![]() |
ဘဂ္ဂဒက်အပြင်ဘက်ရှိ အဘူဂါရိတ်ထောင် အပြင်ဘက်တွင် အီရတ်စစ်သားများ စောင့်ဆိုင်းနေမှုကို ၂၀၀၆ ခုနှစ် စက်တင်ဘာ ၂ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AP) |
ဖမ်းဆီးခံထားရသည့်
စစ်သွေးကြွ ရာပေါင်းများစွာ လွတ်မြောက်နိုင်ရန်အတွက် မိမိတို့အဖွဲ့က
အီရတ်ထောင်များကို ဖောက်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ကေးဒါး မူဂျာဟစ်ဒင်အဖွဲ့က
ထုတ်ပြန်လိုက်သည်။
ဇူလိုင် ၂၂ ရက်က
မြို့တော်ဘဂ္ဂဒက် အနောက်ဘက် အဘူဂါရိတ်မြို့ အကျဉ်းထောင်နှင့်
မြို့တော်မြောက်ဘက် တာဂျီမြို့ အကျဉ်းထောင်တို့အား တိုက်ခိုက်မှုများတွင် လူ
၄၀ ကျော် သေဆုံးခဲ့ရာ အီရတ်နိုင်ငံတွင် စစ်သွေးကြွများ
ပိုမိုဆိုးရွားလာမှုနှင့် လုံခြုံရေး အခြေအနေ ကျဆင်းလာမှုတို့ကို
မီးမောင်းထိုးပြနေသည်။
ဇူလိုင် ၂၃ ရက်ကလည်း
ဆွန်နီမွတ်စလင် ဗလီလေးခုတွင် ညနေပိုင်း ၀တ်ပြုရန် ရောက်ရှိနေသူများကို
ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရသူ
၄၉ ဦးရှိခဲ့ရာ ယခုလအတွင်း သေဆုံးသူ စုစုပေါင်း ၆၃၈ ဦး ရှိသွားပြီး
ယခုနှစ်အတွင်း သေဆုံးမှု အများဆုံးလ ဖြစ်လာခဲ့သည်။
"မူဂျာဟစ်ဒင်အဖွဲ့က
လပေါင်းများစွာ ပြင်ဆင်စီစဉ်ပြီး ထောင်နှစ်ခုကို ဖောက်ခဲ့တာ ဖြစ်ပါတယ်" ဟု
အီရတ်အစိုးရနှင့် ရှီအိုက်မွတ်စလင်များအဖွဲ့ Levant တို့က လက်မှတ်ရေးထိုး
ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
အဆိုပါ
မူဂျာဟစ်ဒင်အဖွဲ့ကို အီရတ်ရှိ အယ်လ်ကေးဒါးအဖွဲ့ခွဲနှင့် ဆီးရီးယားမှ
ဂျီဟတ်ဒ်အဖွဲ့ အယ်လ်နွတ်ဆာရာ တပ်ဦးတို့ ပေါင်းစပ်ဖွဲ့စည်း
ထားခြင်းဖြစ်သည်။
အကျဉ်းထောင်နှစ်ခုအား
ဖောက်ခဲ့ရာတွင် စစ်သွေးကြွ ၅၀၀ အပါအ၀င် အကျဉ်းသား ရာပေါင်းများစွာကို
လွှတ်ပေးနိုင်ခဲ့ကြောင်း မူဂျာဟစ်ဒင်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယမန်နှစ်က
ထွက်ပေါ်ခဲ့သည့် အသံဖိုင်တစ်ခုတွင် မူဂျာဟစ်ဒင် အဖွဲ့ခေါင်းဆောင်
အဘူဘက်အယ်ဘက်ဒါဒီက အကျဉ်းထောင်များ ဖောက်ရန်နှင့် တရားစီရင်ရေး အဖွဲ့မှ
အရာရှိများကို ပစ်မှတ်ထား တိုက်ခိုက်သွားရန်ဟု ပြောကြားခဲ့သည်။
အကျဉ်းထောင်များအတွင်း
ဆူပူမှု ဖြစ်ပေါ်အပြီးတွင် အပြင်၌ အသင့်စောင့်နေသည့် စစ်သွေးကြွများက
ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် စနစ်တကျ အကွက်ဆင်
တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်သွေးကြွများက မော်တာများ၊ ဗုံးများ၊ သေနတ်များ အသုံးပြုကာ လုံခြုံရေး တပ်ဖွဲ့များနှင့် ၁၀ နာရီကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။
Ref:AFPEleven မှဖြစ်ပါသည်
No comments:
Post a Comment