Monday, September 18, 2017

သက္ကာယဒိဋ္ဌိက နိဗ္ဗာန်​လမ်း​ကြောင်းကို ပိတ်​ဆို့ထားတယ်​(ပါ​မောက္ခချုပ်​ဆရာ​တော်​ကြီး)

သက္ကာယဒိဋ္ဌိက နိဗ္ဗာန်လမ်းကြောင်းကို ပိတ်ဆို့ထားသည်
<><><><><><><><><><><><><><><><><>
ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ ကုသိုလ်ကောင်းမှုတွေကို
ပြုတိုင်း ပြုတိုင်း နိဗ္ဗာန်ကို ဆုတောင်းလေ့ရှိကြတယ် ။
ဗုဒ္ဓဘာသာဝင်တွေ လိုလားတဲ့ နိဗ္ဗာန်ကို သွားရောက်တဲ့
လမ်းကြောင်းကြီးကို ဘယ်တရားက ပိတ်ဆို့ထားသလဲဆိုရင်
သက္ကာယဒိဋ္ဌိက ပိတ်ဆို့ထားတယ် ။
ကားတွေသွားတဲ့လမ်းကြောင်းကို တစ်ခုခုက ပိတ်ဆို့နေရင်
ကားတွေ သွားလို့မရတော့ဘူး ။
အဲဒီလိုပဲ နိဗ္ဗာန်ကိုသွားချင်သူတွေအဖို့ နိဗ္ဗာန်လမ်းဟာ
ပွင့်နေဖို့ အရေးကြီးတယ် ။
နိဗ္ဗာန်လမ်း မပွင့်အောင် သက္ကာယဒိဋ္ဌိဆိုတဲ့
ခန္ဓာငါးပါးနဲ့စပ်ပြီး မှားယွင်းတဲ့အမြင်ကြီးက
နိဗ္ဗာန်လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်တယ် ။
နိဗ္ဗာန်ကိုမြင်ရဖို့ မဆိုထားနဲ့ နိဗ္ဗာန်ကို ဦးတည်သွားတဲ့
လမ်းကြောင်းပေါ်မရောက်နိုင်အောင် သက္ကာယဒိဋ္ဌိဆိုတဲ့
တရားက ပိတ်ဆို့ထားတယ် ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က သံယုတ်ပါဠိတော်မှာ
နတ်သားတစ်ယောက်ကို အမှန်အကန်သိရဖို့
တုန့်ပြန်ပြောကြားထားတဲ့ဂါထာလေးတစ်ပုဒ်ရှိတယ် ။
နတ်သားကလျှောက်ထားတဲ့ဂါထာက -
" သတ္တိယာ ဝိယသြမဋ္ဌော
ဍယှမာနောဝမတ္ထကေ ။
ကာမရာဂ ပဟာနာယ
သတောဘိက္ခု ပရိဗ္ဗဇေ ။ "
အဓိပ္ပါယ်က -
" ရင်ဝကို လှံစူးခံနေရတဲ့လူတစ်ယောက်ဟာ
လှံကို အရေးတကြီး ဆွဲနုတ်ရမှာဖြစ်သလို
ဦးခေါင်းကို မီးလောင်ခံနေရတဲ့သူတစ်ယောက်ဟာ
မီးကိုအရေးတကြီး ငြိမ်းသတ်ရမှာဖြစ်သလို
သတိရှိသော အပါယ်ဘေးကို ရှုမြင်တတ်သူဟာ
ကာမရာဂကို အရေးတကြီးပယ်ဖို့ကြိုးစားသင့်တယ် " လို့
လျှောက်တယ် ။
အဲဒါကို မြတ်စွာဘုရားက သူ့စကားကိုပြင်ဆင်ပြီး
မိန့်ကြားခဲ့တယ် ။
" သတ္တိယာ ဝိယသြမဋ္ဌော
ဍယှမာနောဝမတ္တကေ ။
သက္ကာယဒိဋ္ဌိ ပဟာနာယ
သတောဘိက္ခု ပရိဗ္ဗဇေ ။ "
အဓိပ္ပာယ်ကတော့ -
" ရင်ဝကို လှံစူးခံနေရတဲ့သူဟာ လှံကို
အရေးတကြီး ဆွဲနုတ်ရမှာဖြစ်သလို
ဦးခေါင်းကို မီးလောင်ခံနေရတဲ့သူဟာ မီးကို
အရေးတကြီး ငြိမ်းသတ်ရမှာဖြစ်သလို
သတိရှိသော အပါယ်ဘေးကိုရှုမြင်တတ်သူဟာ
သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန် အရေးကြီးတယ် ။ " လို့
မြတ်စွာဘုရားက မိန့်ကြားခဲ့တယ် ။
အရေးအကြီးဆုံးက သက္ကာယဒိဋ္ဌိကို ဖယ်ရှားပစ်ဖို့လို့
ဒီဒေသနာမှာ ဟောထားတယ် ။
အခြေခံကျလို့ သက္ကာယဒိဋ္ဌိက ပိုပြီးတော့ အရေးကြီးတယ် ။
➡ " ကာမရာဂ " ဖယ်ရှားဖို့ဆိုတာ အဆင့်ကျော်သွားတယ် ။
" သက္ကာယဒိဋ္ဌိ " မဖယ်ရှားဘဲနဲ့ " ကာမရာဂ " ဖယ်ရှားလို့
မဖြစ်ဘူး ။ ဒါကြောင့်မို့ မြတ်စွာဘုရားက အခြေခံကစပြီး
မိန့်ကြားတယ် ။
ဒါဖြင့် နိဗ္ဗာန်ကိုသွားဖို့ အကျင့်ကို ကျင့်တိုင်း ကျင့်တိုင်း
သက္ကာယဒိဋ္ဌိကို ဖယ်ရှားဖို့က အင်မတန်မှ
အရေးကြီးတယ် ။
အဲ့တော့ နိဗ္ဗာန်သွားချင်တဲ့ ပုဂ္ဂိုလ်တိုင်း နိဗ္ဗာန်သွားတဲ့
လမ်းကြောင်းကြီးပွင့်နေအောင် လမ်းကြောင်းကို
ပိတ်ဆို့ထားတဲ့ သက္ကာယဒိဋ္ဌိကို ဖယ်ရှားဖို့
အရေးကြီးတယ် ။
ဒါဖြင့် ပိတ်ဆို့နေတဲ့ သက္ကာယဒိဋ္ဌိကို ဖယ်ရှားဖို့
" သက္ကာယဒိဋ္ဌိ " ဆိုတာ ဘာကိုပြောတာလဲဆိုတာကို
အရင်နားလည်အောင်လုပ်ကြဖို့လိုတယ် ။
ခန္ဓာငါးပါးနဲ့စပ်ပြီးတော့ မှားယွင်းတဲ့အမြင်တစ်ခု
သောတာပန်မဖြစ်သေးတဲ့ပုဂ္ဂိုလ်တိုင်းမှာ
အနုသယဓါတ်အနေနဲ့ရှိနေတယ် ။
အခုခေတ်အနေနဲ့ပြောရရင် သက္ကာယဒိဋ္ဌိဆိုတဲ့
အမြင်မှားကြီးဟာ လူတိုင်းရဲ့စိတ်ထဲမှာ positive
ဖြစ်နေတယ်လို့ ဒီလိုပြောရမယ် ။
ခုခေတ်စက်တွေနဲ့ ရောဂါရှာဖွေကြရင် Aပိုး Bပိုး
