Monday, August 19, 2013

သာလွန် OS နောက်ကွယ်မှ ပုံရိပ်များ


သာလွန် OS လို့ခေါ်တဲ့ မြန်မာလို အသုံးပြုနိုင်မယ့် Operating System (OS) တစ်ခု ထွက်တော့မယ်ဆိုတဲ့ သတင်းတွေကို တချို့လည်း ကြားသိထားပြီး ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်လည်းပဲ သာလွန် OS ဖြစ်လာဖို့ ဝိုင်းဝန်း ကူညီကြသူများထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ ဒီ OS ဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက်တွေ အကြောင်းကို ကျွန်တော် သိထားသလောက် ဖော်ပြပေးချင်ပါတယ်။

စီစဉ်မှုအစ

ဒီ OS ဖြစ်ပေါ်လာဖို့ စတင်ကြံဆောင်ခဲ့သူကတော့ ကိုငွေထွန်း ဖြစ်ပါတယ်။ ကိုငွေထွန်းအနေနဲ့ ဒီလိုမျိုး မြန်မာလို အသုံးပြုနိုင်တဲ့ OS တစ်ခု ကြိုးစားဖန်တီးမယ်ဆိုတဲ့ စိတ်ကူး အချိန်အတော်ကြာ ကတည်းက ရှိနေခဲ့တာလို့ သိရပါတယ်။ ကျွန်တော်နဲ့ ဒီ Project အကြောင်းကို စပြောဖြစ်ခဲ့တာက တော့ ၂၀၁၁ ဇန်နဝါရီ မှာ ဖြစ်ပါတယ်။

ဒီ Project ဟာ ငွေကြေး အကျိုးအမြတ်တစ်ခုအတွက် မဟုတ်ဘဲ အများအသုံးပြုနိုင်အောင် အခမဲ့ပေးမယ့် Open Source Project တစ်ခုဖြစ်ပါတယ်။ အခြားသော ပါဝင်ဆောင်ရွက်လိုသူတွေကို ဖိတ်ခေါ်ပြီး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ဒီလို Project မျိုးတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပြောလေ့ရှိတာက ‘တတ်နိုင်သမျှ ကူညီပါ့မယ်’ လို့ ပြောလေ့ရှိကြပါတယ်။ အခုလည်း ‘တတ်နိုင်သမျှ ကူညီပါ့မယ်’ လို့ပဲ ပြောဖြစ်ခဲ့ပါတယ်။

အဓိပ္ပာယ်က တစ်ဖက်ကကြည့်ရင် တက်နိုင်သလောက်တော့ ကူညီမယ်လို့ပဲ ပြောထားတာ။ မတတ်နိုင်တော့လို့ မကူညီဖြစ်ရင် မတတ်နိုင်ဘူးဆိုတဲ့ သဘောလည်း ဖြစ်နေပါတယ်။ စေတနာအလျောက် ကူညီကြသူတွေဖြစ်လို့ သွားပြီးတော့ ‘မရဘူး၊ လုပ်မယ်ပြောထားတာ လုပ်ရမယ်’ လို့ သွားပြောလို့ မရပါဘူး။ အားလုံးက စေတနာ့ဝန်ထမ်း လုပ်ပေးနေကြပေမယ့် တစ်ဖက်ကလည်း ဘဝရပ်တည်မှုအတွက် လုပ်ကြရသေးတယ် မဟုတ်လား။ ကျွန်တော်တို့ ဒီကိစ္စကို အဓိကထားပြီး ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်တော်တို့တွေ ဘယ်လောက်ထိ Commit လုပ်ပြီး၊ ဘယ်လောက်အတိုင်း အတာထိ လုပ်နိုင်ကြမှာလဲ။

ကျွန်တော်တို့အနေနဲ့ တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လေးတွေ ဖွဲ့ပြီးတော့ဖြစ်စေ အရင်ကလည်း ဝါသနာအလျောက် Project လေးတွေ လုပ်ခဲ့ဖူးပါတယ်။ ထိုက်သင့်သလောက် အောင်မြင်တာတွေ ရှိသလို၊ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားပြီး ဘာမှဖြစ်မလာတာတွေလည်း ရှိပါတယ်။ ဒီ Project ကိုလည်း ဖြစ်စေချင်တဲ့ ဆန္ဒပဲရှိပြီး ဟိုလိုလိုဒီလိုလိုနဲ့ ဘာမှလက်တွေ့ ဖြစ်မလာတဲ့ Project တစ်ခု မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အဲဒီလိုမဖြစ်အောင် ဆွေးနွေး ပြင်ဆင်ခဲ့ကြပါတယ်။ အဓိကလိုအပ်တဲ့ အချက်သုံးချက် ရှိတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချခဲ့ပါတယ်။

