Friday, November 8, 2013

ကထိန်ဆိုင်ရာ လက်တွေ့ဆောင်ရွက်ဖွယ် အပိုင်းကဏ္ဍ


နှစ်စဉ်နှစ်တိုင်း သီတင်ကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် တစ်လအတွင်းသည် ကထိန်ခေတ်၊ ကထိန်ရာသီ၊ ကထိန်ကာလမည်၏။ ထိုကထိန်ရာသီ၊ ကထိန်လရောက်လေတိုင်း ဗုဒ္ဓသာသနာပြုဆရာ၊ ဒကာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် သာသနာတော်ကို ချီးမြှောက်ပူဇော်သောအားဖြင့် ကထိန်ကိစ္စကို လက်တွေ့ဆောင်ရွက်လျက် မုချကထိန်ခင်းကြရပေလိမ့်မည်။
ထိုသို့ ကထိန်ခင်းရာ၌ လက်တွေ့ဆောင်ရွက်ဖွယ် အပိုင်းကဏ္ဍ(၂)ရပ် ရှိပါသည်။
၁။ လူသားဒါယကာများအပိုင်း
၂။ ရဟန်းသံဃာတော်များအပိုင်း ဟူ၍ နှစ်ပိုင်းနှစ်ကဏ္ဍ ရှိပါသည်။

(၁) လူသားဒါယကာများ အပိုင်းကဏ္ဍ၌ ကျောင်းတိုက်တစ်ခုခုတွင် ကထိန်ခင်းကျင်း လှူဒါန်းလိုသော ဒါယကာတို့သည် ၀ါဆိုဦး ၀ါတွင်းကာလအချိန်လောက်ကပင် မိမိတို့နှစ်သက်ကြည်ညိုရာ ကျောင်းတိုက်သို့ သွားရောက်၍ "၀ါကျွတ်လျှင် (ကထိန်ရာသီရောက်လျှင်) အရှင်ဘုရားတို့ကျောင်းတိုက်၌ ကထိန်သင်္ကန်း ကပ်လှူပူဇော်လိုပါသည်။ ကထိန်ခင်းလိုပါသည်" ဟု တိုက်တာအကြီးအကဲ ဆရာတော်ထံ မေးမြန်းလျှောက်ထား၊ ဆွေးနွေးသင့်၏။ ကျောင်းတိုက်တာ၌ သီတင်းသုံးတော်မူကြသော ရဟန်းသံဃာအရေအတွကိနှင့် စီမံဆောင်ရွက်ဖွယ်ကိစ္စများကို တစ်ဆင့်ပြီးတစ်ဆင့် လျှောက်ထားတိုင်ပင် စီမံ ဆောင်ရွက်ထိုက်၏။ ဘယ်နေ့ ဘယ်ရက် ကထိန်သင်္ကန်းကပ်ပါမည်၊ ကထိန်ခင်းပါမည် စသည်အားဖြင့် အချိန်ကာလ၊ ရက်တိကျစွာ သတ်မှတ်၍ ကထိန်ကိစ္စဆောင်ရွက်ဖွယ်များကို လျှောက်ထားသင့်၏။ ကထိန်ဒါယကာ (သို့မဟုတ်) ကထိန်ကျင်းပရေးကော်မတီသည် သံဃာပရိတ်သတ်၊ လူပရိတ်သတ် ကျွေးမွေးဧည့်ခံရေးကိစ္စမှစ၍ ကထိန်နှင့် စပ်ဆိုင်သော ကိစ္စရပ်မှန်သမျှကို တိုင်ပင်ညှိနှိုင်း စီမံဆောင်ရွက်ကြရမည်။ ကထိန်ခင်းသည့်ကိစ္စ၌ လူသားကထိန်ဒါယကာများ၏ အဓိကအကျဆုံးကိစ္စမှာ သံဃာတော်များအား ကထိန်သင်္ကန်း လှူဒါန်းဆက်ကပ်သည့် ကိစ္စဖြစ်ပါသည်။ သံဃာတော်အား ကထိန်သင်္ကန်းလှူဒါန်းသည့် ကိစ္စသည် ပဓာနအကျဆုံးအပိုင်း ဖြစ်ပါသည်။ ထိုပဓာနကိစ္စပြီးလျှင် လူသားများအတွက် ကထိန်ကိစ္စပြီးတော့သည်ဟု ဆိုနိုင်ပါ၏။ တခြားအခြံအရံ အကြောင်းများမှာ ခေတ်ကာလအလိုက် ပေါ်ပေါက်လာခြင်းသာလျှင် ဖြစ်ပါသည်။ ထိုလူမှုရေးကိစ္စများသည် အဓိကကျသောကိစ္စ မဟုတ်ပါ။ ဗာဟီရ ပြင်ပသာမညကိစ္စတွေသာ ဖြစ်ပါသည်။

