Sunday, November 10, 2013

မိုးကျသင်္ကန်း


အလိုအလျောက်ရတာမို့ မိုးကျသင်္ကန်း
အဲဒီကထိန်သင်္ကန်းကို မိုးပေါ်ကျသင်္ကန်းလို့လည်း ခေါ်ပါတယ်။ အတိုချုပ်အားဖြင့်တော့ မိုးကျသင်္ကန်းပေါ့။
မိုးပေါ်ကနေ မိုးရေပေါက်တွ ကျလာတာဟာ အပေါ်ကနေ၊ ကောင်းကင်ပေါ်ကနေ တစ်စုံတစ်ယောက်က သွန်းကြဲပက်ဖျန်းလိုက်လို့ မိုးစက်ကလေးတွေ ကျလာတာ မဟုတ်ပါဘူး။ သူ့သဘာဝအတိုင်း ရေခိုးရေငွေ့တွေ စုပေါင်းပြီးတော့ ကောင်းကင်ပေါ်မှာ ရပ်တည်နိုင်စွမ်းမရှိတော့တဲ့အခါမှာ မိုးရေပေါက်ကလေးတွေ
အဖြစ်နဲ့ အလိုအလျောက်ပဲ ကျဆင်းလာရခြင်းဖြစ်ပါတယ်။
[www.facebook.com/youngbuddhistassociation.mm]
ကောင်းကင်ပေါ်က ကျလာတဲ့ မိုးရေပေါက်ကလေးတွေဟာ ဘယ်သူ့ပယောဂမှ မပါဘဲ အလိုအလျောက် ကျဆင်းလာသလိုပဲ သံဃာတော်များခင်းမယ့် ကထိန်သင်္ကန်းဆိုတာကလည်း
ဘယ်သူ့ပယောဂမှ မပါဘဲ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ သင်္ကန်းဖြစ်ရပါမယ်။

သက်ဆိုင်ရာကျောင်းတိုက်မှာ ၀ါဆိုတဲ့ သံဃာတော်တစ်ပါးပါးက နူတ်မြွက်ပြီးတော့၊ တိုက်ရိုက်အားဖြင့်ဖြစ်စေ,
သွယ်ဝိုက်သေားအားဖြင့်ဖြစ်စေ တိုက်တွန်းပြီးတော့
ရလာတဲ့သင်္ကန်းဆိုရင် ကထိန်မခင်းကောင်းပါဘူး။

ဒီကျောင်းမှာ ကထိန်ခင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ
ဒကာ၊ ဒကာမများကို ကျောင်းတိုက်က သံဃာတစ်ပါးပါးက
“ဒကာကြီး ဒီကျောင်းမှာ ကထိန်ခင်းပါလား”
ဒါမှမဟုတ် “ကထိန်ရာသီတော့ ရောက်နေပြီ။
ကထိန်အလှူရှင်တော့ မပေါ်သေးဘူး ဒကာမကြီး”
စသည်ဖြင့် တိုက်ရိုက်အားဖြင့်ဖြစ်စေ၊
သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ ကထိန်ခင်းဖို့အတွက် အရိပ်အယောင်ကလေးတောင်မှ မပြောကောင်းပါဘူး။

[www.facebook.com/youngbuddhistassociation.mm]

တခြားဒကာ ဒကာမတွေဆိုတာ အသာထားလိုက်ပါဦး၊
အမေရင်း အဖေရင်း၊ မယ်တော်ရင်း
ခမည်းတော်ရင်းကိုတောင်မှ ကထိန်ခင်းဖို့ မပြောကောင်းပါဘူး။
အမေရင်း အဖေရင်းပင်ဖြစ်စေကာမူ ကထိန်ခင်းဖို့အတွက် တိုက်ရိုက်အားဖြင့်ရော၊ သွယ်ဝိုက်သောအားဖြင့်ရော
မပြောကောင်းပါဘူး။
အဲဒီလိုတိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်အားဖြင့်
ကိုယ့်ဘက်က စ,ပြောလို့ရတဲ့ သင်္ကန်းနဲ့လည်း
ကထိန်မခင်းကောင်းပါဘူး။
အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့လည်း ကထိန်မမြောက်ပါဘူး။ ကထိန်မအောင်မြင်ပါဘူး။
[www.facebook.com/youngbuddhistassociation.mm]
ဒကာ၊ စကာမတွေက သူ့စိတ်ဆန္ဒနဲ့သူ သူ့အလိုအလျောက်
“တပည့်တော်တို့ ဒီကျောင်းထဲမှာ ကထိန်ခင်းချင်ပါတယ်။
ကထိန်လျာသင်္ကန်း ဆက်ကပ်ချင်ပါတယ်”လို့ သူတို့သဒ္ဓါဆန္ဒအရ အလိုလျောက် လှူဒါန်းလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းရပါတယ်။
ရဟန်းသံဃာရဲ့ အသိပေးတိုက်တွန်းမူ၊ အရိပ်အယောင်ပြမူ လုံးဝမပါဘဲ အလိုအလျောက်ရတဲ့ သင်္ကန်းနဲ့ပဲ ကထိန်ခင်းရတဲ့အတွက်ကြောင့် အဲဒီကထိန်သင်္ကန်းကို မိုးပေါ်ကျသင်္ကန်းလို့ ခေါ်ပါတယ်။ မိုးကျသင်္ကန်းလို့ခေါ်ပါတယ်။

- (ဆရာတော် အရှင်ဆန္ဒာဓိက)
(ဆရာတော် အရှင်ဆန္ဒာဓိက ၏ “အိုဘယ့်အလှူရှင်” စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)
Dhamma Danã Source ►
Credit to >> www.facebook.com/oungbuddhistassociation.mm <<

No comments:

Post a Comment