1. Commitment

ဒီလို Project တွေမှာ (အထက်မှာ ပြောခဲ့သလိုပါပဲ) တတ်နိုင်သမျှ ဝိုင်းလုပ်ကြတာဖြစ်လို့ အစပိုင်းတော့ ဝါသနာအလျောက် အင်တိုက်အားတိုက် ကြိုးစားခဲ့ကြပေမယ့် အချိန်ကာလတစ်ခ ရောက်လာတဲ့အခါ ကိုယ့်အလုပ်နဲ့ကိုယ် မအားမလပ် ဖြစ်လာတာတွေကြောင့် အရှိန်လျော့ သွားကြလေ့ ရှိပါတယ်။ ကိုယ့်အလုပ်ကိစ္စတွေကို အကြာကြီး ပစ်ထားပြီး ရေရှည် အင်တိုက်အားတိုက် လုပ်ပေးနိုင်ဖို့က မလွယ်ပါဘူး။ ဒီလိုနဲ့ ဟိုမရောက် ဒီမရောက်နဲ့ ဘာမှဖြစ်မလာတဲ့ အပျော်တမ်း Project တွေ ဖြစ်ကုန်ကြပါတယ်။ ဒီလိုဖြစ်ခဲ့ရင် ပေးခဲ့ရတဲ့အချိန်တွေ စိတ်ကူးကောင်း စေတနာ ကောင်းနဲ့ လုပ်ခဲ့ကြတဲ့ အင်အားတွေ အလကား ဖြစ်ကုန်လို့ နှမျောဖို့ ကောင်းလှပါတယ်။

2. Budget

နောက်ထပ် အရေးကြီးတဲ့ ကိစ္စကတော့ Budget ဖြစ်ပါတယ်။ Project Coordinator ကို တခြားအလုပ်မလုပ်ဘဲ ဒီ Project တစ်ခုတည်းမှာပဲ အပြည့်အဝ တာဝန်ယူပေးနိုင်ဖို့အတွက် လိုအပ်တဲ့ အထောက်အပံ့ ပေးထားနိုင်ဖို့ Budget တစ်ခုလိုပါတယ်။ ပြီးတော့ လပေါင်းများစွာ ဆောင်ရွက်ရမယ့် ဒီ Project ကာလအတွင်းမှာ Meeting တွေ၊ Event တွေအတွက် ကုန်ကျစရိတ်တွေ ရှိနိုင်ပါတယ်။ Local Server တွေ ထားနိုင်ဖို့အတွက် Hardware တွေဝယ်ဖို့ လိုသလို အခြားစရိတ်စကတွေ ရှိပါသေးတယ်။

3. Business Plan

အစပြုဖို့ Budget ရရုံနဲ့လည်း မပြီးသေးပါဘူး။ ရေရှည် ရပ်တည်နိုင်ဖို့အတွက် Business Plan တစ်ခုလည်း လိုပါသေးတယ်။ Business Plan မရှိရင် OS လည်း Release လုပ်ပြီးရော ဆက်မလုပ် နိုင်ကြတော့လို့ ရပ်သွားရော ဖြစ်ပါမယ်။ တချို့ Releas တွေ အောင်မြင်ရက်နဲ့ ရပ်သွားတာတွေဟာ အဲဒီလို Sustain ဖြစ်နိုင်စေမယ့် Business Plan တစ်ခု လိုအပ်နေလို့ ဖြစ်တတ်ပါတယ်။

အဘယ်ကြောင့် မြန်မာOS လိုသနည်း

ဒီ OS Project လုပ်ဖို့စဉ်းစားရတဲ့ ရည်ရွယ်ချက်ကို ကိုငွေထွန်းကို ကျွန်တော် မေးကြည့် ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက် နှစ်ခုရှိတယ်လို့ ပြောပြပါတယ်။ ပထမ တစ်ခုကတော့ ကမ္ဘောဒီးယားလို၊ ဗီယက်နမ်လို နိုင်ငံတွေမှာတောင် သူတို့ကိုယ်ပိုင် OS တွေ ရှိကြပါတယ်။ Windows တို့၊ Mac တို့က သက်ဆိုင်ရာ ဘာသာစကားနဲ့ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးတာက တစ်ကဏ္ဍပါ။ ကိုယ်ပိုင်သီးခြား OS လေးတွေလည်း ရှိကြပါတယ်။ ကျွန်တော်တို့မှာလည်း အဲဒီလို ရှိသင့်ပါတယ်။ ကိုယ်က နမူနာသဘောမျိုး လုပ်ပြထားတော့ Major OS တွေက ကိုယ့်ဘာသာစကားကို အထောက်အပံ့ ပေးလိုတဲ့အခါ ကိုးကားစရာတစ်ခု ရသွားစေနိုင်ပါတယ်။ ဒါက ပထမရည်ရွယ်ချက် ဖြစ်ပါတယ်။

