ဆရာတော်ထံ ခွင့်ပြုချက်မတောင်းဘဲ ကူးယူဖော်ပြခဲ့သည့်အတွက် သည်းခံခွင့်လွတ်တော်မူနိုင်ပါရန် ဦးခိုက်လျှောက်ထားအပ်ပါသည်။
သမိုင်းဝင် လာဘ်ရွှင်ဂါထာတစ်ပုဒ်
စာမိတ်ဆက်
လောကလူသားတွေက
ကိုယ်အပါဝင်ပေါ့ ခက်တော့ ခက်သားပဲ၊ လာဘ်ရဆိုရင် သိပ်စိတ်ဝင်စားကြတာ၊
ဗေဒင်မေးရင်တောင် လာဘ်ကောင်းလာဘ်မြတ်တွေ ၀င်ဖို့ ဘယ်တော့မှ မမေ့ကြပါဘူး၊
တနေ့က ဒကာမတစ်ယောက်က ဘုန်းဘုန်း “လလိတံ” ဆိုတဲ့ပုဒ်ကို
ဘာသာပြန်ပေးပါဘုရားတဲ့၊ မြန်မာလို သိတော့
ပိုရွတ်လို့ကောင်းတာပေါ့ဘုရားတဲ့၊ ပါဠိပုဒ်တွေဆိုတာ ပုဒ်တစ်ပုဒ်တည်းနဲ့
အဓိပ္ပါယ်များစွာ ထွက်နေတာဆိုတော့ ဘယ်နေရာပါလဲဆိုတာ ၀ါကျလိုက်
အပြည့်အစုံပေးပါဆိုတော့၊ တပည့်မထဲမှာ ပါမလာဘူးဘုရား နောက်မှ စာရွက်နဲ့
ရေးလာပါ့မယ်ဘုရားတဲ့။ စာရေးသူလဲ ဘယ်နေရာမှာ ဘယ်လိုအဓိပ္ပါယ်နဲ့
ဟောထားသလဲဆိုတာ သိချင်တာနဲ့ ပါဠိတော် အဋ္ဌကထာတွေထဲ မွှေနှောက် ရှာတယ်၊
ခေါင်းမူးနေအောင် ရှာတယ်၊ မတွေ့ဘူး၊ နောက်တော့ အင်တာနက်မှာ
ဝင်ရှာလိုက်တော့ “လလိတံ” ပါတဲ့ ဆိုက်တွေ တန်းစီထွက်လာတယ်၊ အဲဒီအထဲကမှ
ဆိုက်တစ်ဆိုက်ကို
ဖွင့်လိုက်တော့ လာဘ်ရ ဂါထာဟု ယုံကြည်လက်ခံထားတဲ့ ဂါထာ တစ်ပုဒ်ထဲက
ဖြစ်နေတာ တွေ့ရတယ်၊ ဒါနဲ့ အဲဒီ ဂါထာ အပြည့်အစုံကို ထိုမေးသော ဒကာမအား
ပေးလိုက်တော့ “ဘုန်းဘုန်း အရမ်းတော်တယ်၊ တပည့်တော်မ သိချင်နေတာလဲ
အဲဒီဂါထာပဲ ဘုရားတဲ့၊” တိုက်ဆိုင်သွားပြန်ပြီ။
စာရေးသူလဲ
သူတို့လိုပဲ လာဘ်ရချင်ပုံပဲ၊ ဘာပဲဖြစ်ဖြစ် ဘုရားဂုဏ်တော်တွေကို
ဖော်ထုတ်ထားတဲ့ ဘုရားရှိခိုး ဂါထာတစ်ပုဒ် ဖြစ်နေတော့ စာရေးသူ၏
ဆိုက်ထဲမှာလဲ မှတ်စုအနေနဲ့ ကျန်သွားအောင် ထိုဆိုက်ထဲကနေ ထိုဂါထာကို
ကူးယူလိုက်သည်။
ထိုဆိုက်သည်လည်း မြတ်မင်္ဂလာ (၂၀၀၉-ခု ဇူလိုင်လ)ထုတ်မှ ဟု ဖော်ပြထားသည်။
(ဘုရားရှင်၏ဂုဏ်တော်များ အာရုံယူကာ ဂုဏ်တော်များကို ပွားများရန်၊ အမေရိကရှိ သီတဂူ ရွှေစည်းခုံစေတီတော်)
ဂါထာရဲ့ လာဘ်သမိုင်း
ထိုဆိုက်ထဲမှာပဲ
ဒီဂါထာရဲ့ သမိုင်းကို ယခုလက်ရှိ နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော်
(ဗန်းမော်) ဘဒ္ဒန္တကုမာရာဘိဝံသက ပြောသည်ဟု ဆိုထားသည်။ တနေ့တော့ ရသေ့ကြီး
