Thursday, August 6, 2015

ငရဲဘုံ အ​ကြောင်း

ငရဲဘုံ ( ဒေါက်တာနန္ဒမာလာဘိဝံသ )

ငရဲဘုံဆိုတာ အားလုံးကြားဘူးတယ်။ ဒေ၀ဒူတသုတ္တန်မှာဆိုရင် ငရဲဘုံဟာ ငရဲကျသွားတဲ့သူတွေကိုအုပ်ချုပ်နေတဲ့ ယမမင်းကြီးဆိုတာရှိတယ်။ ယမမင်း ကြီးကိုဗုဒ္ဓစာပေမှာ သူတော်ကောင်းလို့ သတ်မှတ်တယ်။ ဘာဖြစ်လို့တုန်းဆို ယမမင်းကြီးကငရဲကျလာတဲ့ ပုဂ္ဂိုလ်တွေ ထဲကကယ်တင်လို့ရမယ့်ပုဂ္ဂိုလ်တွေကို ကယ်တင်ဖို့ဆိုတဲ့အနေအထားမျိုးနဲ့ သူနေတာ။ ဆွဲချဖို့သူနေတာမဟုတ်ဘူး။ တွန်းပို့နေတာမဟုတ်ဘူး။ အချွန်နဲ့မဖို့ မဟုတ်ဘူး။ အဆင်းကိုဘီးတပ်ဖို့နေတာ မဟုတ်ဘူး။ ဒုက္ခမရောက်ထိုက်တဲ့ပုဂ္ဂိုလ် တွေကို ဒုက္ခမရောက်အောင် ကယ်တင်ဖို့ ဖြေရှင်းဖို့ဆိုပြီး သူကလာပြီးတော့နေတာ ယမမင်းက သူတော်ကောင်းကြီး။

ယမမင်းကအမြဲတမ်းတောင့်တတယ်တဲ့ `ငါလူ့ဘ၀မှာဖြစ်ပါရစေ၊ ငါလူဖြစ်တဲ့အချိန်မှာ ဘုရားပွင့်တာနဲ့ကြုံပါရစေ။ အဲဒီဘုရားကိုလည်း ငါဆည်းကပ်ကိုးကွယ်နိုင်ပါရစေ။` လူလည်း ဖြစ်တယ် ဘုရားပွင့်တယ်ဘုရားဆီရောက်ချင် မှရောက်တာနော်။ ဒါကြောင့်အကြောင်းဆိုတာ ပိုပြည့်စုံအောင်လုပ်ရမယ်။ လူလည်းဖြစ်ရမယ် ဘုရားလည်းပွင့်ရမယ်။ ဘုရားဆီကိုလည်း သွားရောက်ဆည်းကပ်ရမယ်။ ဘုရားကလည်း တရားဟောရမယ်။ ဘုရားဟောတဲ့တရားကို လည်းသိပါရစေ။ အဲဒါမှပြည့်စုံတယ်နော်။ ဆုတောင်းလို့ရှိရင်အဲဒီလိုဆုတောင်းရမယ်။ အဲဒီလိုသူကအမြဲတမ်းတောင့်တနေတာ။ လူဖြစ်ပါရစေ လူဖြစ်တဲ့အချိန်မှာ ဘုရားပွင့် တာနဲ့ကြုံပါရစေ။ ဘုရားကိုလည်းဆည်းကပ် ပါရစေ။ ဘုရားကလည်းသူ့ကိုတရားဟော ပါစေ။ ဟောတဲ့တရားကိုသူနာပါရစေ။ နာပြီးတော့လည်း သိပါရစေ။ ယမမင်းကြီး ကအမြဲဆုတောင်းနေတယ်။

ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့ ငရဲရောက် သွားတဲ့ပုဂ္ဂိုလ်ဆိုရင် ငရဲသားတွေက အဲဒီငရဲ ကျလာတဲ့ငရဲကိုမယောင်မလည်နဲ့ ရောက်လာ တဲ့လူသစ်၊ သတ္တ၀ါအသစ်ကို ယမမင်းကြီးဆီ ခေါ်လာလေ့ရှိတယ်။ ခေါ်လာတဲ့အခါကျတော့ သူတို့ကဘာလုပ်လဲဆိုရင်``အရှင်မင်းကြီး ဟောသည်လူက အမေကိုလည်းမပြုစုဘူး။ ဆွေမျိုးတွေထဲမှာ အသက်အရွယ်ကြီးတဲ့သူ တွေကိုလည်း ဂရုမစိုက်ဘူး။ သမဏ ဗြဟ္မဏ ဆိုတဲ့ ဘာသာရေးလေးစားသူတွေကိုလည်း အလေးမမူဘူး။ ကုသိုလ်ကောင်းမှုလည်း မလုပ်ဘူး။ ဥပုသ်လည်းမစောင့်ဘူး။ ကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်၊ မကောင်းမှု ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ် သူ့ကိုအပြစ်ဒါဏ် ခတ်ပါ``လို့ဆိုပြီးသူ့ဆီလာပို့လိုက်တယ်။

ပို့ပြီးတဲ့အတိုင်း ယမမင်းကြီးကမေးတယ်။ သူ့ကို``မင်းလူ့ပြည်မှာ ပထမဆုံးနတ်တမန် ကိုမင်းတွေ့ခဲ့သလား။ ``လို့အဲဒီမေးခွန်းစမေး တယ်။ ထိုသူက ``မတွေ့ခဲ့ဘူး``တဲ့ ။``မင်းငါ ဆိုလိုတာကိုသေချာနားထောင် `` ``မင်းလူ့ပြည်မှာတဲ့ အသက် ၈၀-၉၀ အရွယ် ခါးတွေကိုင်းလို့၊ ဆံပင်တွေဖြူလို့၊ သွားတွေ ကျိုး အဲသလိုအဘိုးအိုကြီး အဖွားအိုကြီးတွေ ကို မင်းမမြင်ဖူးဘူးလား``ဆိုတော့ ``မြင်ဖူး ပါတယ်``။``အဲသည်လိုမြင်ဖူးတဲ့အခါတုန်းက မင်းမစဉ်းစားဘူးလား၊ ငါလဲတစ်နေ့ကျ အို ရဦးမှာဖူးလူးလားတဲ့``။ ````မစဉ်းစားပါဘူး`` တဲ့ ။ မေ့မေ့လျော့လျော့နေခဲ့ပါတယ်။ မေ့မေ့ လျော့လျော့နေတယ်ဆိုတာ ဘာမှမလုပ်ပဲ နေတာကိုပြောတာမဟုတ်ဘူး။ ကုသိုလ် ကောင်းမှုတစ်ခုမှ မလုပ်တာ။

စဉ်းစားရမှာက သြော် ငါလည်းတစ်နေ့ကျ အိုရဦးမှာပဲ။ အိုခြင်းသဘောကို မလွန်မြောက် နိုင်သေးဘူး။ မအိုခင်ငါကောင်းတာလေးတွေ လုပ်ဦးမှပဲ။ ``ဆိုတဲ့ ကုသိုလ်လုပ်ဖို့အတွက်ကို စိတ်ကိုမလှည့်ဘူး။ ကာမဂုဏ် အာရုံကိစ္စတွေ နဲ့ပဲ စားဝတ်နေရေးတွေနဲ့ နေ့စဉ်အချိန်ကုန် ပြီးကုသိုလ်ကောင်းမှု လုံးဝမလုပ်ခဲ့ဘူး။ ယမမင်းကြီးက သနားညှာတာပြီးပြောတော့ ပြောတယ်။ ``အေးလေ မင်းမေ့ခဲ့လို့မလုပ်တာ တော့ ဒီအကုသိုလ်အလုပ်တွေကို မင်းမေ့မေ့ လျော့လျော့ လုပ်ခဲ့တာတော့ မင်းအမေက လုပ်ခဲ့တာလည်း မဟုတ်ဘူး။ မင်းအဖေ လုပ်တာလည်း မဟုတ်ဘူး။ ဘယ်သူကမှ လုပ်တာလည်း မဟုတ်ဘူး။ မင်းကိုယ်တိုင် လုပ်တာ အဲဒီတော့ မင်းကိုယ်တိုင်ပဲခံစားရ လိမ့်မယ်တဲ့ ``။ ဒီလိုပဲပြောတယ်။