နောက်ရည်ရွယ်ချက် တစ်ခုကတော့ ကွန်ပျူတာ အခြေခံတောင် မသုံးနိုင်သေးသူတွေ သုံးနိုင်လာစေလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ မြန်မာလို အသုံးပြုနိုင်တော့ တကူးတက သင်နေစရာမလိုဘဲ လွယ်လွယ်ကူကူ သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ခြင်း ဖြစ်ပါတယ်။ အဲဒီလို သုံးနိုင်လာလို့ ကွန်ပျူတာ အသုံးပြုသူ အရေအတွက် တိုးတက်လာတယ်ဆိုရင် ကွန်ပျူတာ Industry တိုးတက်လာတာပဲ ဖြစ်ပါတယ်။

နည်းပညာသမားတွေကတော့ မေးခွန်းထုတ်ကြပါတယ်။ ‘မြန်မာလိုကြီးဆိုရင် သုံးရတာက အဆင်ပြေပါ့မလား၊ ကိုးလိုးကန့်လန့်တွေ ဖြစ်ကုန်ဦးမယ်’ တဲ့။ အမှန်တော့ ကွန်ပျူတာ ကျွမ်းကျင်ပြီးသားသူ တစ်ယောက်အမြင်နဲ့ ကြည့်ရင် မြန်မာလို ဖြစ်သွားတော့ ပိုတောင်အလုပ် ရှုပ်သွားပါသေးတယ်။ ဒီတိုင်းလည်း သုံးလို့ရနေသားပဲလို့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာလို မြင်နေရတော့ ကွန်ပျူတာ မသုံးတတ်သေးသူတွေအတွက် သုံးဖြစ်သွားစေဖို့ တွန်းအားတစ်ခု ဖြစ်သွားဖို့ ရှိပါတယ်။ တချို့ကလည်း ပြောကြပါသေးတယ် ‘မြန်မာလို သုံးရလွယ်လို့ သုံးပါပြီတဲ့။ အင်္ဂလိပ်စာ အားနည်းသွားပြီး အင်္ဂလိပ်လို မသုံးတတ်တော့ရင် ဘယ်လို လုပ်မလဲ’ တဲ့။

ဒီကိစ္စတွေက တခြား တရုတ်တို့၊ ဂျပန်တို့ ဘယ်လိုစဉ်းစားကြလဲ။ သူတို့ ဘာသာစကားနဲ့ အသုံးပြုကြတဲ့အတွက် အားသာချက်၊ အားနည်းချက် ဘာတွေရှိနေလဲ ဆိုတာတွေနဲ့ တိုက်ဆိုင်ဆန်းစစ်ဖို့ လိုမယ် ထင်ပါတယ်။ ရိုးရိုးရုံးလုပ်ငန်းသမားတွေက မြန်မာလိုသုံးပြီး၊ Professional တွေက အင်္ဂလိပ်လိုပဲ သုံးလို့လည်း ရတာပါပဲ။ မြန်မာလို ထွက်လာလို့ လူတိုင်းမြန်မာ လိုပဲ သုံးရမယ်လို့တော့ ယူဆစရာ မလိုဘူး ထင်ပါတယ်။

ကျွန်တော့်အမြင်မှာ တချို့ဆန်းစစ်ချက်တွေက လိုအပ်ပေမယ့် တစ်ခါတစ်ရံ လက်တွေ့အကောင်အထည် ဖော်လိုက်ပြီးမှ လက်တွေ့ကြည့်လိုက်တာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ မဟုတ်ရင် ထုံးစံအတိုင်း အပြောတွေနဲ့ အချိန်ကုန်ပြီး ရလဒ်ထွက်မလာ ဖြစ်နေပါလိမ့်မယ်။

