်းသော မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်သည်...ယနေ့ထက်တိုင် တန်ဆောင်မုန်းလပြည့်ညရောက်တိုင်း ပြန်လည်လွမ်းမော တမ်းတနေမိပါသည်…

တန်ဆောင်မုန်းလပြည့်ရောက်တိုင်း ကလေးတွေရောလူကြီးတွေပါမကျန် ပျော်ရွှင်ကြသည်…မြို့လေးမှာက  ချစ်စရာကောင်းသော ဓလေ့တစ်ခုရှိသည်…မှောင်စပျိုးလာလျှင်  ကလေးတွေကအုပ်စုဖွဲ့ပြီး ရပ်ကွက်ထဲရှိ မိမိတို့နှင့် သိကျွမ်းသောအိမ်များသို့ လှည့်လည်ကာ မုန့်ဖိုးတောင်းတတ်ကြသည်…ကလေးတွေလာလျှင် တစ်ချို့အိမ်တွေက ချိုချဉ်၊မုန့် စသည်တို့ကို ဝေငှပေးသည် … တစ်ချို့အိမ်တွေက မုန့်ဖိုးအညီအမျှခွဲဝေပေးကြသည်… ကလေးတွေက အုပ်စုတောင့်ပြီး၊ လူများလျှင်တော့ အိမ်ပေါ်မှ ပိုက်ဆံတွေကြဲချပေးသည် … ဒီအခါမှာတော့ ကလေးတွေ အောက်မှာ တိုးဝှေ့လုကောက်ကြသည်ပေါ့ … ကလေးတွေကလည်း ရပ်ကွက်ထဲရှိ ပိုက်ဆံချမ်းသာသောသူဌေးအိမ်များရှေ့သို့ သွားရောက်ကာ “သူဌေးကြီး “( ဦး…….   )” ပိုက်ဆံကြဲပါဗျို့ “ ဟု အိမ်ရှင်အမည်တပ်ခေါ်ကာ ပိုက်ဆံမကြဲမချင်း သံပြိုင်အော်ကြသည် …
အိမ်ရှင်ကိုယ်တိုင်ထွက်ပြီး ပိုက်ဆံကြဲမှသာ ကလေးများအအော်ရပ်ပြီး ပိုက်ဆံလုကောက်ကြတော့ သည်…ပြီးလျှင်တော့ ကလေးတွေက “ သူဌေးကြီး(ဦးဘယ်သူ)…ကျန်းမာပါစေ၊ချမ်းသာပါစေ “ ဟု အော်ဟစ်ဆုတောင်းကာ နောက်ထပ်တစ်အိမ်သို့ ဆက်လက်ထွက်ခွာ ချီတက်သွားကြလေတော့ သည်…မြို့ထဲက တန်ခိုးကြီးဘုရားများမှာလဲ ဘုရားဖူးလာသူ လူအုပ်စုများထဲသို့ စေတနာရှင်တွေက ပိုက်ဆံကြဲချလိုက်၊တိုးဝှေ့လုယက် ပိုက်ဆံကောက်လိုက်၊ လူပြောင်လူနောက်များက လူအုပ်ထဲ ဗြောက်များ ပစ်ထည့်ဖောက်လိုက်ဖြင့် အော်ဟစ်ဆူညံ စည်ကားနေပေသည်… ဘုရားပုရဝဏ် ထဲတွင်လည်း   ဆေးပေါင်းခသော မယ်ဇလီဖူးသုတ်များ ဝေငှကျွေးမွေး ကုသိုလ်ယူကြသူများ ရှိသည် …ဘုရားပုရဝဏ် အတွင်းရှိ   ခရေပင်ကြီးမှ ခရေပန်းများ ကောက်ယူကြသူတွေရှိသည်…ဘုရားလည်းဖူး လိပ်ဥလည်းတူး ကြသူတွေရှိသည်…

