Saturday, July 27, 2013

ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌ လာမည်


မြန်မာ့နိုင်ငံရေးကို အထူးစိတ်ဝင်စားသူဖြစ်သည့် ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာဂျွန်ဘာကိုသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မစ္စတာဂျွန်ဘာကိုသည် မြန်မာ့နိုင်ငံရေးကို အထူးစိတ်ဝင်စားသူဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ရောက်ရှိစဉ်ကလည်း မြန်မာ့အရေးကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဟု ယူဆထားသော မစ္စတာဂျွန်ဘာကိုသည် ထိုင်း-မြန်မာ နယ်စပ်တွင်သာ လည်ပတ်ဖူးပြီး မြန်မာနိုင်ငံသို့ ယခင်ကလာရောက် လည်ပတ်ခြင်း မရှိဖူးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဌေးဦးက ပြောကြားသည်။

မြန်မာနိုင်ငံကို လာရောက်မည်ဟု ပြောဆိုထားသော်လည်း လာရောက် လည်ပတ်မည့် အချိန်အတိအကျကိုမူ မသိရှိသေးကြောင်း ဦးရဲထွဋ်က ဆိုသည်။

ကွန်ဆာဗေးတစ်ပါတီ အမတ်တစ်ဦးဖြစ်သော မစ္စတာဂျွန်ဘာကိုသည် ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၂၀၀၉ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရပြီး အောက်လွှတ်တော် သက်တမ်းနှစ်ပေါင်း ၃၀၀ ကျော်အတွင်း ပထမဆုံးဂျူးလူမျိုး အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သည်။
 

 Credit toThe Voice Weekly

No comments:

Post a Comment