စတင်ခြင်း

ဒီ Project စဖို့ပြင်တဲ့အခါ ပထမဦးဆုံး အနေနဲ့ ဘယ် OS ပေါ်မှာ အခြေခံမလဲ ဆုံးဖြတ်ရပါတယ်။ Open Source ဖြစ်တဲ့ Linux ပေါ်မှာ အခြေခံရမှာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ဘယ် Distro ကို အခြေခံမလဲ ရွေးရပါတယ်။ ကိုငွေထွန်းကတော့ အခြေခံအကျဆုံး Distro တွေထဲက တစ်ခုဖြစ်တဲ့ Debian ကို အခြေခံပြီး လုပ်စေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ကိုသူရလှိုင်ကတော့ Ubuntu ကို အခြေခံဖို့ အကြံပြုခဲ့ကြပါတယ်။ အမှန်တော့ Ubuntu လည်း Debian အခြေပြု OS တစ်ခုပါပဲ။ ကျွန်တော်တို့ Debian ပေါ်က Layer တစ်ခုဖြစ်နေတဲ့ Ubuntu ကို အခြေခံဖို့ အကြံပြုရခြင်းကတော့ Hardware Driver တွေ ပိုမိုပြည့်စုံခြင်း၊ Installer အသုံးပြုရ ပိုမိုလွယ်ကူခြင်းနဲ့ အခြားသော Ubuntu ရဲ့ Default Setup တွေက အသုံးပြုသူအတွက် ပိုမိုလွယ်ကူစေမယ်လို့ ယူဆလို့ ဖြစ်ပါတယ်။

မြန်မာ OS ရယ်လို့ပြောရင် အသုံးပြုသူတွေအတွက် အထောက်အကူတွေ ဖြစ်စေဖို့ Application တွေ ထည့်သွင်းပေးသင့်တာနဲ့အညီ Myanmar Wikipedia ကို အခြေခံထားတဲ့ စွယ်စုံကျမ်း၊ အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ မြန်မာ့ရိုးရာ ပြက္ခဒိန် အစရှိတာတွေကိုလည်း ဖန်တီးထည့်သွင်း ပေးထားပါတယ်။ မြန်မာ့ရိုးရာ ပြက္ခဒိန်ကတော့ အလိုအလျောက် တွက်ချက်ဖို့ ခက်တဲ့အတွက်ကြောင့် လက်ရှိ Version မှာ နေ့စွဲလောက်ကိုပဲ ပြနိုင်ဦးမှာ ဖြစ်ပါတယ်။ နောက် Version တွေမှာ အပြည့်အစုံ ထည့်သွင်းနိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ မြန်မာလို ရိုက်နည်း လမ်းညွှန် ကဲ့သို့သော လမ်းညွှန်လေးတွေကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။

Spelling Checker ကဲ့သို့သော ဆောင်ရွက်ချက်မျိုးကိုတော့ ပထမ Version မှာထည့်သွင်းပေးဖို့ အချိန်မမီတော့ပါဘူး။ အမှန်တော့ ဒီကိစ္စအပြင် အခြားသော နည်းပညာဆိုင်ရာ၊ ဘာသာစကားဆိုရင် လိုအပ်ချက်လေးတွေ ရှိပါသေးတယ်။ ထုံးစံအတိုင်း (တတ်နိုင်သလောက်) ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။

Software Update အတွက်လည်း Local Server တစ်ခု တပ်ဆင်ထားရှိပြီး ဖြစ်ပါတယ်။ သာလွန် OS ရဲ့ Update ကို အဲဒီ Local Server ကနေတစ်ဆင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ် သာလွန် OS ရဲ့ Beta Version တွေ ဖြန့်ချိထားပါတယ်။ သာလွန် OS ဟာ Open Source ဖြစ်တဲ့အတွက် မည်သူမဆို အခမဲ့ရယူ ဖြန့်ဝေနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက် (http://tharlon.org/) ကနေ Download လုပ်လို့ ရနိုင်သလို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ Distribution Center တွေမှာလည်း CD/DVD အဖြစ်နဲ့ ရယူနိုင်ပါတယ်။ Download ရယူနိုင်မယ့် နေရာတွေနဲ့ Distribution Center စာရင်းကို Myanmar L10n Team ရဲ့ Facebook Group (http://www.facebook.com/groups/myanmarl10n/) မှာ ဖော်ပြထားပါတယ်။

(အိမောင်)
The Voice Weekly မှ မူရင်းအတိုင်းကူးယူဖော်ပြပါသည်

No comments:

Post a Comment