ဦခန္တီ (ဦးခန္တီဆိုရင် လူတိုင်းက သိသည်) သည် ၀ါးချက်ကျေးရွာ
မင်းကျောင်းဆရာတော်ကို လာဖူးသည်။ မင်းကျောင်းဆရာတော်သည် စစ်ကိုင်းတောင်ရိုး
ပတ္တမြားစေတီတော်ကြီး၏ အရှေ့ဘက် လှေခါးခြေရင်းမှာ ရှိသော ၀ါးချက်ရွာတွင်
ရှိသည်၊ စာရေးသူ မွေးရပ်ဇာတိနဲ့ ကပ်လျှက်ရွာဖြစ်သည်၊ ဧရာဝတီမြစ်နဘေးမှာ
ရှိသဖြင့် လေကောင်း လေသန့်ရသည့်အပြင် တမျှော်တခေါ် ဧရာဝတီမြစ်ကြီးနဲ့
စိမ်းဆိုသော စိုက်ခင်းများကလဲ ကော်ဇောအစိမ်းကြီး ခင်းထားသလို
ကြည့်ကောင်းသည်။ ထိုကျောင်းတွင် ပထမမင်းကျောင်းဆရာတော်သည် ဘုရင်ကိုးကွယ်
ပုဂ္ဂိုလ်ထူးဖြစ်သည်၊ ရသေ့ကြီး ဦးခန္တီ လာရောက်ဖူးမျှော်ခဲ့သော
ဒုတိယမင်းကျောင်းဆရာတော်သည်လည်း သီလ သမာဓိ ပညာဖြင့် ပြည့်စုံသည်ဟု
ကျော်ကြားသည်။
ဆရာတော်ကြီးဆီ ရောက်လာသော ရသေ့ကြီးကို “ ရသေ့ကြီးက
မြန်မာပြည်အနှံ့အပြားမှာ ဘုရား ကျောင်းကန်တွေ ဆောက်လုပ် လှူဒါန်းခြင်း၊
အပျက်အစီးများကို ပြုပြင်လှူဒါန်းခြင်းများ ပြုလုပ်နေသည်ဟု
နာမည်ကျော်လှသည်၊ လာဘ်လာဘ ဘုန်းလဲ ကြီးသည်ဟုလဲ နာမည်ကျော်လှသည်။ ရသေ့ကြီး၏
အစွမ်းကြီးမှုကို ဘုန်းကြီး မြင်လိုလှသည်၊ ရသေ့ကြီးလဲ ကောင်းပါပြီဘုရား
တပည့်တော်ကို တစ်နာရီခန့်သာ စောင့်ပေးပါဘုရားဟု ဆိုကာ ဘုရားရှေ့တွင်
သီလဆောက်တည်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ပွားသည်၊ ၄၅ မိနစ်ခန့်မှာပဲ ရသေ့ကြီး
အလုပ်ပြီးသွားသောအခါ ဆရာတော်ကြီးနား ပြန်ရောက်လာသည်။ ဆရာတော်ကြီးက
ရသေ့ကြီး ဘာမှ မထူးသေးပါလားဟု မေးသောအခါ တစ်နာရီပြည့်ထိ
စောင့်ပေးပါဘုရားဟု ဆိုသတဲ့၊ မကြာမီမှာပဲ ဘုရားဖူးများ ရောက်လာပြီး
လက်ဝတ်ရတနာတွေ ချွတ်လှူသွားကြသတဲ့။
မင်းကျောင်းဆရာတော်သည်လည်း
ထိုရသေ့ကြီးလိုပဲ လာဘ်ရစွမ်းလှသည်၊ အရှင်ဘုရားရဲ့ အစွမ်းကိုလဲ
မြင်လိုလှပါတယ်ဘုရားဟု ရသေ့ကြီး လျှောက်ထားသောအခါ
မင်းကျောင်းဆရာတော်ကြီးသည်လည်း ၄၅ မိနစ်ခန့် ဘုရားရှေ့မှောက်မှာ
ဂါထာတစ်ပုဒ်ကို ရွတ်ပွားတော်မူသည်၊ မကြာမီမှာပဲ သင်္ကန်း အစုံ ၁၀၈ စုံနဲ့ လူ ၃
ယောက် ရောက်လာပြီး ဆရာတော်ကြီးကို လှူသွားသတဲ့။ ဤသို့အားဖြင့် အပြန်အလှန်
လာဘ်ရအစွမ်းသတ္တိများ ပြပြီးသော အခါ အချင်းအချင်း ဆွေးနွေးကြသည်၊