အဲဒီပထမတမန်အကြောင်းမေးတာမရတော့ ```ဒုတိယတမန်တော်ကို မင်းမြင်ခဲ့သလား`` လို့မေးတယ်။ ``မမြင်ခဲ့ပါဘူးတဲ့````မင်းနေ မကောင်းထိုင်မသာဖြစ်လို့ ကိုယ့်ရဲ့မစင် အညစ်အကြေးတွေမှာ လူးလဲအော်ဟစ်ပြီး တော့အများက ၀ိုင်းထူမှထနိုင်တဲ့လူနာကြီး ကော မင်းမမြင်ခဲ့ဘူးလား``၊ဆိုတော့ မြင်ခဲ့ပါတယ်``၊ ``အဲဒီလိုမြင်တဲ့အခါမှာ သိတတ်ပြီးတော့ စဉ်းစားဖူးလား။ ``ငါလဲပဲ တစ်နေ့နာရဦးမှာပဲ ၊ နာခြင်းသဘောကို မလွန်မြောက်နိုင်သေးဘူး။ မနာခင်က ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဦးမှပဲ ဆိုတဲ့အတွေး မင်းမပေါက်ဘူးလား`` ``မပေါက်ခဲ့ပါဘူးတဲ့။ စားဝတ်နေရေး အတွက်အချိန်ကုန်သွားပြီး ပျော်လို့ ပါးလို့ကာမဂုဏ် အာရုံတွေထဲမှာပဲ အချိန်ကုန်သွားခဲ့တယ်။ လူ့ဘ၀ ဘယ်လောက်ကြောက်စရာကောင်း တုန်းနော် ။ လုပ်ကိုင်စားသောက်ပြီး တော့ ဒီအတိုင်းပဲအချိန်ကုန်သွားတယ်။ ကုသိုလ်ကောင်းမှုအတွက် တစ်ခုမှ မလုပ်ဘူး။ ဒါနဲ့ယမမင်းကြီးက ခုနက လိုပဲပြောတယ်။ ``အေးလေ မင်းမေ့ခဲ့လို့ မလုပ်တာ တော့ ဒီအကုသိုလ်အလုပ်တွေ ကို မင်းမေ့မေ့လျော့လျော့ လုပ်ခဲ့တာတော့ မင်းအမေကလုပ်ခဲ့တာလည်း မဟုတ်ဘူး။ မင်းအဖေလုပ်တာလည်း မဟုတ်ဘူး။ ဘယ် သူကမှလုပ်တာလည်း မဟုတ်ဘူး။ မင်းကိုယ် တိုင်လုပ်တာ အဲဒီတော့ မင်းကိုယ်တိုင်ပဲ ခံစားရလိမ့်မယ်တဲ့ ``။ ဒီလိုပဲပြောတယ်။

နောက်တစ်ခါ-```တတိယတမန်တော်ကောမတွေ့ခဲ့ဘူးလား`` လို့မေးတယ်။ ``မတွေ့ခဲ့ပါဘူးတဲ့````သေဆုံး သွားတဲ့သူတွေကော မင်းမတွေ့ခဲ့ဘူးလား``၊ ဆိုတော့တွေ့ခဲ့ပါတယ်``၊ ``အဲဒီလိုတွေ့တဲ့အခါ မှာသိတတ်ပြီးတော့ စဉ်းစားဖူးလား။ ``ငါလဲပဲ တစ်နေ့သေရဦးမှာပဲ ၊ သေခြင်းသဘောကို မလွန်မြောက်နိုင်သေးဘူး။ မသေခင်က ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဦးမှပဲ လို့ စဉ်းစားပြီးတော့ ကောင်းတာတွေမလုပ်ခဲ့ ဘူးလား``ဆိုတော့``မေ့လျော့ခဲ့ပါတယ်။ မလုပ်ခဲ့ပါဘူး``တဲ့ဟောဒီလိုပဲဖြေတယ်။