(၂) ရဟန်းသံဃာတော်များဘက်မှ လက်တွေ့ ဆောင်ရွက်ဖွယ် အပိုင်းကဏ္ဍကို တင်ပြပါဦးမည်။ ဤကထိန်ခင်းမှုကိစ္စကြီးသည် ပဓာနအားဖြင့် သံဃာ့ကိစ္စကြီးသာ ဖြစ်၏။ သံဃာတော်အပေါင်း ချမ်းသာရေးအတွက် မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူခဲ့သောကိစ္စဖြစ်၏။ သံဃာတော်များဘက်က ၀ိနည်းကံနှင့်လျော်ညီအောင် အပ်စပ်အောင် စီမံရသောကိစ္စကြီး ဖြစ်၏ ကျောင်းတိုက်တာအတွင်း အကြီးအကဲများကလည်း ကထိန်ဒါယကာတို့ လျှောက်ထားချိန်မှစ၍ ကထိန်ခင်းထိုက်တဲ့ အင်္ဂါ (၈)ပါးနှင့် ပြည့်စုံအောင် လုံ့အားထုတ်မှု၊ ကြောင့်ကြစိုက်မှု၊ ၀ိနည်းတိစီဝရိတ်ဆောင်မှု၊ ကထိန်အမေးအဖြေ သင်ကြားမှု စသည်များကို ဂရုပြု၊ ကြောင့်ကြစိုက်သင့်၏ ကထိန်ဒါယကာ၌ သံဃိကအလှူစစ်မှ အကျိုးကြီးသောကြောင့် သံဃိကအလှူမြောက်အောင် "ကျောင်းဘုန်းကြီး" စသော ပုဂ္ဂိုလ်ကို ရည်စူးမှုတို့မှ ကင်းစေရမည်။ ကထိန်ဒါယကာတို့က နားမလည်သဖြင့် "ဆရာတော်တို့ဘုရား ကထိန်သင်္ကန်းကို ဘယ်လို လှူဒါန်းရမှာလဲ" စသည်အားဖြင့် မေးမြန်းလာပါလျှင် "ကထိန်ဒါယကာတို့ (၁)နှစ်ထပ်သင်္ကန်းကြီး (၂) ဧကသီသင်္ကန်း (၃) သင်းပိုင်သင်္ကန်း သုံးထည်ထဲက တစ်ထည်ထည်ကို ယူပြီးလျှင် အရုဏ်တက်ချိန်နောက်ပိုင်းမှစ၍ ကြိုက်နှစ်သက်တဲ့ တစ်ချိန်ချိန်မှာ ကထိန်သင်္ကန်းကို သံဃာတော်အား ဆက်ကပ်လှူဒါန်းနိုင်ပါတယ်" ဟု ပြောဆိုအသိပေးရမည်။

ပထမကျော် ဓမ္မာစရိယ ၀ိနယ၀ိဒူ
အရှင်နန္ဒမာလာ
မန္တလေး။

ကထိန်လက်စွဲ (ခေါ်) ကထိနပကာသနီကျမ်းမှ ကူးယူ ပူဇော်ပါတယ်ရှင်။

Credit and Thanks to >>  Hla Hla Win  <<

No comments:

Post a Comment