ထိုသို့ဆွေးနွေးရာမှာ အစွမ်းသတ္တိနဲ့ပတ်သက်ပြီး ဘယ်ဂါထာကိုရွတ်ပွားကြသလဲလို့
အချင်းချင်း မေးသောအခါ တိုက်တိုက်ဆိုင်ဆိုင် နှစ်ဦးလုံးရွတ်ပွားသည့်
ဂါထာသည် တစ်ပုဒ်တည်း အတူတူ ဖြစ်နေသည်၊ တိုက်ဆိုင်သည်လား စဉ်းစားစရာပင်
ဖြစ်သည်။ ထိုသို့ ထူးခြားသော သမိုင်းဝင်ဂါထာကို မြန်မာပြန်နှင့်
တွဲတင်ပေးလိုက်သည်။
တိုက်ဆိုင်လွန်းလှသည့် ထူးဆန်း ဂါထာ
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
အနက်မြန်မာ
အရဟံ-ပူဇော်အထူးကို
ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ ဗဟိအန္တဇယံ-အတွင်းအပ ရန်ကို
အောင်တော်မူသော မြတ်စွာဘုရား။ သုဂတံ-ကောင်းသောစကားကို
ဟောပြောတတ်သောမြတ်စွာဘုရား။
အမိတံ-မနှိုင်းယှဉ်နိုင်သည့်
တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ ၀ိရဇံ-ကိလေသာမြူ
ကင်းတော်မူသော မြတ်စွာဘုရား။ လလိတံ-တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရား။
အတုလံ-အတုမရှိသော မြတ်စွာဘုရား။ စရဏံ-အကျင့်စရဏနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား။ တိဘ၀ူပသမံ-ဘုံသုံးပါး၌ ကိလေသာမြူ ငြိမ်းအေးတော်မူသော
မြတ်စွာဘုရား။ ယမကံ-ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား။ သုခဒံ-ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရား။
သရဏံ-ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရား။ ဇိနံ-မာရ်ငါးပါးကို
အောင်တော်မူသော မြတ်စွာဘုရားကို။ အဟံ- တပည့်တော်၊ တပည့်တော်မသည်။
ပဏမာမိ-ရှိခိုးပါ၏။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အတွင်းရှိ ရုပ်ပွားဆင်းတုတော်)
ဘုရားဂုဏ်၏ အစွမ်း
ဒီဂါထာမှာ
ဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်တော် ၁၃ ခုကို သီကုံးဖွဲ့စည်းထားသည်၊
ဘုရားရှင်၏ ဂုဏ်တော်ကို လေးလေးနက်နက် အာရုံပြုနိုင်အောင်
ရှိခိုးနိုင်အောင် ရှေးဆရာများ သီကုံးထားသည့် ဂါထာတစ်ပုဒ်ဖြစ်သည်။
တကယ်တော့ ဘုရားရှင်ကိုယ်တိုင်က ပါရမီတော်များတွင် ဒါနပရမတ္ထပါရမီတော်ကိုလည်း
အထူး ဖြည့်လာခဲ့သည့် ဘုန်းရှင်ကံရှင် ဖြစ်ရကား ဘုန်းကံကြီးမားတော်မူသော
ဘုရားရှင်၏ဂုဏ်တော် ပွားသူတိုင်း လိုအင်ဆန္ဒပြည့်ဝသည်၊ သို့သော်လည်း
