Saturday, September 16, 2017

မြန်​မာပြည်​တစ်​နံတစ်​လျားက ​သောတာပန်​​လျှောက်​လွှာများ

❄မြန်မာပြည်တစ်နံ တစ်လျားက❄
သောတာပန် လျှောက်လွှာများ
🔺🔺🔺🔺🔺🔺🔺🔺🔺

🔜မြန်မာပြည် အနှံ အပြားမှ သောတာပန်
လျှောက်လွှာများနှင့် ပက်သက်၍ ...

▶ကျေးဇူးတော်ရှင် လယ်တီဆရာတော်
ဘုရားကြီး၏ အလုပ်ခွင်နှင့်စပ်သော ..
အဆုံးအဖြတ် ဩဝါဒများမှာ နှောင်းခေတ်လူတို့
အတွက်များစွာအတုယူ
လိုက်နာဖွယ် ကောင်းလှ၏ .. ။

🌟အထူးသဖြင့် " ငါ သောတာပန် ဖြစ်ပြီ "
စသည်ဖြင့် ထင်မှတ်ပြောဆိုဆုံးဖြတ်ရသော
အရာသည် ပဋိပတ္တိ သာသနာဝင်၌ ထိပ်တန်း
ပြဿနာကြီး တစ်ရပ် ဖြစ်နေ၏ ။ထိုပြဿနာ နှင့်စပ်၍
ဆရာတော်ဘုရားကြီး အမိန့်ရှိဖူးသည့်အတိုင်း
မှတ်သားထားသော ပရိယတ် ပဋိပတ် စွယ်စုံ
တပည့်ကြီး တစ်ပါးဖြစ်သူ သိမ်တောင်ဆည်ကြီး
ဆရာတော်၏ မှတ်တမ်းကို ' အရိယာ ဝိဇ္ဇာမဂ္ဂ
အလင်းပြကျမ်း ' မှ ထုတ်နုတ်ပြဆိုပါအံ့ ...

⏩လယ်တီဆရာတော်ဘုရားကြီး သဲတော
သိမ်တောင်တိုက်၌ သီတင်းသုံးနေခိုက်ဖြစ်သည်။
မိတ္ထီလာမြို့ ရေလယ်ဆရာတော် ဦးအာဒိစ္စ ၊
စွန်းလွန်းဦးကဝိနှင့်တရားအားထုတ်ဖော်
ဦးဝိစာရနှင့် စွန်းလွန်း စက်စာရေးကြီး ဦးဘစံတို့
ဆရာတော်ထံ လာရောက်ကြ၏ ။

ထိုအခါ ဦးဘစံက ဆရာတော်အား
အောက်ပါအတိုင်း လျှောက်ထားသည် ...

▶" ဆရာတော်ဘုရား ..
ဘုရားတပည့်တော်သည် သေက္ချ​တောင်
ဦးတိလောက၏ ပဏ္ဍိတ ဝေဒနိယကျမ်းလာ
ကသိုဏ်း အားထုတ်နည်းများကို အားထုတ်ရာ
ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များကို ကောင်းစွာ
ရရှိပါသည် ။ အပ္ပနာဈာန် သမာဓိဖြစ်ပါသည် ။
ထို့နောက် ဆရာတော်၏ အနတ္တဒီပနီ ဝေဒနာ
ကမ္မဌာန်းနည်း အတိုင်း ဝိပဿနာတက်ရာ
ရုပ်ခန္ဓာကြီးမှာ နှမ်းများကို အိုးကင်း၌ ထည့်၍
လှော်သကဲ့သို့ တဖျစ်ဖျစ် ဖြစ်ပျက်နေသည်ကို
ဥာဏ်မှာ မြင်ပါသည် ဘုရား ... ။

ထို့နောက်ဥာဏ်စဉ်အတိုင်း တက်၍ ရုပ်နာမ်
အနိစ္စသဘောများကို ကောင်းစွာ
ထင်မြင်ပါသည် ... " စသည်ဖြင့် မဂ်ဇော
ဖိုလ်ဇောကျပုံအထိ ပြည့်စုံစွာ လျှောက်ထား၏။
ဆရာတော်ဘုရားကြီးက သာဓု သုံးကြိမ်
ခေါ်တော်မူသည် ။

#အထင်နဲ့မပြောကြနှင့် ..◻
⏪⏩⏪⏩⏪⏩
▶ထို့နောက် ဆရာတော်ဘုရားကြီးက ..
" အင်း - ငါ၏ တပည့်များ နောက်ကို မဂ်ရသည်
ဖိုလ်ရသည်ဟု မည်သူ့ကိုမျှ မပြောကြနှင့် ။
ဧရာဝတီ မြစ်ရိုးတလျှောက် ပြည် , ရွှေတောင်
ညောင်တုံး စသော မြို့များတွင် သောတာပန်
သကဒါဂမ် , အနာဂမ် အရိယာတွေ အလွန်
ပေါများနေကြောင်း လျှောက်ထားကြသည် ။
ဆုံးဖြတ်ပေးဖို့ လျှောက်လွှာတွေလဲ ငါ့ထံမှာ
အများကြီးပဲ ။ မည်သူ သောတာပန်ဖြစ်ပြီ ။
ရဟန္တာဖြစ်ပြီဟု မုချ မဆုံးဖြတ်ကြနှင့် ။
အနုသယ သဘောသတ္တိမှာ လွန်စွာ
သိမ်မွေ့သည်ဖြစ်၍ မဂ်ဖြင့် ပယ်,မပယ်
လွန်စွာ သိနိုင်ခဲ၏ ။

