ကမ္ဘာလှည့်ဧည့်များအတွက် သတင်းအချက်အလက်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Fodor’s ၏ ယခုနှစ်အတွက် ခရီးသွားရန် အကောင်းဆုံးဒေသ ၂၅ ခုစာရင်းတွင် မြန်မာနိုင်ငံကို ရွေးချယ်ထားကြောင်း သိရသည်။ “အင်္ဂလန်၊ နယ်သာလန်(အမ်စတာဒမ်)၊ ဂျာမနီ၊ အိုင်ယာလန်၊ နယူးဇီလန်စသည့် နိုင်ငံများနှင့် အတူ ထည့်သွင်း ဖော်ပြခံရခြင်းဖြစ်ပြီး အာရှမှ မြန်မာနိုင်ငံ တစ်နိုင်ငံသာ ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ ဧည့်သည်များသည် ယခင်က မြန်မာနိုင်ငံသို့ လာရောက်ရန်
တားမြစ်ထားသည့်ကြားမှ ရှေးဟောင်းစေတီ ပုထိုးများ တည်ရှိရာ ပုဂံ၊ ရေပေါ်တွင် ရွာတည်ထားသည့် အင်းလေးတို့သို့ လာရောက် လည်ပတ်ခဲ့ကြကြောင်း၊ နိုင်ငံရေးအရ အထီးကျန်ဆန်မှု ကျော်လွန်ပြီး ဟီလာရီကလင်တန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား တို့ လာရောက်ခဲ့သည့်နောက်တွင် အရှေ့တောင်အာရှ၏ ခရီးသွားဒေသ၌ ပြန်လည် ပါဝင်လာစေခဲ့ကြောင်း Fodor’s ၏ ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ ခရီးသွားရာတွင် အခြားတိုင်းပြည်များထက် လိုအပ်ချက်များ ရှိနေသော်လည်း သွားရောက် လည်ပတ်ရန် ထိုက်တန်ကြောင်းလည်း ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပဧည့် စုစုပေါင်း ၁၀၆၄၀၂၂ ဦး လာရောက်ခဲ့ပြီး ခရီးသည် လာရောက်မှု စံချိန်တင်သည့်နှစ် ဖြစ်ခဲ့ သည်။ နိုင်ငံ တကာ တွင် ထိုသို့ဧည့်အဝင် သိသာစွာ မြင့်တက်ခဲ့သည့် ဖြစ်စဉ်မျိုး လွန်စွာရှားပါးကြောင်း၊ သို့သော်လည်း ဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တိုးတက်ရေး တစ်ဆင့်ချင်းသာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “အတင်းဖွင့်လိုက်ရင်တော့ အများကြီး ဝင်လာကြမှာပဲ။ ကျွန်တော်တို့ရဲ့ မူကတော့ Step by Step ပဲသွားမှာပါ” ဟု ၎င်းက ပြောသည်။
ယခင်နှစ်က မြန်မာသို့ ဧည့်ဝင်ရောက်မှု တစ်သန်း ခန့်မှန်းထားခဲ့ပြီး လက်တွေ့တွင် တစ်သန်း ကျော်လွန် ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း တစ်သန်းခွဲ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည် ။ မြန်မာနိုင်ငံသည် ယခင်နှစ်ကလည်း CNN ၏ ခရီးသွားရန် အကောင်းဆုံးသော စာရင်းတွင် ထည့်သွင်း
ရွေးချယ်ခံခဲ့ရသည်။ ယခုနှစ်တွင်လည်း ကမ္ဘာ့အကြီးဆုံး ခရီးသွား သတင်းအချက်အလက် ပေးသော အဖွဲ့အစည်းဖြစ်သည့် Fodor’s တွင် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ Fodor’s သည် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ ခရီးသွားဆိုင်ရာ ရေးသားသူ ၇၀၀ ကျော်၏ နောက်ဆုံးရ သတင်းအချက်အလက်များဖြင့် ခရီးသွားစာအုပ် များ ထုတ်ဝေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
မူရင်း-http://onekokoaung.blogspot.com
No comments:
Post a Comment