လာဘ်ရဖို့၊ အလိုဆန္ဒတစ်ခု ပြည့်ဝဖို့အတွက်နဲ့တော့ မရွတ်သင့်၊ တကယ့်ကို
ရင်ထဲမှာ ဘုရားရှင်၏ ဂုဏ်တော်တွေကို တစ်ခုချင်းစီ အာရုံပြုပြီး
ပွားများသင့်သည်၊ ပုတီးစိတ်လိုက စိတ်နိုင်သည်၊
ဘုရားရှိခိုးဂါထာဖြစ်သည်အတွက် အကြိမ်များစွာ ဘုရားရှိခိုးနိုင်သည်၊
စိတ်သည် ဘုရားရှင်၏တန်ခိုး အဖုံဖုံ ဂုဏ်တော်အမျိုးမျိုးတို့ဖြင့် ထုံမွမ်းလျှင် အစွမ်းသတ္တိရှိလာနိုင်သည်၊ ထိုသို့ပွားများသည့် အခါတိုင်းမှာ-
၁။ အကြိမ်များစွာ (စိရကာလ ဘာဝနာ) ပွားများပါ၊
၂။ နေ့စဉ်အဆက်မပြတ် (နိရန္တရ ဘာဝနာ) ပွားများပါ၊
၃။ အသေးအမွှားပဲဟု ချန်မထားဘဲ အကြွင်းအကျန်မရှိ အကုန် (နိရ၀သေသ ဘာဝနာ) ပွားများပါ၊
၎။ ရိုရိုသေသေ လေးလေးနက်နက် (သက္ကစ္စ ဘာဝနာ) ပွားများပါ၊
၅။ ပျော်ပျော်ရွှင်ရွှင် စိတ်စေတနာ ပါပါ (အဘိရတိ ဘာဝနာ) ပွားများပါ။
ဤ
ငါးမျိုးသော ပွားများခြင်းနည်းစနစ်က ဘုရားလောင်း ပါရမီဖြည့်ခဲ့သော
နည်းစနစ်ဖြစ်သည်၊ လောကုတ္တရာလိုင်းပဲ ဖြစ်ဖြစ် လောကီရေးရာပဲ ဖြစ်ဖြစ်
ဘာပဲလုပ်လုပ် ထို နည်းငါးမျိုးနဲ့ အလုပ်လုပ်ပါက အောင်မြင်ပါလိမ့်မည်။
ဗုဒ္ဓဘာသာ ကလေးတစ်ယောက်က “နမော ဗုဒ္ဓဿ”ဟု ဆိုပြီးမှ ပေးဒိုးလိမ့်ကစားသတဲ့၊
ထိုသို့ ကစားတိုင်းလဲ သူပဲ အနိုင်ရသည်တဲ့၊ ဘုရားလက်ထက်က တကယ့်ဖြစ်ရက်မှန်
ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။
အပါဒါနပါဠိတော်-၁-နှာ-၇၆မှာ
ဂါထာလေးတစ်ပုဒ်တွေ့တယ်၊ ဘာဝနာတွေထဲက အကောင်းဆုံး ဘာဝနာဖြစ်တဲ့
ဘုရားဂုဏ်တော်တွေကို ပွားများခြင်းဆိုတဲ့ ဘာဝနာ (ဗုဒ္ဓါနုဿတိ)ကို
အထက်ပါနည်းစနစ်အတိုင်း ပွားများပါက လိုအင်ဆန္ဒပြည့်ပါလိမ့်မည်၊ လို-တ-ရ
ဖြစ်ပါလိမ့်မည်။
ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ။
ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿတိ မာနသံ။
ထို့ကြောင့်
ဘုရားဂုဏ်တော်များကို ဘယ်ဂုဏ်တော်ပဲ ဖြစ်ဖြစ် ဘုရားဂုဏ်တော်နဲ့ပတ်သက်တဲ့
ဘယ်ဂါထာပဲ ဖြစ်ဖြစ် စွဲစွဲမြဲမြဲ နေ့စဉ် ရွတ်ပွား အာရုံပြုနေဖို့ပဲ
ဖြစ်ပါသည်၊ အနဲဆုံး လက်တွေ့အနေနဲ့ စိတ်တည်ငြိမ်ပြီး
စိတ်ချမ်းသာပါလိမ့်မည်။ ရချင်လိုချင်မှ ထပွားတာမျိုးကတော့ “အခု ရေတွင်းတူး