⏩ယောဂီတစ်ဦးသည် ပါရမီလည်းရှိ
သက်စွန့်လည်းကြိုးစား ရုပ်နာမ်ဓမ္မ သဘာဝ
အမှန်ကို ဥာဏ်ဝမှာ ထင်မြင်သည် ဖြစ်စေဦး
တစ်ခါ တစ်ခါ ရုပ်နာမ် ချုပ်ငြိမ်းသကဲ့သို့ ဖြစ်၍
အေးငြိမ်းမှုကို တွေ့ရှိ ခံစားရတတ်သည် ။
ထိုအခါ ယောဂီ၏စိတ်မှာ ဝီတိက္ကမ , ပရိယုဌာန
ကိလေသာတို့သည် ကြမ်းတမ်းသော အမူအရာ
မပေါ်ဘဲ ငုပ်ကွယ်နေတတ်သည် ။
ထိုအခါ ဆရာက တကယ်မဂ်ဖိုလ်ထင်၍
ဆုံးဖြတ် မှားတတ်သည် ။

🌟ဆရာက စာနှင့်ကိုက်ကြည့်၍ ညီညွတ်သည်
ထင်လျှင် သာဓုသုံးကြိမ်ခေါ်၍ ဗိုလ်ငါးပါးနှင့်
ညီညွတ်အောင်ထား၍ ရှေ့သို့ ဆက်လက်
အားထုတ်ရန် တိုက်တွန်းပေးရမည် ။

#ဆရာရော_တပည့်ပါ_အပြစ်မကင်း

▶ဥပမာအားဖြင့် ခက်လက် ရွက်ညွှန့်တို့ဖြင့်
စည်ပင်နေသော မဟာဗောဓိပင်ကြီးမှာ
မြင်ရသူတိုင်း ကြည်နူးဖွယ်ဖြစ်သည် ။
တစ်စုံ တစ်ယောက်က ချိုးဖဲ့လျှင် လွန်စွာ
အားနည်းသွား၍ ရုတ်တရက် ပြန်၍
မစည်ပင်နိုင် ... ။

▶ထို့အတူ ...,
ယောဂီသည် မဟာဗောဓိပင်ကြီးနှင့်တူသည် ။
မဂ်ညွှန့် ဖိုလ်ညွှန့်တွေ ဝေဆာနေ၏ ။
မဂ်ဖိုလ် မဟုတ်ဘဲလျက် မဂ်ဖိုလ်ထင်မှတ်၍
ဆုံးဖြတ်ပေးသူသည် မဟာဗောဓိပင်မှ ...
မဂ်ညွှန့်ဖိုလ်ညွှန့်တွေကို ချိုးဖျက်သူနှင့်
တူတော့သည် ။

▶တပည့်ကလည်း "ငါ သောတာပန်ဖြစ်ပြီ"ဟု
ဟိန်းချ၍ တစ်စခန်း အမောဖြေ
နားနေတတ်သည် ... ။

▶ဝိသာခါ , အနာထပိဏ်တို့ကဲ့သို့ သောတာပန်
အဖြစ်နှင့် ကာမ ရာဂ အနုသယ ဓါတ်ငုပ်တွေ
ပေါ်ပေါက် သောင်းကျန်း၍ ခံစားနေတတ်သည်။

ယခုဘဝမှာပင် တကယ် မဂ်ဖိုလ် ရထိုက်သူ
ဖြစ်ပါလျက်နှင့် ဆရာက အဆုံးအဖြတ်
စော၍ စိတ်ချနေသောကြောင့် ရှေ့သို့
အားထုတ်လိုမှု ရပ်စဲသွားတတ်သည် ။
တပည့်မှာလည်း အကျိုးယုတ်၏ ။

ဆရာမှာလည်း မဂ်ညွှန့် ဖိုလ်ညွှန့် ချိုးပစ်ရာ
ရောက်သည် ။ နှစ်ဝ နှစ်ဝ အကျိုးယုတ်သည် ။

🌟"တကယ် အရိယာထင်မှတ်၍ ဆုံးဖြတ်ပြီး
သည့်နောက်တွင်လည်း အနုသယဓါတ်ငုပ်
ပေါ်,မပေါ် ၊ ကံသုံးပါး သောင်းကျန်းမှုရှိ မရှိကို
အနည်းဆုံး ( ၇ ) နှစ် စောင့်ကြည့်ရမည် ။
ကြပ်ကြပ် သတိ ရှိကြပါစေ... " ဟု
မိန့်တော်မူ လေသည် ။

🌟ဤကား ..
မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်တွင်
ဂိုဏ်းဂဏ မရွေး အမြဲစိုက်ထောင်ထားရမည့်
ကျေးဇူးတော်ရှင် လယ်တီဆရာတော်
ဘုရားကြီး၏ ပဋိပတ္တိသာသနာဝင်
ကျောက်စာတော်ကြီးပေတကား ...

#ဓမ္မာစရိယ ဦးဌေးလှိုင်

No comments:

Post a Comment