Cပိုးဆိုတာတွေ positiveဆို လူတွေကြောက်ကြတယ် ။
ပုထုဇဉ်တွေရဲ့စိတ်ကို ဓမ္မနဲ့စမ်းသပ်ကြည့်လိုက်မယ်ဆိုရင်
" သက္ကာယဒိဋ္ဌိ " ဟာ positive ဖြစ်နေကြတယ် ။
အဲဒီသက္ကာယဒိဋ္ဌိ positiveဖြစ်နေတာဟာ
အန္တရာယ်ကြီးတစ်ခုဘဲ ။
နိဗ္ဗာန်လမ်းကြောင်းကြီး ပိတ်မိနေပြီ ။
နိဗ္ဗာန်ကို ဘယ်လိုသွားချင်လို့မှ မရနိုင်တော့ဘူး ။
အဲ့တော့ နိဗ္ဗာန်လမ်းကြောင်း ပိတ်နေတယ်ဆိုတည်းက
' အပါယ်လမ်းကြောင်း ' ပွင့်နေတယ်ဆိုတဲ့ အဓိပ္ပါယ်လဲ
ရတယ်လေ ။ အဲဒါကြောင့် နိဗ္ဗာန်လမ်းကြောင်းကြီး
ပွင့်အောင် သက္ကာယဒိဋ္ဌိကို ဖယ်ရှားနိုင်ဖို့ ကြိုးစားကြရမယ် ။
ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတာ ဘာကိုပြောတာလဲ
အရင်နားလည်အောင် လုပ်ကြရမယ် ။
စာပေကျမ်းဂန်တွေမှာ သက္ကာယဒိဋ္ဌိနဲ့ပတ်သက်ပြီး
ဖွင့်ဆိုထားတာ အဓိပ္ပါယ် ၂မျိုးရှိတယ် ။
" သက္ကာယဒိဋ္ဌိ " ဆိုတာ စကားလုံး ၃လုံး ပေါင်းပြီး
တော့ထားတာ ။
* ' သ ' ရယ်
' ကာယ ' ရယ်
' ဒိဋ္ဌိ ' ရယ် ။
* ' သ ' ဆိုတာ ထင်ရှားရှိသော
' ကာယ ' က အစု
' ဒိဋ္ဌိ ' က မှားယွင်းတဲ့အမြင် ။
ထင်ရှားရှိသောအစုဆိုတာ ဘာကိုပြောတာလဲဆိုရင်
' ခန္ဓာ ' ကိုပြောတာ ။
ဥပါဒါန်ရဲ့အာရုံဖြစ်တဲ့ တဏှာ မာန ဒိဋ္ဌိတို့ရဲ့
ပေါက်ဖွားရာ ဥပါဒါနက္ခန္ဓာ ။
' ဥပါဒါနက္ခန္ဓာ ' ဆိုတာ တဏှာ မာန ဒိဋ္ဌိတို့ရဲ့
ပေါက်ဖွားရာ ( သို့မဟုတ် ) တဏှာ မာန ဒိဋ္ဌိတို့
positive ဖြစ်နေတဲ့ခန္ဓာ ။
တဏှာ မာန ဒိဋ္ဌိ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေရဲ့
ခန္ဓာတွေမှာ သက္ကာယဒိဋ္ဌိဟာ positive ဖြစ်နေတယ် ။
' သ ' ဆိုတာ ထင်ရှားရှိသော
' ကာယ ' က အစု
ရုပ်အစု
နာမ်အစု ( ဝေဒနာအစု သညာအစု သင်္ခါရအစု ဝိညာဏ်အစု )
' ခန္ဓာ ' ဆိုတာနဲ့ ' ကာယ ' ဆိုတာဟာ အစုကို
ဖော်ပြတာချင်း အတူတူပဲ ။
ရုပ်ဆိုရင် အတိတ်ကရုပ်ဖြစ်ဖြစ် ပစ္စုပ္ပန်ရုပ်ဖြစ်ဖြစ်
အနာဂတ်ရုပ်ဖြစ်ဖြစ် မိမိသဏ္ဍာန်မှာရှိတဲ့ရုပ်ဖြစ်ဖြစ်
သူတစ်ပါးသဏ္ဍာန်မှာရှိတဲ့ရုပ်ဖြစ်ဖြစ်
ညံ့တဲ့ရုပ်ဖြစ်ဖြစ် ကောင်းတဲ့ရုပ်ဖြစ်ဖြစ်
အနီးရုပ်ဖြစ်ဖြစ် အဝေးရုပ်ဖြစ်ဖြစ်
အကြမ်းရုပ်ဖြစ်ဖြစ် အနုရုပ်ဖြစ်ဖြစ်
အားလုံးဟာအတူတူပဲလို့ စုပေါင်းလိုက်တာ ။
ဒါကြောင့် ခန္ဓာဆိုတဲ့စကားလုံးဟာ ' အစု 'လို့ပြောတာ ။
* ရုပ်အစု
ခံစားမှု ဝေဒနာအစု
မှတ်သားမှု သညာအစု
ဖန်တီးတတ်မှု သင်္ခါရအစု
ထူးခြားသိမှု ဝိညာဏ်အစု ဆိုတဲ့ ဟောဒီအစုတွေကို
' ခန္ဓာ ' လို့ခေါ်တယ် ။
ဒီမှာကျ ခန္ဓာကို ' ကာယ ' လို့ပြောင်းလဲပြီး သုံးထားတာ ။
အဲ့တော့ ' သက္ကာယ ' ဆိုတာ( သို့မဟုတ်)ခန္ဓာဆိုတာ
တကယ်ထင်ရှားရှိတယ် ။
ထင်ရှားရှိလို့ ဒီနေရာမှာ ' သက္ခန္ဓာ့လို့ မသုံးဘဲ
' သက္ကာယ ' လို့သုံးထားတာ ။
' သက္ကာယ ' ထင်ရှားရှိတဲ့ခန္ဓာ
ထင်ရှားရှိတယ်ဆိုတာ အတွေးနဲ့တင် ရှိတာမဟုတ်ဘူး ။
တကယ်အမှန်အကန်ရှိတာကို အသိဉာဏ်နဲ့ သိနိုင်တယ် ။
ထင်ရှားမရှိဘူးဆိုတဲ့အရာတစ်ခုဟာ တကယ်စစ်ဆေး
လိုက်မယ်ဆိုရင် ပျောက်ထွက်သွားတာ ။
ထင်ရှားရှိတဲ့အရာဆိုတာ တကယ်စစ်ဆေးလေ
တွေ့လေပဲ ။ စစ်ဆေးခံတယ်ပေါ့ ။
အဲဒီထင်ရှားရှိတဲ့ ခန္ဓာငါးပါးကို ' သက္ကာယ ' လို့ခေါ်တာပဲ ။
* " သ " ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိတဲ့
* " ကာယ " ခန္ဓာ
ဘုန်းကြီးတို့တစ်တွေမှာ ဘာတွေရှိနေတာတုန်းဆိုရင်
ဒီခန္ဓာငါးပါးပဲ ရှိတာ ။
အဲ့တော့ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့သိရင်
မှန်ကန်တဲ့အမြင်လို့ ပြောရမယ် ။
* အခု ' သက္ကာယဒိဋ္ဌိ ' ကကျတော့ ခန္ဓာငါးပါးကို
ငါ လို့ သွားထင်တယ် ။
အဲဒီအထင်ကျ မှားယွင်းတဲ့အထင် အဲဒါကျ ဒိဋ္ဌိလို့
ပြောတာ ။
တကယ်ရှိနေတဲ့ ခန္ဓာငါးပါးအပေါ်မှာ တွေးထင်တာ ။
အဲဒီသူတွေးထင်တဲ့ အတ္တဆိုတဲ့အရာ
ငါဆိုတဲ့အရာကတော့ တကယ်မရှိဘူး ။
* ရှိတာက ခန္ဓာငါးပါး