ယမမင်းကြီးက တမန်သုံးယောက် `သူအို၊ သူနာ၊ သူသေ``ဆိုတဲ့ တမန်သုံး ယောက်အကြောင်း မေးစစ်ပြီးတဲ့အခါမှာ ``ကဲမင်းထိုက်နဲ့မင်းကံ `` အကယ်၍သူက ကုသိုလ်ကောင်းမှုများရှိလို့ရှိရင် သူက ဖော်ပြီးတော့ပေးတယ်၊ ဖော်ပေးရင်လဲ အဲဒီပုဂ္ဂိုလ်က သတိရပြီး သူ့ကံအရှိန်နဲ့ လွတ်သွားတာ။ ယမမင်းကလွှတ်ပေး တာမဟုတ်ဘူးနော် ။ သူကကူညီရုံ သက်သက်ပဲ။ သူကူညီဖို့လိုက်ရှာတာ ကူညီလို့မရဘူး။ သူကကောင်းတာ တွေက တစ်စက်မှမတွေ့ဘူး။ မကောင်း တာတွေချည်းပဲ။ ``ကဲမင်းထိုက်နဲ့မင်းကံ လို့ဆိုပြီး တခါတည်းငရဲသားတွေက ဆွဲ ခေါ်သွားတယ်။

ဆွဲခေါ်သွားပြီးတော့ ဘယ်ဘက်လက်ထဲမှာ သံချောင်းကြီး ထိုးထည့်လိုက်တယ်။ မီးရဲရဲ နဲ့သံချောင်းကြီး ထိုးထည့်လိုက်တာ။ ညာ ဘက်လက်ထဲမှာ သံချောင်းကြီးထိုးထည့် လိုက်တယ် ။ ဘယ်ဘက်ခြေထောက်မှာ သံချောင်းကြီး ထိုးရိုက်လိုက်တယ်။ ညာဘက်ခြေထောက်မှာလည်း မီးရဲရဲ တောက်နေတဲ့ သံချောင်းကြီးထိုးရိုက်ပြီး ရင်ဝမှာလည်း သံချောင်းကြီးထိုးရိုက် လိုက်တယ်။ သာမာန်လူတစ်ယောက် ဆိုရင်တော့ သေမှာပေါ့။ ငရဲသားက မသေဘူးတဲ့။ ဘာဖြစ်လို့တုန်းက့မကုန် သေးရင် မသေဘူးတဲ့။ ခံရဖို့ သက်သက် ပဲဟာ။ ဒီလိုမီးပူနေတဲ့သံချောင်းကြီး ရဲရဲတောက်နေတဲ့ သံချောင်းကြီး ရင်ဝထိုးထားတာတောင်မှ မသေဘူး တဲ့ သူက အော်ဟစ်ပြီးတော့ အသက် ရှင်နေတုန်းပဲ။ မောင်သက်ပြင်းဆိုတာ ငရဲပြည်မှာရှိတာနော်။ ကံမကုန်မချင်း သူတို့ဘယ်တော့မှ မသေဘူးတဲ့။

