ကျောင်းသူ၊ ကျောင်းသားများ ပညာအရည်အသွေးနိမ့်ပါးခြင်း ကျူရှင်များကြောင့်ဖြစ်ရဟု ဒု-သမ္မတပြော

ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ကျောင်းသူကျောင်းသားများ ပညာအရည်အသွေး နိမ့်ကျနေ
ခြင်းသည် ဆရာ၊ ဆရာမများ ကျူရှင်သင်ပေးနေခြင်းကြောင့်ဟု စစ်ကိုင်းတိုင်း
မုံရွာမြို့ အမှတ် ၁ အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဇူလိုင်လ ၂၄ ရက်က
ပြုလုပ်သည့် မိဘဆရာအသင်းနှင့် တွေ့ဆုံမှုတွင် ပြောဆိုလိုက်သည်။
“ကလေးတွေရဲ့ ပညာရည် အရည်အသွေး တက်မလာရခြင်းဟာ ဆရာ၊ဆရာမတွေရဲ့
ကျူရှင်တွေပေးတဲ့ အတွက်ကြောင့် ပါတယ်ဆိုရင် ဆရာ၊ ဆရာမတွေ လက်ခံကြလိမ့်လို့
ထင်ပါတယ်”ဟု ဒုတိယသမ္မတက ပြောသည်။
သို့သော် အစိုးရစာသင်ကျောင်းများအတွင်း သင်ထောက်ကူပစ္စည်းများ
မလုံလောက်ခြင်း၊ စာသင်ခန်းနှင့် သင်ယူသည့် ကျောင်းသားဦးရေ မမျှတဘဲ
ရှိနေခြင်းတို့က အစိုးရ၏ လိုအပ်ချက်များသာ ဖြစ်သည်ဟု ပညာရေးဝန်ထမ်းတို့က
ဆိုကြသည်။
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောဆိုသည့်
ကျူရှင်များကြောင့် ကျောင်းသူ၊ကျောင်းသားတို့ ပညာ အရည်အသွေး
နိမ့်ကျရခြင်းဟု ပြောဆိုချက်သည် လက်ခံနိုင်ဖွယ်မရှိဟုလည်း ရန်ကုန်မြို့
မရမ်းကုန်းမြို့ နယ်အတွင်း ကျူရှင်ဝိုင်းများ ဖွင့်လှစ်ထားသူ ဆရာဦးညီထက်က
ဆိုသည်။
“ကျောင်းတွေမှာ သင်ကြတဲ့အခါ၊ ကျောင်းက ဆရာ၊ ဆရာမတွေက
ဘာကို သင်လိုက်တယ်ဆိုတာ နားမလည်ကြလို့ပါ၊ အခက်အခဲ ရှိကြလို့ပါ၊ အခု ကလေး
အားလုံးနီးပါးလောက်က ကျောင်းမှာ သင်ရင် နားမလည်တော့ ကျူရှင်တက်ကြတယ်၊
ကျူရှင်တက်လိုက်ရင် သူတို့ နားလည်ကြတယ်၊ ကျူရှင်တက်တာက ကလေးတွေဘက်မှာ
တိုးတတ်မှုရှိပါတယ်၊ ဘယ်သူကမှ ငွေရော၊ အချိန်ရော ပိုကုန်ချင်ကြမှာလဲ” ဟု ဦး
ညီထက်က ပြောသည်။
မုံရွာမြို့ အမှတ်၁အခြေခံပညာ
အထက်တန်းကျောင်းတွင် ပြုလုပ်သည့်ဆွေးနွေးမှုအတွင်း ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ကျောင်းသူ၊ ကျောင်းသားများကို စာသင်ကြားရာတွင်
ကိုယ်ပိုင်ဉာဏ်၊ အတွေးအခေါ်များ မြင့်မားလာရန် သင်ကြားပေးစေလိုကြောင်း ဆရာ၊
ဆရာမများကို တိုက်တွန်းသွားသည်။
“ဆရာ၊ ဆရာမများအနေဖြင့်
ကလေးတွေကို ကိုယ့်သားသမီးတွေလို သဘောထားပြီး ကိုယ်ပိုင်ဉာဏ်၊
ကိုယ်ပိုင်အတွေးအခေါ်နဲ့ သိမြင်လာအောင် စေတနာထားပြီး
သင်ကြားပို့ချပေးသွားရန် နိုင်ငံတော်ရဲ့ ကိုယ်စား ပြောလိုပါတယ်”ဟု ပြောသည်။
Credit to Mizzima News
No comments:
Post a Comment