* ထင်တာက ငါ
ငါဆိုတာရှိလားဆို မရှိဘူး ။
" ထင်ရှားရှိနေတဲ့ ခန္ဓာငါးပါးကို ငါလို့ထင်လို့ရှိရင်
သက္ကာယဒိဋ္ဌိပဲ " ။
ရုပ်ကို ငါထင်
ဝေဒနာကို ငါထင်
သညာကို ငါထင်
သင်္ခါရကို ငါထင်
ဝိညာဏ်ကို ငါထင်
အဲဒါကိုခေါ်တာပဲ သက္ကာယဒိဋ္ဌိက ။
ဒီနေရာမှာ မြတ်စွာဘုရားက အတ္တဆိုတဲ့ စကားလုံးနဲ့
သုံးထားတယ် ။
အတ္တဆိုတာကို တခါတရံ တစ်ချို့သုတ္တန်တွေမှာ
' အဟံ ' ငါဆိုတဲ့စကားလုံးနဲ့ ပြောင်းသုံးထားတာ
ရှိတယ် ။ ဒါကြောင့် အဟံ ငါ ဆိုတဲ့စကားလုံးဟာ
သာမာန်နေ့စဉ် စကားပြောတဲ့ ငါ မဟုတ်ဘူး ။
လောကမှာ လူတွေပြောနေကြတယ် ' ငါကတော့
ငါတို့ကတော့ ငါပျော်တယ် ' စတဲ့ ငါ ဆိုတာတွေက
စကားအဖြစ်ပြောတဲ့ ငါ ။
အခုပြောတဲ့ ငါ ဆိုတာက ခန္ဓာငါးပါးကို တကယ်
ငါ လို့ ထင်နေတဲ့အထင်ကိုပြောတာ ။
' ငါ ' ဆိုတာကို အတ္တလို့ တခြားနည်းနဲ့ခေါ်လို့ရတယ် ။
ငါ့ဥစ္စာဆိုတာကိုကျ အတ္တနိယ သို့မဟုတ် မမ ။
အတ္တဆိုတာ ကိုယ့်ကိုယ်ကို ရည်ညွှန်းတဲ့
ထာဝရမြဲတယ် ကိုယ့်အလိုကျအတိုင်း ဖြစ်နိုင်တယ်
ဆိုတဲ့အရာကို ' အတ္တ '
အဲဒီကိုယ့်အလိုအတိုင်း ဖြစ်နိုင်တယ်လို့ ဆိုတဲ့အရာကို
ပိုင်ဆိုင်တာကို ' အတ္တနိယ ' ။
အဲဒါကို အရပ်သုံးစကားနဲ့ပြောရင် ငါရယ် ငါ့ဟာရယ် ။
ငါ ဆိုတာနဲ့ အတ္တနဲ့အတူတူပဲ ။
ငါ့ဥစ္စာ ဆိုတာနဲ့ အတ္တနိယနဲ့ အတူတူပဲ ။
လူတွေက ခန္ဓာငါးပါးကို ငါ ငါ့ဟာ လုပ်နေကြတာ ။
ငါဆိုတာ ဘယ်ဟာခေါ်တာတုန်းလို့ အသေးစိတ်
တစ်ခုစီ ကိုယ့်ဟာကို မေးကြည့်ပေါ့ ။
ဆံပင်က ငါ လား
နားက ငါ လား
မျက်စိက ငါ လား စသဖြင့် ကိုယ့်ခန္ဓာမှာရှိတဲ့
အမည်နာမအသီးသီးကို ခွဲမေးကြည့်ရင်
ငါလို့ ပြောစရာ တစ်ခုမှ မရှိဘူး ပျောက်သွားတယ် ။
ငါဆိုတာ ရှာလို့ မတွေ့ဘူး ။
* ခန္ဓာငါးပါးက ရှိတယ် ။
မှားယွင်းတဲ့အထင်အမြင်ဖြစ်တဲ့ ငါ ဆိုတာကတော့
မရှိဘူး ။
' သက္ကာယ ' ဆိုတာ တကယ်ထင်ရှားရှိတဲ့ ခန္ဓာကိုယ်
ခန္ဓာငါးပါး ဥပါဒါနက္ခန္ဓာ ။
အဲဒီ သက္ကာယကို ငါလို့ထင်တာ မှားယွင်းတဲ့
အမြင်တစ်ခုဖြစ်လို့ သက္ကာယဒိဋ္ဌိလို့ ခေါ်တယ် ။
နောက်အဓိပ္ပါယ်တစ်ခုကို ပြောမယ်ဆိုရင်
' သက္ကာယဒိဋ္ဌိ '
သ ဆိုတဲ့ စကားလုံးကို ကာယနဲ့မစပ်ပဲ ဒိဋ္ဌိနဲ့
သွားစပ်တယ် ။
သ က ထင်ရှားရှိသော
ဒိဋ္ဌိ က မှားယွင်းတဲ့အယူ
ထင်ရှားရှိသော မှားယွင်းတဲ့အယူ ။
ဒိဋ္ဌိဆိုတဲ့ မှားယွင်းတဲ့အယူကလဲ ပရမတ္ထအားဖြင့်
ထင်ရှားရှိတယ် ။
ထိုဒိဋ္ဌိတရားရဲ့ ထင်မြင်ယူဆချက်ကတော့ မရှိဘူး ။
ဒိဋ္ဌိဆိုတာ စိတ်မှာမှီပြီး ဖြစ်တတ်တဲ့ သဘာဝတရားတစ်ခု
အနေနဲ့ ထင်ရှားရှိတယ် ။
ဥပါဒါနက္ခန္ဓာနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့အမြင်သည်
တကယ်ရှိတယ် ။
အဲဒီအမြင်ရဲ့ တည်ရာအာရုံဖြစ်တဲ့ သတ္တဝါဆိုတာ
ငါဆိုတာ အတ္တဆိုတာတွေကတော့ မရှိဘူး ဒီလိုပြောလိုတာ ။
သက္ကာယဒိဋ္ဌိရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့အခါ
အဋ္ဌကထာတွေမှာ ဒီလိုရှင်းတာ ။
ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို သိရှိနားလည်ဖို့ အင်မတန်
အရေးကြီးတယ် ။
မြတ်စွာဘုရား သုံးထားတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို
နားလည်မှ တရားကို နားလည်နိုင်တယ် ။
အဲ့တော့ မြန်မာလို ပြန်ပြီး ရှင်းရှင်းပြောမယ်ဆိုရင်
သက္ကာယဒိဋ္ဌိဆိုတာ တကယ်ထင်ရှားရှိတဲ့
ခန္ဓာငါးပါးအပေါ်မှာ မှားယွင်းပြီး မရှိတဲ့အရာကို
မြင်နေတဲ့ မှားယွင်းတဲ့အမြင်တစ်ခုကို
' သက္ကာယဒိဋ္ဌိ ' ။
နောက်တစ်ခုကကျ ခန္ဓာငါးပါးနဲ့ စပ်ပြီးတော့
တကယ်ထင်ရှားရှိနေတဲ့ မှားယွင်းတဲ့အမြင် ။
အမြင်သာရှိတယ် ထိုအမြင်ရဲ့တည်ရာအာရုံဆိုတာ
မရှိဘူး ဒီလိုပြောတာ ။
အဲဒီခန္ဓာငါးပါးနဲ့ပတ်သက်ပြီး မှားယွင်းတဲ့အမြင်တွေဟာ
၂၀ ရှိတယ် ။
လူတိုင်းမှာ ၂၀ရှိတယ်လို့ပြောတာမဟုတ်ဘူး ။
ဖြစ်လို့ရှိရင် ဒီ ၂၀ထဲကပဲ ဖြစ်တယ် ။
လူတစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူကြဘူး ။
အဲ့တော့ မှားယွင်းတဲ့အမြင်မှာလဲ မတူတာလေးတွေ
ရှိတယ် ။
သက္ကာယဒိဋ္ဌိကို ၂မျိုးခွဲပြီး မှတ်ဖို့လိုအပ်တယ် ။
#ပုထုဇဉ်တွေရဲ့သဏ္ဍာန်မှာမြတ်စွာဘုရားရဲ့တရားဓမ္မကိုမနာရလို့သောတာပတ္တိမဂ်မရသေးသမျှသက္ကာယဒိဋ္ဌိဟာpositiveအနေနဲ့ရှိနေတယ် ။
မြတ်စွာဘုရားတရား မနာကြားရလို့ ခန္ဓာငါးပါးနဲ့
ပတ်သက်ပြီးတော့ positiveကနေ ထပြီး
ပေါက်ဖွားလာတဲ့ ပဋိယုဋ္ဌာန သက္ကာယကျတော့
နိဗ္ဗာန်လမ်းကြောင်းကို ဝင်ဆို့ပိတ်တယ်လို့
ဒီလိုဆိုလိုတာ ။
အနုသယဖြစ်တဲ့ သက္ကာယဒိဋ္ဌိကတော့ မပိတ်ဆို့
ဘူးလားဆိုရင် အနုသယကိုဖယ်မှ ပဋိယုဋ္ဌာနဆိုတဲ့
ထကြွလာမှု မဖြစ်ဘူး ။
သက္ကာယဒိဋ္ဌိလို့ ပြောတဲ့အရာသည် မြတ်စွာဘုရားက
positiveကိုပြောတာမဟုတ်ဘူး ။
➡ positiveကနေ activeဖြစ်လာတဲ့အခါ
နိဗ္ဗာန်လမ်းကြောင်းကို ဝင်ပိတ်တာ ငြိမ်နေတာမဟုတ်ဘူး
လှုပ်ရှားလာတာ ။
သံယောဇဉ် ၁၀ပါးထဲမှာလဲ သက္ကာယဒိဋ္ဌိသံယောဇဉ်ဆိုပြီး
သူပါတာပဲ ။
အဲ့တော့ သက္ကာယဒိဋ္ဌိဆိုတဲ့နေရာမှာ မာလုကျပုတ္တရဟန်းကို
မြတ်စွာဘုရား သတိပေးတဲ့စကားလေးဟာ မှတ်သားစရာ
အင်မတန် ကောင်းတယ် ။
တစ်ခါတုန်းက မာလုကျပုတ္တရဟန်းကို မြတ်စွာဘုရားက
ရဟန်းသံဃာတွေ စုဝေးနေတဲ့အချိန်မှာ တရားဟောရင်း
မေးတယ် ။
ကာမဘုံနဲ့ဆက်စပ်တဲ့ သံယောဇဉ် ၅ပါးကို သိကြသလားလို့
ပြောတဲ့အခါ မာလုကျပုတ္တရဟန်းက သိပါတယ်ဘုရား
သက္ကာယဒိဋ္ဌိ
ဝိစိကိစ္ဆာ
ကာမရာဂ
သီလဗ္ဗတပရာမာသ
ဗျာပါဒ ဆိုပြီး သာမာန်အမည်စာရင်းလေးကို
ပြောပြလိုက်တယ် သူပြောတာက positiveအနေအထား
တစ်ခုကိုပြောနေတာ ။
့ မြတ်စွာဘုရားက အဲလိုပြောရင် မင်းစကားကို
စွပ်စွဲခံရမှာပေါ့ တဲ့ ။
* ဆိုပါစို့ ကလေးပေါက်စလေးဟာ သူ့မှာ ခန္ဓာဆိုတာမှ
သိမှမသိသေးဘဲနဲ့ ခန္ဓာနဲ့ပတ်သက်တဲ့
မှားယွင်းတဲ့အမြင်ဆိုတာ ဖြစ်နိုင်ပါ့မလား ။
ခန္ဓာလို့ဆိုတာ ကလေးပေါက်စလေးက သိပါ့မလား ။
အဲဒီမသိတဲ့ ကလေးလေးမှာ သက္ကာယဒိဋ္ဌိ ကင်းနေတယ်လို့
သွားပြောလို့ မရဘူးနော် ။ positive အနေနဲ့
အနုသယအနေနဲ့တော့ ရှိတာပေါ့ ။
သို့သော် ပဋိယုဋ္ဌာန မဖြစ်သည့်အတွက်ကြောင့်
အဲဒီကလေးလေးမှာ သက္ကာယဒိဋ္ဌိသံယောဇဉ် ရှိတယ်လို့
သွားပြောလို့ မရဘူးတဲ့ ။ ဘာဖြစ်လို့တုန်းဆိုရင်
ဒီကလေးလေးဟာ သက္ကာယဆိုတာတောင်မှ
မသိသေးဘူးတဲ့ အနုသယဓာတ်အနေနဲ့သာ ရှိတာ ။
သက္ကာယတောင် မသိသေးဘူး မှားယွင်းတဲ့အမြင်
ဒိဋ္ဌိက ဘယ်လိုဖြစ်မလဲတဲ့ မဖြစ်နိုင်ဘူးတဲ့ ။
ကလေးလေးကို ဥပမာပြပြီး သက္ကာယဒိဋ္ဌိကို
သံယောဇဉ်လို့ဒီလိုသာမာန်ပြောရင် မင်းစကားက
မပြည့်စုံဘူး စွပ်စွဲခံရမယ်လို့ မြတ်စွာဘုရားက
မိန့်ကြားတဲ့အခါကျမှ ရှင်အာနန္ဒာက အရှင်ဘုရား
အဲလိုဆိုရင် အားလုံး မှတ်သားရအောင် ရှင်းပေးပါ
ဆိုတဲ့အခါ သက္ကာယဒိဋ္ဌိဖြစ်ပုံကို မြတ်စွာဘုရားက
ဟောတယ် ။
ဒါက positive အနေအထားကို မြတ်စွာဘုရားက
ဆိုလိုတာမဟုတ်ဘူး activeအနေအထား
ပဋိယုဋ္ဌာနကို ဆိုလိုတာ ။
#အမြင်တစ်ခုဟာသူ့ဟာသူအိပ်နေတာသူ့ဟာသူမြုပ်နေတာactiveမဖြစ်ဘူးလေ ။
တရားဓမ္မနဲ့ပတ်သက်ပြီးတော့ ကြားနာဖူးခြင်း
ကျင့်ကြံအားထုတ်လို့ မျက်မှောက်ပြုဖူးခြင်း
မရှိတဲ့ပုထုဇဉ်ပုဂ္ဂိုလ် ရုပ်တရားလည်းမသိ
နာမ်တရားဆိုတာလည်းမသိ မကြားဖူးရုံတင်မကဘူး
သူတော်ကောင်းတရားနဲ့ပတ်သက်ပြီး
ကျွမ်းကျင်ခြင်းမရှိ ကျွမ်းကျင်အောင်လေ့ကျင့်သင်ကြား
ပေးထားတာမရှိခြင်းကြောင့် ခန္ဓာငါးပါးကို ငါလို့
ထင်လာတယ် ။ ထင်တဲ့အတိုင်းလဲ မှတ်ယူပြီး
စိတ်ထဲမှာ တငါငါ ဖြစ်လာတယ် ။
ဒါပဲအမှန်တရားဆိုပြီး ဒီပေါ်မှာပဲ လမ်းဆုံးလာတယ် ။
အဲဒီအခါ သက္ကာယဒိဋ္ဌိဟာ positiveကနေ
activeဖြစ်လာတယ် ပဋိယုဋ္ဌာနဖြစ်လာတယ် ။
အဲဒီကျတော့မှ နိဗ္ဗာန်လမ်းကြောင်းပေါ်မှာ တက်ပြီး
