ကျမ်းဂန်တို့နှင့် ညီညွတ်သည် မညီညွတ်သည်ကို စစ်တမ်းထုတ်ရသော် မဟာဂီရိ အစရှိသော မိရိုးဖလာ ကိုးကွယ်ကြသော နတ်များကို အစဉ်လာမပျက် ကိုးကွယ်ခြင်းအမှုသည် လူတို့၌ ကောင်းကျိုးစီးပွား ဖြစ်ထွန်းရန် အမှုတစ်ခုဖြစ်ကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်တွင် ဟောတော်မူသည်တစ်ချက်။
ရွာစောင့်နတ် မြို့စောင့်နတ်၊ တိုင်းစောင့်နတ်၊ ပြည်စောင့်နတ်၊ သာသနာတော်စောင့်နတ်တို့ကို အစဉ်အလာမပျက်ရအောင် ကိုးကွယ်ကြသော မြို့ရွာတိုင်းပြည်များသည် အကျိုးစီးပွား မဆုတ်မယုတ် နိုင်သော “အပရိဟာနိယဓမ္မ” တစ်ပါးဖြစ်ကြောင်းကို မဟာပရိနိဗ္ဗာနသုတ်၌ ဟောတော်မူသည် တစ်ချက်။
“တသ္မာဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊
ဒိဝါစ ရတ္တောစ ဟရန္တိ ယေ ဗလိ`ံ” ဟူ၍ နေ့နေ့ညည ပူဇော်သက္ကာရများကို ဆောင်ယူပူဇော်ကြပေ ကုန်သော လူတို့အား နတ်အပေါင်းတို့သည် ချစ်ခြင်း မေတ္တာကို ပြုကြပေကုန်ပေလော့ဟု- ရတနာသုတ်တွင် ဟောတော်မူသည်တစ်ချက်။
“ယာတတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ၊ တာပူဇိတာ ပူဇယန္တိ၊ မာနယန္တိ နံ၊ ဒေဝတာ နုကမ္ပိတော ပေါသော ၊ သဒါ ဘဒြာနိ ပဿတိ” ဟူ၍ လူတို့သည် အိမ်သစ်တက်သောအခါ ရဟန်းသံဃာတော်များကို လှူဒါန်း ကျွေးမွေးရာ မဟာဂီရိ အစရှိသော အိမ်စောင့်နတ်များကို အမျှဝေရမည်။ ငါတို့ကို အမျှဝေပေသည်ဟူ၍ ထိုအိမ်စောင့်နတ်များက ထိုအိမ်ရှင်တို့ကို ဘေးကင်းအောင် အန္တရာယ်ကင်းအောင် စောင့်ရှောက်ခြင်းဖြင့် ထိုအိမ်ရှင်တို့ကို တဖန်ပူဇော်ကြကုန်သည်။ မြတ်နိုးတနာ ပြုကြကုန်သည်၊ ထိုနတ်တို့သည် ချစ်ကြင် သနား၍စောင့်ရှောက်ကုန်သည်ရှိသော် ထိုအိမ်ရှင်တို့သည် အခါခပ်သိမ်း ကောင်းမြတ်သော မင်္ဂလာကျက်သရေတို့ကိုသာ မြင်ရ တွေ့ရ ကြုံရကုန်သည်ဟု ဟောတော်မူသည်ကတစ်ချက်။
ဤသို့လျှင် လူတို့၏ ကောင်းကျိုးစီးပွား များမြတ်ရာသော တရားတို့ကို ဟောတော်မူသော မြတ်စွာဘုရားသည် မဟာဂီရိစသော ဖိရိုးဖလာကိုးကွယ်ကြသော နတ်များကို အစဉ်အလာမပျက်ရအောင် ကိုးကွယ်ပူဇော်ကြသော အမှုကို သုတ္တန်အရပ်ရပ်တို့၌ ချီးမွမ်းတော်မူသည်။ အစဉ်အလာ ကိုးကွယ်မြဲတိုင်း မကိုးကွယ်ကြသော လူတို့အား အကျိုးစီးပွား ဆုတ်ယုတ်ရန်အကြောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း မဟာပရိနိဗ္ဗာနသုတ်တော်၌ ဟောတော်မူသည်။