အဲဒီငရဲဘုံမှာ ညှင်းဆဲလိုက်ပုံက အမျိုးမျိုးပဲ။ ဇောက်ထိုးဆွဲပြီးတော့ ဓါးမတွေနဲ့ခုတ်တယ်။ လှည်းမှာတပ်ပြီး နွားလိုမောင်းတယ်။ မောင်းတဲ့မြေကြီးက လည်း မီးရဲရဲတောက်နေတဲ့ သံပူမြေကြီး ပေါ်မှာ၊ မီးတောင်ကြီးပေါ်တက်ခိုင်းတယ်။ မတက်ရင်နောက်က ရိုက်တယ်။ အဲဒီလိုတွေ လုပ်ပြီးနောက်ဆုံးကျ ဘယ်ထဲပြစ်ချတုန်းဆို ရင် ငရဲအိုးကြီးထဲ ပစ်ချတယ်။ ငရဲအိုးကြီးထဲ ပစ်ချ ပွက်ပွက်ဆူနေတဲ့ ငရဲအိုးကြီးထဲက ပြန်ပေါ်လာပြီဆို ဆယ်ဆယ်ပြီးတဲ့အခါကျ တော့ အ၀ီစိငရဲကြီးထဲ ထည့်ပြီးတော့ ပို့လိုက် ပြန်တယ်။ အဲဒီလိုနဲ့ ကံမကုန်မချင်းအဲဒီပုဂ္ဂိုလ် ဟာ အ၀ီစိငရဲထဲမှာ ဒီလိုပဲခံရတယ်တဲ့။

အ၀ီစိဆိုတာ သတ္တ၀ါတွေ အကြားအလပ်မရှိ ဘူး။ မှဒတောက်တွေရဲ့ အကြားအလပ်လည်း မရှိဘူး။ ငရဲခံနေရတဲ့သတ္တ၀ါတွေကလည်း ပြည့်နေတာ။ အပ်ဘူးထဲမှာ အပ်ကလေးတွေ ထည့်ထားသလိုပဲတဲ့ပြည့်နေတာ။ ဒါကြောင့် မို့ အ၀ီစိလို့ခေါ်တာ။ မီးတောက်တွေလည်း စဉ်ဆက်မပြတ် တဟုန်းဟုန်းတောက်နေတာ။ ချမ်းသာသုခရတဲ့ အကွက်လေးဆိုတာလည်း တခုမှမရှိဘူး။

အဲဒီငရဲက လေးထောင့်အဆောင်အအုံကြီး တဲ့ အကြီးကြီးနှစ်ယူဇနာရှိတဲ့ လေးထောင့် အဆောက်အအုံကြီး၊သံမိုး သံကာ သံခင်း နဲ့ သံတခါးကြီးတွေတပ်ထားတာ။ တခါတရံ ကျရင်ဒီတံခါးကြီးတွေက ``ဂျောင်း``ဆိုပြီး ပွင့်လာတယ်။ ပွင့်လာတဲ့အခါကျတော့ ငရဲသားတွေက အဲဒီကနေထွက်ပြေးကြတာ လွတ်မလားလို့ မလွတ်ဘူး။ သက်သက်အဲဒါ ဒုက္ခပေးတာ။ တံခါးကိုဖွင့်ပေးပြီး ထွက်ပြေး တဲ့သူတွေ အကုန်အရိုက်ခံရတယ်။ အဲသလို နဲ့ပဲ ဒုက္ခတွေရောက်ပြီးတော့ လွတ်ထွက် သွားတဲ့ကောင်လည်း ငရဲအိုးထဲတစ်ခါပြစ်ချ ခံရပြန်တယ်။ အဲသလိုဒုက္ခတွေရောက်ပြီး တော့ ငရဲခံရတယ်ဆိုတာ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်က ဒေ၀ဒူတသုတ္တန် မှာ ဟောထားတာရှိပါတယ်။

ဒေ၀ဒူတသုတ်က နှစ်သုတ်ရှိတယ်။ အင်္ဂုတ္ထိုလ်ထဲမှာ ၁-သုတ်၊ မဇ္ဈိမနိကာယ်မှာ ၁-သုတ်၊ အဲ့ဒီနှစ်သုတ်ကို ဖတ်ကြည့်လို့ ရှိရင် ငရဲအကြောင်းသိကောင်းစရာတွေ အကုန်ပြည့်စုံအောင် သိရပါလိမ့်မယ်။

အရှင် နန္ဒမာလာဘိဝံသ အဘိဓမ္မာမြတ်ဒေသနာ


No comments:

Post a Comment