အခု ရေသောက်” ဆိုတာလိုကတော့ ဘယ်ဖြစ်မလဲ၊ ဘာမှ ဖြစ်လာမှ မဟုတ်၊
ဝိသာခါကျောင်းအမကြီးကတော့ ခလုပ်တိုက်မိတိုင်းတောင် “န မော တဿ ဘဂ၀တော”
စသည်ဖြင့် ဘုရားကို ရှိခိုးပြီးသားဖြစ်သွားသည်၊ ဘုရားဂုဏ်တော်ကို အမြဲပွား
အမြဲသတိရနေသူတို့၏ အကျင့်ဖြစ်သွားသည်။ ခလုပ်တိုက်မိမှ အမိတ
ဆိုတာမျိုးမဖြစ်စေဘဲ နဂိုကထဲက ကိုယ့်သဒ္ဓါ ကိုယ့်စေတနာ အလျောက်
ပွားများရမှာ ဖြစ်ပါသည်။ တချို့က အခုလုပ် အခုဖြစ်ဆိုတာမျိုးကိုပဲ
လိုချင်သည်၊ အလိုကြီးသည် ဆိုရမည်။ ဘယ်အရာမှ လွယ်လွယ်နဲ့ ရသည်မရှိ။
ရသည့်အရာလဲ တန်ဖိုးရှိလိမ့်မည် မဟုတ်။
ကိုယ်စောင့်တရား လေးပါး
ဗုဒ္ဓဂုဏ်တော်
(ဗုဒ္ဓါနုဿတိ) ကို မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်သော
ကိုယ်စောင့်တရားအနေနဲ့လဲ ပွားများဖို့ရန် ရှေးဆရာတို့ လက်ဆင့်ကမ်း
မိန့်ခဲ့သည်။ ထို ကိုယ်စောင့်တရား လေးပါးကား
၁။ ဗုဒ္ဓါနုဿတိ=ဘုရားဂုဏ်တော်များကို အားရုံပြု ပွားများခြင်း
၂။ မေတ္တာဘာဝနာ= မေတ္တာ ပို့သခြင်း
၃။ အသုဘဘာဝနာ= လောဘ-မာန-ရာဂ ကင်းရေးအတွက် အသုဘပွားများခြင်း
၎။
မရဏဿတိ= သေခြင်းတရားကို အဖန်ဖန် အမှတ်ရခြင်းဖြင့် ဒေါသ-မာနစသည့်
အကုသိုလ်စိတ်များကင်းခြင်း၊ ဘ၀အတွက် အဆင်သင့်ဖြစ်နေခြင်း စသည်အားဖြင့်
ထိုတရား လေးပါးကို နေ့စဉ် ပွားများနေပါက မိမိအတွက် စိတ်ဓာတ်ကျခြင်း၊
စိတ်ပူပန်ရခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ အပြင် အခြားသော
ဘေးဥပါဒ်တွေကို ငြိမ်းအေးစေနိုင်သည်။ ဗုဒ္ဓါနုဿတိသည် ကမ္မဋ္ဌာန်းတရား
အားထုတ်သူတွေအတွက် အာရုံကောင်းတစ်ခုလဲ ဖြစ်သည်။ အပ္ပမာဒ (သတိ)အတွက်
အကောင်းဆုံး တရားလဲဖြစ်သည်။
“ဘုရားဖက်တော့ အသက်ရှည်
တရားဖက်တော့ အမြတ်ပြေ
သံဃာဖက်တော့ အခက်ဝေ”တဲ့။
ဘုရာဖက်၍ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။
တရားဖက်၍ စိတ်ချမ်းသာ အမျက်ပြေကြပါစေ။
သံဃာဖက်၍ အခက်ဝေ တိုးတက် ကြီးပွားကြပါစေ။
လာဘ်ရွှင်ချင်သလား၊
အသက်ရှည်ချင်သလား၊ စိတ်ချမ်းသာချင်သလား၊ စိတ်အကြံတိုင်းအောင်
မြင်ချင်သလား၊ ဘုရားဂုဏ်တော်များကို စွဲစွဲမြဲမြဲ ပွားများလေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၈-၂၀၁၂