တစ်ခုသတိထားရမည်မှာ မဟာဂီရိစသော နတ်တို့ကို အစဉ်အလာ မပျက်ရအောင် ကိုးကွယ်မှု-ဟူသည် ထိုနတ်တို့သည် သီလဂုဏ်၊ သမာဓိဂုဏ် ပညာဂုဏ်တို့နှင့်ပြည့်စုံကြပေကုန်သည်ဟု ဒက္ခိဏေယျအနေနှင့် ကိုးကွယ်ရသည်မဟုတ်၊ ကံကို လုံးလုံးလွှတ်၍ ထိုနတ်တို့သည်သာ ကောင်းကျိုး မကောင်းကျိုးကို ပေးနိုင်သည်ဟု ကိုးကွယ်ရသည်လည်းမဟုတ်၊ လောက၌ အနာရောဂါ မကပ်မရောက်ပါစေခြင်းအကျိုးငှာ ဆေးသမားကြီးများကို ကိုးကွယ်ကြရသကဲ့သို့ ဥစ္စာပစ္စည်းပေါများစေခြင်း အကျိုးငှာ သူဌေးကြီး သူကြွယ်ကြီးများကို ချဉ်းကပ်နည်းယူဆည်းကပ်သကဲ့သို့လည်းကောင်း၊ ခပ်သိမ်းသော စည်းစိမ်ကျက်သရေ တို့ကို ရပါစေခြင်းငှာ မင်းစိုးရာဇာတို့ကို ကိုးကွယ်ကြသကဲ့သို့ ကိုးကွယ်ခြင်းသာဖြစ်သတည်း။
ကောင်းကောင်းတတ်ပေသော ဆေးသမားကြီးများကို ကောင်းစွာ ကိုးကွယ်လျှင် ရောဂါပျောက်ငြိမ်းမှု၊ သူဌေးကြီး သူကြွယ်ကြီးများကို ကောင်းစွာကိုးကွယ်ဆည်းကပ်လျှင် ပစ္စည်းဥစ္စာဖြစ်ထွန်းမှု၊ မင်းစိုးရာဇာ တို့ကို ကောင်းစွာကိုးကွယ်ခစားလျှင် စည်းစိမ်ကျက်သရေတို့ကို ခံစားရမှုများသည်လည်း လောကမျက်မြင်ပင်ဖြစ်ချေသည်။မင်းစိုးရာဇာတို့ကို မရိုမသေပြုကျင့်လျှင် စည်းစိမ်ဥစ္စာပျက်စီးမှု၊ အသက်ခန္ဓာ ပျက်စီးမှုများသည်လည်း လောကမျက်မြင်ပင် ဖြစ်ချေသည်။
အချုပ်အားဖြင့် တရားနှင့်လျော်ညီသော ကိုးကွယ်ပသမှုဆိုသည်မှာ နတ်တို့၏နေထိုင်ရာသဖွယ်ဖြစ်သော သစ်ပင်ကြီးများကို မခုတ်လှဲခြင်း၊ ကြက်၊ဝက်၊ ကျွဲ၊ နွား၊ စသောတိရစ္ဆာန်တို့ကို မသတ်ဖြတ်ခြင်း၊ ရေကန်၊ အင်းအိုင်၊ ချောင်း၊ မြောင်းများထဲမှငါးတို့ကို မဖမ်းယူခြင်း၊စသည်ဖြင့် ဤကဲ့သို့ မပြုလုပ်ခြင်းမျိုးကို တရားနှင့်လျော်ညီသော မြတ်စွာဘုရား ပူဇော်မှု အစောင့်အရှောက်ပေးမှုမျိုးသာဖြစ်ပြီး၊ မြန်မာနိုင်ငံ၌ နတ်များကို ကိုးကွယ်နေကြသော အနေအထားမျိုးသည် ကြက် ဘဲ ကျွဲ နွားစသော တိရစ္ဆာန်တို့ဖြင့် ပူဇော်ပသနေခြင်း၊ ထန်းရေ၊ အရက်တို့ဖြင့် ပူဇော်ပသနေခြင်းများမှာ တရားနှင့်လျော်ညီသော ပူဇော်ခြင်းမျိုး ဟုတ်၊ မဟုတ် လေးလေးနက်နက်စဉ်းစားသင့်လှပေတော့၏။
မဟာပရိနိဗ္ဗာနသုတ်၊ မဟာပရိနိဗ္ဗာနသုတ်၏ အဖွင့်အဋ္ဌကထာဖြစ်သော သုတ်မဟာဝါ အဋ္ဌကထာတို့၌ လေ့လာနိုင်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာကြပါစေ.........
No comments:
Post a Comment