 ဒီလိုနှင့် တဖြည်းဖြည်းနှင့် ညဥ့်နက်လာလျှင်တော့ လမ်းမပေါ်တွင် လူတွေက တစ်စတစ်စ ပါးလာတော့ သည်..   ဒီအချိန်မှာမှ တစ်ချို့အိမ်တွေက ပိုက်ဆံ၊ဆန်ထုပ်၊ဆပ်ပြာခဲ၊ငါးခြောက်၊အဝတ်အထည် စသည်တို့ကို ထုပ်၍ မိမိတို့ အိမ်ခြံစည်းရိုးအနီးတစ်ဝိုက်တွင် ဖွက်ပြီး ပံ့သကူပစ်တော့သည်… တစ်ချို့ကလည်း ပစ္စည်းများမဖွက်ပဲ စာရွက်ပေါ်တွင် ဘယ်သူဘယ်ဝါ၏အိမ်သို့ လာရောက်ကာ ဆန်ဘယ်နှစ်ပြည်ထုတ်ယူပါ၊ ဆီဘယ်နှစ်ပိသာထုတ်ယူပါ  စသည်ဖြင့် ရေးသားကာ စာရွက်လိပ်များ ဖွက်ထားတတ်ကြသည်…ပံ့သကူပစ္စည်း တွေ့ရှိသူများလိုပဲ စာရွက်ကောက်ရလျှင်တော့ စာထဲမှာ ပါသည့်အတိုင်း သွားရောက်ထုတ်ယူရုံပေါ့လေ …သူခိုးကြီးညလည်း ဖြစ်ပေသည် …တစ်ညလုံး ပံ့သကူ လိုက်ရှာရတာ မောလာလျှင်တော့ ပံ့သကူတွေ့သည့်ပစ္စည်းများနှင့် ကြက်မွေးထားသောအိမ်မှ အပျော်ခိုးလာသည့်ကြက်ကို ရောကာ ကိုကိုကာလသားများက ထမင်းဟင်းချက်စားကြသည်… စားသောက်ပြီးလျှင်တော့ ရပ်ကွက်ထဲက ပစ္စည်းများကို နေရာမျိုးစုံ ရွှေ့ပြောင်းပြီး ရပ်ကွက်ထဲမှ လူများကို နောင်ပြောင်ကျီစယ်ကြတော့သည်…
အပျိုကြီးအိမ်တွင် လှမ်းထားသောထမီကို ခိုးကာ လူပျိုကြီးနေသောအိမ်ရှေ့တွင် ဝါးလုံးနှင့် အလံထူကြသည်… အပေါင်ဆိုင်က ဆိုင်းဘုတ်ကိုဖြုတ်ကာ ဘုရားလူကြီး၊ဂေါပကလူကြီး အိမ်ရှေ့မှာ သွားချိတ်ကြသည်…ရပ်ကွက်ထဲက ကပ်စီးနှဲ နှမြောတတ်သော အိမ်ပိုင်ရှင်များ၏အိမ်ရှေ့တွင် မီးသွေးခဲဖြင့် “ကပ်စီးနှဲ၊ကော်တရာ၊ကတ္တရာများရောင်းရန်ရှိသည်“         ဆိုသော ဆိုင်းဘုတ်များ   ရေးသားကြ သည်…ကျူရှင်ဆရာအိမ်က ဆိုင်းဘုတ်ကို ဗေဒင်ဆရာအိမ်ကဆိုင်းဘုတ်နှင့် လဲလှယ်ထားကြ  သည်… နံနက်ဝေလီဝေလင်း ပဲပြုတ်သည်လာကာနီးအချိန်ထိ မီးကုန်ယမ်းကုန်  သောင်းကျန်းကြလေ သည်… တစ်ယောက်နှင့်တစ်ယောက် စိတ်မဆိုးကြသော အပျော်နောက်ပြောင်မှုများသြာ ဖစ်ပါသည်… ချစ်စဖွယ်ရာ မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှုများ ဖြစ်သည်…

ဘဝတိုက်ပွဲကို ရုန်းကန်နေရသော အိမ်ထောင့်တာဝန်များကို ထမ်းဆောင်နေရသော လူကြီးဘဝသို့   ရောက်ရှိချိန်တွင် ယခုလို တန်ဆောင်မုန်းလပြည့်ညရောက်တိုင်း မိမိမြို့ကိုပြန်ချင်သည်… ငယ်ငယ်ကလို လွတ်လပ်ပေါ့ပါးစွာ ဘဝကိုဖြတ်သန်းချင်သည် … သို့သော် ဘဝက သူငယ်ချင်းတစ်ယောက် အမြဲပြောလေ့ ရှိသော   စကားပုံလိုပင်  ဖြစ်သည်… "လူတစ်ယောက်ဟာ မြစ်တစ်မြစ်ထဲမှာ ရေနှစ်ခါမချိုးနိုင်" ဆိုသည့် စကားပုံအတိုင်းပင် ….ကျွန်တော်လည်း သက်ရှိထင်ရှားရှိနေဆဲ… ဇာတိမြို့လေးကလည်း ရှိနေဆဲ…ဒါပေမယ့် ငယ်ငယ်က အလုအယက် ပျော်ရွှင်စွာကောက်ခဲ့ဖူးသော   ငွေအကြွေစေ့များမရှိတော့…ငယ်ရွယ်နုပျိုခဲ့သော ကလေးဘဝတွေကိုပြန်မရတော့ … ချစ်သောသူငယ်ချင်းအချို့က လောကကြီးထဲမှာမရှိကြတော့…တစ်ချို့က ရေခြားမြေခြားမှာ … တစ်ချို့တွေက တစ်နယ်စီမှာ …ဒီအချိန်မှာ အကယ်၍များ တန်ခိုးရှင်တစ်ယောက်က မိမိကိုလိုရာဆုတောင်းခိုင်းလျှင် … ခဏတဖြုတ်ပဲဖြစ်ဖြစ် အချိန်တွေကို နောက်ပြန်လှည့်ပြီး ငယ်ငယ်က ပျော်ခဲ့ဖူးသော တန်ဆောင်မုန်းလပြည့်ညကို  တစ်ခါလောက်ပဲဖြစ်ဖြစ်  ပြန်သွားချင်မိပါသည်… တစ်ခါလောက်ပဲဖြစ်ပါသည်…။              ။


No comments:

Post a Comment