ဆို့ပိတ်တယ် ဒီလိုပြောလိုတာ ။
➡ သက္ကာယဒိဋ္ဌိကို positive( အနုသယ) အနေနဲ့
မပယ်ရသေးပေမယ့် တရားတွေကြားနာနေရင်
positive ကနေ active ဖြစ်မလာဘူး ။
ခန္ဓာငါးပါးကလွဲပြီး ဘာမှမရှိဘူး ငါဆိုတာမရှိဘူး
ငါ့ဥစ္စာဆိုတာမရှိဘူး ဆိုတဲ့တရားတွေ နာကြားနေရလို့
ဘာနဲ့ ဥပမာတူသလဲဆိုရင် ရောဂါဟာ positive
ဖြစ်နေပေမယ့် မတည့်တာမစားသည့်အတွက်ကြောင့်
ရောဂါမထဘူး activeမဖြစ်ဘူးပေါ့ ။
အဲလိုရောဂါမထဘဲ ရောဂါကို တစ်သက်လုံး ထိန်းပြီး
နေသွားတာလဲရှိတာပဲ ။
ရောဂါထလာပြီ activeဖြစ်လာပြီဆိုရင် အဲဒီရောဂါရဲ့
ဒဏ်ကို ခံကြရတာပဲ ။ သက္ကာယဒိဋ္ဌိက ထကြွသောင်းကျန်း
လာပြီ activeဖြစ်လာပြီ ပဋိယုဋ္ဌာန ဖြစ်လာပြီဆိုရင်
စိတ်ကိုလွှမ်းမိုးလာပြီဆိုရင် ဒီသက္ကာယဒိဋ္ဌိဟာ
သံယောဇဉ်တစ်ခုအဖြစ်ရောက်လာပြီး လူရဲ့စိတ်ကို
ချည်နှောင်ထားတော့ အလွယ်တကူနဲ့ ဖြုတ်ပစ်လို့
မရဘူး ။
အဲဒါကြောင့် အနုသယအနေနဲ့သက္ကာယဒိဋ္ဌိ ရှိနေပေမယ့်
ပဋိယုဋ္ဌာနမဖြစ်အောင် ရုပ်တရား နာမ်တရားတွေကို
သင်ယူကြရတယ် ။ လေ့လာကြရတယ် ။
စဉ်းစားဆင်ခြင်ကြရမယ် ။ ဝိပဿနာကျင့်စဉ်ကို ကျင့်ကြ
ရမယ် ။ အဲလိုကျင့်ရင် ဆေးနဲ့ထိန်းထားသလို
positiveဟာ ငြိမ်နေတယ် အနှောက်အယှက် ဖြစ်မလာ
ဘူးပေါ့ ။active ဖြစ်မလာဘူးပေါ့ ။
ဝိပဿနာကျင့်စဉ်ကျင့်လို့ အောင်အောင်မြင်မြင် ဖြစ်သွားပြီး
သောတာပန်ဖြစ်သွားရင် အဲဒီpostiveဟာ negative
ဖြစ်သွားမှာပဲ ။ negative ဖြစ်သွားရင်
နိဗ္ဗာန်လမ်းကြောင်းကြီး ပွင့်သွားပြီ ။
အချိန်မရွေး နိဗ္ဗာန်ကို မြင်နိုင်ပြီ ရောက်သွားနိုင်ပြီ
ဒီလိုဆိုလိုတာ ။
အဲ့တော့ သက္ကာယဒိဋ္ဌိနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်
တစ်ခုစီ တစ်ခုစီ ခန္ဓာငါးပါး ရှိတဲ့အတွက်ကြောင့်
လူတွေတစ်ဦးနဲ့တစ်ဦး ရှုမြင်သုံးသပ်ပုံချင်း မတူဘူး ။
ခန္ဓာတစ်ပါး တစ်ပါးမှာ ရှုမြင်သုံးသပ်ပုံ ၄ မျိုးရှိတယ် ။
၎မျိုးစီရှိတဲ့အတွက်ကြောင့် ၄ × ၅ = ၂၀
ဒါကို သက္ကာယဒိဋ္ဌိ ၂၀ လို့ပြောတာပဲ ။
အဲ့တော့ တစ်ခုကို အလွယ်မှတ်ဖို့ လိုတယ်ပေါ့ ။
မမှတ်တတ်ရင် ရှုပ်ထွေးနိုင်တယ် ။
မြန်မာလိုပြောမယ်ဆိုရင် ခန္ဓာငါးပါးနဲ့ပတ်သက်ပြီးတော့
၁ ။ ခန္ဓာဟာ ငါ ပဲ
ဖယောင်းတိုင်မီးလေး ထွန်းထားလိုက်လို့ရှိရင်
မီးတောက်ကလေးကော မီးတောက်ကလေးရဲ့အဆင်းကော
မြင်ရတယ် ။အဲဒီတော့ မီးတောက်နဲ့အဆင်း အတူတူပဲလား
တခြားစီပဲလားဆိုရင် အတူတူပဲလေ ။ မီးတောက်ကလေး
မြင်ရတာကိုက သူ့ရဲ့အဆင်းပဲ ။
ဒါကြောင့် * ခန္ဓာသည်ပင် ငါ ငါသည်ပင် ခန္ဓာ
ဒါ ပထမအယူအဆ ပထမမှားယွင်းတဲ့အမြင်တစ်ခုပေါ့ ။
၂ ။ ခန္ဓာဆိုတာ ငါ့ဟာ
လောကလူတွေ ငါနဲ့ငါ့ဟာ တွဲနေကြတာ ။
ငါရှိလို့ ငါ့ဟာဆိုတာရှိလာတာ ။
ငါမရှိရင် ငါ့ဟာဆိုတာလည်း မရှိဘူးလေ ။
မှားယွင်းတဲ့အယူအဆတစ်ရပ်အနေနဲ့ ခန္ဓာကို ငါလို့
ပြောလိုက်တော့ ငါ့ဟာဆိုတဲ့ မှားယွင်းတဲ့အမြင်ကလည်း
ရှိလာတာပဲလေ ။ခန္ဓာကိုငါ့ဟာလို့ ရှုမြင်လာတယ် ။
ခန္ဓာကိုငါလို့ ပြောတဲ့အချိန်က ငါသည်ပင်ခန္ဓာ
ခန္ဓာသည်ပင်ငါ မကွဲဘူး တစ်ခုထဲဘဲ ။
အခု ဒုတိယမှားယွင်းတဲ့အမြင်ကကျ ခန္ဓာသည် ငါ့ဟာလို့
ဆိုတဲ့အခါကျ ငါကတစ်ခု ခန္ဓာကတစ်ခု ဖြစ်သွားပြီ ။
ဒါလေးကို သေသေချာချာ မှတ်သားဖို့လိုအပ်တယ် ။
နောက်ထပ် တတိယ အယူအဆကကျတော့
၃ ။ ငါထဲကခန္ဓာ
ဒီခန္ဓာဟာ ငါနဲ့ဆက်စပ်နေတယ် ငါထဲမှာရှိတယ် ။
ငါကတစ်ခု ခန္ဓာကတစ်ခု
နောက်ထပ် နံပါတ်လေးကျတော့
၎ ။ ခန္ဓာထဲကငါ
ငါဆိုတာ ခန္ဓာထဲမှာရှိတယ်ဆိုတော့ ခန္ဓာတွေအကုန်လုံးကို
ငါလို့မခေါ်ဘူး ။
အဲဒီလေးမျိုး ကိုသဘောကျပြီဆိုရင် သက္ကာယဒိဋ္ဌိ ၂၀ ကို
အလွယ်လေး မှတ်လို့ရပြီ ။
အားလုံးသိကြတဲ့အတိုင်း ခန္ဓာကငါးပါး
ရူပက္ခန္ဓာ
ဝေဒနာက္ခန္ဓာ
သညာက္ခန္ဓာ
သင်္ခါရက္ခန္ဓာ
ဝိညာဏက္ခန္ဓာ
ဒါဖြင့်
ရုပ်နဲ့ပတ်သက်တဲ့မှားယွင်းတဲ့အမြင်က ၄မျိုး
ဝေဒနာနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အမြင်က၄မျိုး
သညာနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အမြင်က၄မျိုး
သင်္ခါရနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အမြင်က ၄မျိုး
ဝိညာဏ်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အမြင်က ၄မျိုး
အဲဒီလို ၄မျိုးစီရှိလို့ သက္ကာယဒိဋ္ဌိ ၂၀ ။
အဲဒီလို သက္ကာယဒိဋ္ဌိ ၂၀ သည် အနုသယကနေ
ပဋိယုဋ္ဌာန ဖြစ်လာပြီဆိုရင်တော့ နိဗ္ဗာန်လမ်းကြောင်းကို
ပိတ့်ဆို့ထားပြီ ။
ဒါပေမယ့် သက္ကာယဒိဋ္ဌိ အနုသယအနေနဲ့ ရှိနေပေမယ့်
နတ်ပြည်လမ်းကြောင်းကိုတော့ မတားဘူး ။
ဆိုပါစို့ ရောဂါက စားလို့ရတယ် အိပ်လို့ရတယ်
သို့သော် positiveကတော့ ရှိနေတယ် ။
အဲလိုပဲ သက္ကာယဒိဋ္ဌိကတော့ ရှိတယ် ။
➡ ကောင်းပြီ သက္ကယဒိဋ္ဌိကို ကိုယ့်သဏ္ဍာန်မှာ activeတွေ
ဖြစ်မလာအောင် သက္ကာယဒိဋ္ဌိကို ပယ်ဖို့ ကြိုးစားကြရ
မယ် ။
သက္ကာယဒိဋ္ဌိဘယ်လိုပယ်မလဲဆိုရင်
* ပထမ တဒင်္ဂပဟာနလို့ခေါ်တဲ့
တစ်စစီ ဖြုတ်တဲ့နည်းနဲ့
တစ်စစီဖြုတ်တဲ့နည်းဆိုတာဘာလဲ
သတ္တဝါဆိုတာ မရှိဘူး ခန္ဓာငါးပါး ဒါမှမဟုတ်
ရုပ်နာမ် ၂ မျိုးပဲရှိတယ် ။
နာမ်နဲ့ရုပ် ၂မျိုးကို ပိုင်းပိုင်းခြားခြား ကိုယ့်သဏ္ဍာန်မှာ
လက်တွေ့ကျကျ ဆင်ခြင်သုံးသပ်လို့ သိရှိလာပြီဆိုရင်
ဆိုလိုတာက နာမရူပပရိစ္ဆေဒဉာဏ်
ကိုယ်တွေ့ အဲဒီဉာဏ်ရအောင် သုတမယဉာဏ်နဲ့
တရားဓမ္မတွေ နာယူဖတ်ရှုပြီး ကိုယ့်ခန္ဓာနဲ့စပ်ဟပ်ပြီး
ဆင်ခြင်စဉ်းစားကြည့်ရမယ် ။
ခန္ဓာငါးပါးသာရှိတယ်ဆိုတာ တကယ်လက်တွေ့ကျကျ
သိလာအောင် မပြတ်ဆင်ခြင်သုံးသပ်ပေးရမယ် ။
အဲလိုလုပ်လို့ နာမရူပပရိစ္ဆေဒဉာဏ် ကိုယ့်သဏ္ဍာန်မှာ
ရလာပြီဆိုရင် အဲဒီဉာဏ်က သက္ကာယဒိဋ္ဌိကို
တဒင်္ဂအားဖြင့် တစ်စအနေနဲ့ဖြုတ်ထားလိုက်တယ်
ထ မလာဘူး active ဖြစ်မလာဘူး ။
အဲဒါကို တဒင်္ဂပဟာနလို့ခေါ်တယ် ။
လုံးဝ negative ဖြစ်သွားတာတော့မဟုတ်ဘူး
ထကြွသောင်းကျန်းမလာတာပဲရှိတယ် ။
အနုသယက ရှိနေသေးတာပဲ ။
နာမ်နဲ့ရုပ်ကို အစစ်အမှန်အတိုင်း မြင်တဲ့အသိဉာဏ်
နာမရူပပရိစ္ဆေဒဉာဏ်ကိုပဲ ' ဒိဋ္ဌိဝိသုဒ္ဓိ ' လို့ခေါ်တာပဲ ။
အဲဒီကနေ တစ်ဆင့်တက်ပြီး
သက္ကာယဒိဋ္ဌိဟာ ဘာကြောင့်ဖြစ်နေသလဲ! သို့မဟုတ်
ဒီနာမ်ရုပ်တွေဟာ ဘာကြောင့်ဖြစ်နေသလဲ!
အဲလို နာမ်ရုပ်တွေရဲ့အကြောင်းတရားကိုပါ
ပိုင်ပိုင်နိုင်နိုင်သိလာတဲ့အခါ အကြောင်းနဲ့အကျိုး
တွဲဖက်ပြီး သိလာတဲ့အခါ ' ပစ္စယ ပရိဂ္ဂဟဉာဏ် '
ဆိုတာ ရလာတယ် ။
ဒီအကြောင်းရှိလို့ ဒီအကျိုးဖြစ်တာပဲလို့ ရှင်းရှင်းကြီး
သိသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ
ငါ နောင်ဖြစ်အုန်းမှာလား ဟိုအရင်က ငါဖြစ်ခဲ့သလား
ဆိုတဲ့ သံသယဆိုတာ ဘယ်တော့မှ မဝင်တော့ဘူး
သူကိုယ်တိုင် အကြောင်းအကျိုးကို သိသွားလို့ပဲ ။
ဒါကြောင့် ဒီဉာဏ်ကို ကင်္ခါဝိတရဏဝိသုဒ္ဓိ လို့
ခေါ်တယ် ။ သံသယတွေကို ကျော်လွှားနိုင်ပြီး
စင်ကြယ်တဲ့ဉာဏ်အမြင်တစ်ခုပေါ့ ။
ဒီဉာဏ်၂ခု ( ဒါမှမဟုတ် )
ဒီဝိသုဒ္ဓိ၂ခုဟာ ဝိပဿနာအားထုတ်သူတိုင်းပုဂ္ဂိုလ်တွေရဲ့
အရေးကြီးဆုံး အခြေခံဖောင်းဒေးရှင်းအနေနဲ့
လုပ်ရမယ့်အရာဖြစ်တယ် ။
ဒီလိုမျိုး နာမ်နဲ့ရုပ်မှ သေသေချာချာ အကြောင်းနဲ့
သိမ်းဆည်းနိုင်ခြင်း အသိဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင်
သိရှိနိုင်ခြင်း မရှိသေးဘဲနဲ့ အနိစ္စ မမြဲဘူးလို့
သွားတွေးနေရင် စိတ်ထဲ အတွေးအနိစ္စပဲ သွားဖြစ်မှာပဲ ။
ဒါကြောင့် ဒါကို ဉာတပရိညာလို့ခေါ်တယ် ။
နာမရူပ ပရိစ္ဆေဒဉာဏ်
ပစ္စယ ပရိဂ္ဂဟဉာဏ် ဒီဉာဏ် ၂ခုနဲ့
သိရမယ့်တရားတွေက ဘာလဲဆို ရုပ်နဲ့နာမ်ပဲ ။
အဲဒီဉာဏ်၂ခုရပြီးလို့ ဆက်လက်ဆင်ခြင်သုံးသပ်တဲ့
အခါကျ အဲဒီဉာဏ်၂ခုသိချိန်က ဘာကိုသိတာလဲဆိုရင်
သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားလေးတွေကတစ်ဆင့်
သိတာ ။ ရုပ်တရားဆို အပူအအေးနဲ့တွေ့ရင်
ပြောင်းပြောင်းသွားတတ်တဲ့သဘော ။
နမ်တရားဆို အာရုံရှိတဲ့ဘက်ကို ညွတ်ညွတ် သွား
တတ်တဲ့သဘော ။
အဲဒီအမှတ်အသားလက္ခဏာရှုထောင့်လေးတွေကနေ
ဒါရုပ်ပဲ ဒါနာမ်ပဲလို့သိတယ်လို့ခေါ်တယ် ။
ဖဿဆိုတာ အာရုံနဲ့စိတ်ဆက်သွယ်ပေးတာ ။
ဝေဒနာဆိုတာ အာရုံပေါ်မှာ အတွေ့အကြုံရသွားတာ
ခံစားတာ ။
သညာဆိုတာ အာရုံကို မှတ်သားတာ ။
သင်္ခါရဆိုတာ စေ့ဆော်ဖန်တီးတာ ။
ဝိညာဏ်ဆိုတာ အာရုံကိုသိတာ ။
ပထဝီဆိုတာ ပျော့တာမာတာ
အာပေါဆိုတာ ယိုစီးတာ ဖွဲ့စည်းတာ
တေဇောဆိုတာ ပူတာအေးတာ
ဝါယောဆို လှုပ်ရှားတာ တွန်းကန်တာ
ဒီလို ရုပ်နာမ်တို့ရဲ့ ကိုယ်ပိုင်သဘောလေးတွေကို
သိတာ ဒီိဉာဏ်၂ခု ။
ဒါကို ဉာတပရိညာလို့ခေါ်တယ် ။
ဥာတပရိညာကို ပိုင်ပြီဆိုမှ တီရဏပရိညာ
တီရဏဆိုတာ ဆုံးဖြတ်ချက်ချတာ ။
တီရဏပရိညာပိုင်းကျတော့ သဘာဝလက္ခဏာတွေတင်
မကတော့ဘူး သာမညလက္ခဏာလို့ခေါ်တဲ့
အများဆိုင်လက္ခဏာတွေဖြစ်တဲ့
* သင်္ခါရတရားမှန်သမျှဟာ ဖြစ်ပြီးပျောက်ကွယ်သွားတယ်။
' အနိစ္စ '
* ဖြစ်ပျက်မှုရဲ့ အမြဲတမ်းနှိပ်စက်ခံနေရလို့
'.ဒုက္ခ '
* ကိုယ့်အလိုအတိုင်းမဖြစ်လို့
' အနတ္တ '
ဒါသဘာဝတရားအားလုံးနဲ့ဆိုင်တဲ့ အမှတ်အသားပဲ ။
အဲဒါကို သာမညလက္ခဏာလို့ခေါ်တယ် ။
သာမညလက္ခဏာဆိုတာ အများဆိုင်အမှတ်အသား။
ဒီတီရဏပရိညာအပိုင်းမှာ
သမ္မသနဉာဏ် နဲ့ ဥဒယဗ္ဗယဉာဏ်
ဖြစ်လာတယ် ။
စောစောက ညာတပရိညာပိုင်းမှာ သိထားတဲ့
ရုပ်တရားနာမ်တရားတွေကို ထပ်တလဲလဲ အသိဉာဏ်နဲ့
ပွတ်ကြည့် ။ ပွတ်လေပြောင်လေပဲလေ ။
ကြေးပြားလေးပွတ်ကြည့်ပါလား ပွတ်တဲ့အခါပြောင်လာတယ်
ပြောင်လာလေလေ ကိုယ့်မျက်နှာကိုမြင်ရလေလေ
ဖြစ်တာပေါ့ ။
အဲ့တော့ သမ္မသနဆိုတာ ပွတ်တိုက်တာ
အသိဉာဏ်နဲ့ စိတ်နဲ့ အာရုံနဲ့ ပွတ်ပေးနေတာ ။
ရုပ်တရားတွေ နာမ်တရားတွေကို စူးစိုက်ပြီး
ရှုမှတ်နေတဲ့အခါ -
မမြဲတဲ့သဘောလေးတွေ တွေ့လာတယ် ။
ဆင်းရဲတဲ့သဘောလေးတွေ တွေ့လာတယ် ။
အစိုးမရတဲ့သဘောလေးတွေ တွေ့လာတယ် ။
➡ ဝိပဿနာ အဲဒီကစတာပဲ ။
အဲဒီလိုရှုရင်းကနေပြီးတော့
ပထမတော့ အတိတ်ကိုလဲ ရှုကြည့်တယ် ။
အနာဂတ်ကိုလဲရှုကြည့်တယ် ။
မနေ့တုန်းကရုပ်တွေလဲဒီလိုပဲ ။
ဟိုနေ့ကရုပ်တွေလဲ ဒီလိုပဲ နောက်လဲဒီလိုပဲနေမှာဆိုပြီး
ပစ္စက္ခတင်မဟုတ်ဘဲ အနုမာနဉာဏ်လေးတွေနဲ့ပါရှုနေရင်
ဒါ သမ္မသန ။
သမ္မသနဉာဏ်ကရင့်သန်လာတဲ့အခါ
ဖြစ်နေဆဲရုပ်တရားတွေအပေါ်မှာ
ရုပ်တရားကဖြစ်ပြီးပျက်သွားတာကို
မှတ်တဲ့စိတ်ကလေးက
လိုက်ပြီးမှတ်နိုင်လာပြီဆိုရင်
ဒါပစ္စုပ္ပန် ခုဖြစ် ခုပျက်သွားတာကို နောက်ကလိုက်ပြီး
မြင်နေပြီဆိုရင် ဒါ ဥဒယဗ္ဗယဉာဏ် လို့ခေါ်တာပဲ ။
အဲဒီလို ဥဒယဗ္ဗယဉာဏ်ဖြစ်လာပြီဆိုတဲ့အခါကျ
အနိစ္စလက္ခဏာတွေ ပိုထင်ရှားလာတယ် ။
အဲဒီမှာ မမြဲဘူးဆိုတဲ့သဘောကို ဆုံးဖြတ်ချက်ချတယ် ။
ဆင်းရဲတယ် အစိုးမရဘူးဆိုတဲ့သဘောတွေကိုလဲ
ဆုံးဖြတ်ချက်ချနိုင်လာတယ် ။
အဲဒါကို ဆုံးဖြတ်ပြီးတော့ ပိုင်းခြားသိလို့
တီရဏပရိညာလို့ခေါ်တယ် ။
ဥဒယဗ္ဗယဉာဏ် ရင့်သန်လာတဲ့အခါ
ပဟာနပရိညာဆိုတဲ့ ဘင်္ဂဉာဏ်ရောက်လာတယ် ။
ဖြစ်မှုပျက်မှုတွေကိုရှုပါများလာတဲ့အခါကျတော့
ပိုပြီးတော့ မြန်မြန်ကြီးသိလာတယ် ။
ခုဖြစ်ခုပျက်သွားတာတွေ မြင်လာတယ် ။
နောက်ဆုံးကျတော့ ဖြစ်မှုဆိုတဲ့အပေါ်မှာ
အာရုံကမရောက်တော့ဘဲနဲ့ ပျက်မှုတစ်ခုတည်းပေါ်မှာ
အာရုံရောက်သွားတယ်
➡ မြန်လွန်းအားကြီးတယ်ပေါ့ ။
ပျက်မှုတစ်ခုတည်းပေါ်မှာ အသိဉာဏ်တွေဟာ
လျင်လျှင်မြန်မြန် ထက်သန်လာပြီး
ရှေ့ကစိတ်က ဖြစ်ပြီးပျက်သွားတယ်
နောက်ကစိတ်က လိုက်သိတယ် ။
မြန်မြန်ဆန်ဆန်ကြီးပျက်သွားတာကို သိတဲ့အခါ
ဒါ ဘင်္ဂဉာဏ် ။ဘင်္ဂဉာဏ်ဖြစ်လာတဲ့အခါ နိစ္စလို့
ထင်လာတဲ့အထင်အမြင်ကြီးဟာ
လုံးဝပျောက်သွားတယ် ။
ဒါက ပဟာနပရိညာ ဖယ်ရှားပစ်လိုက်တာ ။
