Friday, November 8, 2013

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၂)


မနေ့က ဆရာတစ်ယောက် facebook ပေါ်တင်သင့်တဲ့ သတင်းလေးတစ်ပုဒ် လမ်းစပေးလို့ တင်လိုက်တာ အလဇ္ဇိ ရဟန်းတွေ အကြောင်းချည်းဘဲ ကျနော်ရေးနေတာကို အပြစ်လို့မြင် (ကုသိုလ်အလုပ်မှန်းမသိ/အကုသိုလ်အလုပ်မှန်းမသိ) နေသူတွေရော။ အာဏာပိုင်တွေ လစ်ဟာချက်ကို စောင့်ကြည့်ပြောချင်ကြသူတွေရော၊ တိုင်းပြည်အတွက် တော်လှန်ရေးလုပ်သူတစ်ယောက် ဒီလိုဖြစ်တာ စိတ်မကောင်းဖြစ်သူတွေရော၊ တချို့ကျတော့ အချောင်ရလို့လုပ်တယ်ပေါ့။ ကော့မက် တွေတော်တော်တက်ပြီး စိတ်ဝင်စားတာတွေ့ရတဲ့ အတွက် သတင်း အပြည့်အစုံ အတိအကျ ဆက်လိုက်ဘို့စဉ်းစားမိပါတယ်။

ဒီလိုစဉ်းစားနေတုန်းမှာ ရန်ကုန် “ မဇ္ဇျိ မ”သတင်းစာက သတင်းထောက် “ဖိုးစိုးသူ”ကလဲ သခင်လှကြိုင်ဆီလိုက်ပို့ ပါဆိုပြီး ပဲခူးရောက်လာတာနဲ့
နှစ်ယောက်အတူတူ ပဲခူးတံတားဆီကို ဒီနေ့နေ့လည်(၂)နာရီမှာ
သွားကြည့်တော့ အဘက မရှိတော့ဘူး။ ဒါနဲ့ အဘနေတယ်ဆိုတဲ့
အိုးလေးစုရပ်ကွက် ရွှေစေတီ လမ်းသွယ်ဆီ ရောက်သွားခဲ့တယ်။
အဘဟာ သူမှာရှိတယ်ဆိုတဲ့ (သူ့ဘ၀အတွက် အမှတ်တရ
ရည်ရွယ်ချက်နဲ့) သိမ်းထားပုံရတဲ့ (တို့ဗမာ အစည်းအရုံး ငွေရတုပွဲ
ဖိတ်ကြားလွှာ ၁၉၃၅-၁၉၈၅ နဲ့ လွပ်လပ်ရေး မော်ကွန်းဝင်လျှောက်
ထားလွှာ) တွေကို ထုတ်ပြပါတယ်။ ၁၉၈၅ မှာမှ လျှောက်ထားခဲ့တဲ့ သူ့
လျှောက်လွှာဟာ ၁၉၈၈ -မ.ဆ.လ ပါတီ နှင့် အတူ တခန်းရပ်သွားခဲ့
ပါတယ်။ ရွှေတိဂုံ ဘုရားခြေရင်းမှာ လုပ်ခဲ့တဲ့ တို့ဗမာအစည်းအရုံး
ငွေရတု ပွဲကိုတော့ တက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အဘဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့ ရွှေတောင်တိုက်ပွဲမှာပါခဲ့ပြီး
ဂျပန် ကိုတိုက်ခဲ့တဲ့ သာယာဝတီ အနောက်ခြမ်းတိုက်ပွဲမှာလည်းပါ
ခဲ့ကြောင်း သူ့ရဲ့တပ်ခွဲဗိုလ်ဖြစ်တဲ့ မော်ကွန်းဝင်(ပ)အဆင့် သခင်စော
က ထောက်ခံထားပါတယ်။

သခင်လှကြိုင်ဟာ တော်လှန်ရေးပြီးလို့ လွပ်လပ်ရေးရပြီးတဲ့ အခါမှာ
ဟင်္သာတ မှာရှိတဲ့ တပ်ကထွက်ပြီး ဇာတ်အဖွဲ့ ထဲလိုက်ရာကနေ ပဲခူး
ရောက်ပြီး အိမ်ထောင်ကျရာက သမီးနှစ်ယောက်မွေးခဲ့ပါတယ်။
သခင်လှကြိုင်ဟာ မိသားစုကို အရွယ်ကောင်းစဉ်မှာ မိမိလုပ်အားနဲ့
သမာအာဇိဝ ကျတဲ့ ဆေးဆိုးလုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းတွေနဲ့ ရှာဖွေ
ကျွေးမွေးခဲ့ပြီး နိုင်ငံတော်ထောက်ပံ့မှု့ရရှိဘို့ မကြိုးစား(သူ့အတွက်လဲ
မလိုဘူးထင်ခဲ့ပုံရလို့) ခဲ့ပါဘူး။

အခုတော့ ဒီအရွယ်ကျမှ ဒီလို လုပ်စားနေရတာဟာ အရချောင်လို့
မဟုတ်ဘဲ (တချို့ ကွန်မက်ပေးသလို) သားသမီးမြေးတွေ အသုံးမကျ/
အချောင်ခိုစားနေတာမဟုတ်ဘဲ အမှန်တစ်ကယ် ဒုက္ခ ရောက်နေတာ။
မိသားစု အတွက် တိုက်ပွဲ တစ်ခု ၀င်နေတာလို့……. ကိုယ်တွေ့
မျက်မြင်သုံးသပ်မိလို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဆက်လက်တင်ပြပါမည်။ကျေးဇူးတင်ပါသည်။

ကြည်လင်း အား ကျေးဇူးတင်သည်။

Credit and Thanks to >> i Love Myanmar  <<

No comments:

Post a Comment