ချမ်းသာတယ်လို့ထင်တဲ့အထင်
ကိုယ်ပိုင်တယ်လို့ထင်တဲ့အထင်
ကိုယ်လုပ်လို့ရတယ်လို့ထင်တဲ့အထင်တွေဟာ
ပျောက်သွားတယ် ။
အတ္တသညာလဲပျောက်သွားတယ် ။
အဲလိုဖယ်ရှားနိုင်တဲ့အနေအထားမျိုးကို
ပဟာနပရိညာ ။
အဲဒီ ပဟာနပရိညာက ဆက်ဆက် ဆက်ဆက်သွားပြီး
ဘင်္ဂဉာဏ်ကနေ နောက် ကြောက်စရာလို့မြင်လာရင်
' ဘယဉာဏ် '
အပြစ်တွေမြင်လာရင် ' အာဒီနဝဉာဏ် '
အပျက်မြင်တယ်ဆိုတဲ့နေရာမှာ မကျန်စေရဘူး
မကျန်အောင် မြင်တယ် ။
ပထမတော့ ယောဂီဟာ ရှေ့ကဖြစ်သွားတဲ့စိတ်ကလေးကို
နောက်ကစိတ်ကလိုက်ပြီး ပျက်တယ်ဆိုတာမြင်တာ ။
အဲဒီနောက်ကပေါ်လာတဲ့ စိတ်ရဲ့ပျက်မှုကို
သူက မမြင်သေးဘူး။
အဲဒါပါမြင်လာမှ မှန်တယ် ရင့်သန်လာတယ်လို့
ပြောရမယ် ။
ဆိုလိုတာက ရူပါရုံလေးကို မြင်သိတဲ့စိတ်ကလေး
ဖြစ်ပြီးပျက်တာကို ရှုမှတ်တဲ့စိတ်ကလေးက
မြင်လိုက်တယ် ။
အဲဒီရှုမှတ်တဲ့ဉာဏ်ကလေး ပျက်သွားတာကို
နောက်ကဉာဏ်က သိလိုက်တယ် ။
ရူပါရုံကို အာရုံပြုတဲ့စိတ်ကလေး ပျက်သွားတာကို
မှတ်စိတ်က သိလိုက်တယ် ။
အဲဒီမှတ်စိတ်မှတ်ဉာဏ် ပျက်သွားတာကို
နောက်ထပ်ပေါ်လာတဲ့ မှတ်စိတ်မှတ်ဉာဏ်က
သိလိုက်ပြန်တယ် ။
အကျန်အကြွင်းမရှိရဘူး ။
ဉာတဆိုတာ သိစရာအာရုံ
ဉာဏဆိုတာ အဲဒီသိစရာအာရုံကို သိတဲ့အသိဉာဏ် ။
အဲဒီ၂ခုစလုံးကို ရှုနိုင်ရမယ်လို့ ဆိုလိုတာ ။
နို့မို့ဆို သိတဲ့စိတ်ကလေးက ကျန်နေတတ်တယ် ။
မှတ်တဲ့စိတ်ကလေးက ကျန်နေတတ်တယ် ။
အသိဉာဏ်လေးကိုတော့ မြဲတယ်လို့ ထင်သွားတတ်
သေးတယ် ။ အဲ့တော့ မမြဲဘူး ။
နောက်စိတ် နောက်စိတ်က အားလုံးကြည့်လိုက်တဲ့အခါကျ
အပျက်တွေချည်းပဲ မြင်သွားတာ အပျက်အစဉ်တန်းကြီးပဲ
ဖြစ်သွားတယ် နောက်ကျ ။
ရပ်တည်နေတာ တစ်ခုမှ မရှိဘူး ။
အဲဒီလို မြင်လာတဲ့အခါကျ
အပြစ်တွေမြင်လာတယ် " အာဒီနဝဉာဏ် "
အပြစ်တွေ တွေ့လာပြီဆိုရင် ကြောက်စရာကြီး
ဒုက္ခတွေ တွေ့လာပြီဆိုရင် လူဆိုတာ
လွတ်ချင်လာတာပဲ " မုစ္စိတုကမျတာဉာဏ် "
အေး လွတ်ချင်လာလို့ရှိရင် လွတ်ရာ လွတ်ကြောင်း
စဉ်းစားဆင်ခြင်လာတယ်
ဒီခန္ဓာငါးပါးရဲ့မမြဲတဲ့သဘောတွေကို ပြန်လည်ဆင်ခြင်
သုံးသပ်လာတယ် " ပဋိသင်္ခါဉာဏ် "
ဒီသဘာဝတရားတွေဟာ ဒီလိုပဲလို့ သဘာဝတရားနဲ့
နေသားတကျ ဖြစ်လာတယ် ။
မုန်းတီးခြင်း ချစ်ခင်ခြင်း မရှိတော့ဘူး
တည်ငြိမ်တဲ့အနေအထားတစ်ခုကို ရလာတယ်
သင်္ခါရုပေက္ခာဆိုတာ သင်္ခါရတရားတွေအပေါ်မှာ
စိတ်ကလေးငြိမ်သက်ပြီး ဟန်ချက်ညီညီနဲ့လုပ်နိုင်တဲ့စိတ်
အေးအေးဆေးဆေးနဲ့ ရှုနိုင်တဲ့ဉာဏ်မျိုးကို
" သင်္ခါရုပေက္ခာဉာဏ် " လို့ခေါ်တယ် ။
အဲလိုရှုနိုင်ပြီဆိုရင် ဒီသင်္ခါရုပေက္ခာဉာဏ်
ရင့်သန်လာတဲ့အခါမှာ " အနုလောမဉာဏ် "ဆိုတာ
ပေါ်တယ် ။ပေါ်ပြီးတဲ့အခါ ဒီဉာဏ်လေးပေါ်လိုက်
တာနဲ့ နိဗ္ဗာန်ဆိုတာ မြင်လိုက်ရပြီ ။
သူက အမှတ်သညာပေးလိုက်တဲ့အတိုင်း
သောတာပတ္တိမဂ်စိတ်ဆိုတာ နိဗ္ဗာန်ကို မြင်လိုက်ရတယ် ။
သောတာပတ္တိမဂ်က နိဗ္ဗာန်ကို မြင်လိုက်တာနဲ့
တပြိုင်နက် သက္ကာယဒိဋ္ဌိဟာ ချက်ချင်း negative
ဖြစ်သွားတယ် ။ မရှိတော့ဘူး ။
ဒါကြောင့် သက္ကာယဒိဋ္ဌိဆိုတာ သောတာပတ္တိမဂ်နဲ့မှ
ဖယ်ရှားပစ်တာပါ ။
ဒီဖယ်ရှားခြင်းက နောက်ထပ်ဘယ်တော့မှ
မလာတဲ့ ဖယ်ရှားပစ်ခြင်းပဲ ။
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
တရားချစ်ခင်သူတော်စင်အပေါင်းတို့လဲ
နိဗ္ဗာန်လမ်းကြောင်းကို ပိတ်ဆို့နေတဲ့ သက္ကာယဒိဋ္ဌိကို
ဝိပဿနာတရား ကြိုးစားအားထုတ်ပြီး ဖယ်ရှားပစ်
နိုင်ကြပါစေ ။
25 - 3 - 2011 တွင် ဟောကြားတော်မူသော
တရားတော်အသံဖိုင်မှ ပြန်လည်ကောက်နုတ်
ပူဇော်မျှဝေပါသည်။
______________________________________________
ဒီတရားတစ်ပုဒ်ထဲနဲ့တင် ပါချုပ်ဆတော်ကြီး၏ကျေးဇူး ဆပ် မကုန်လေပြီ ...။ 🙏🙏🙏
Credit _ Original uploader.
#PhyoMayOo
Thanks _ Ashim Oattama

No comments:

Post a Comment