Sunday, February 22, 2015

လောက်ကိုင်အရေးနှင့်တရုတ်ပြည်အနေအထား



လောက်ကိုင်ကိစ္စနှင့်ပတ်သက်၍ မြန်မာလူထုအတွင်း အမျိုးသားရေး အမြင်များ အပြင်းအထန်ပေါက်ကွဲမှုရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ဖုန်ကြားရှင် ကိုယ်တိုင်က ကမ္ဘာအရပ်ရပ်ရှိ တရုတ်များကို အကူအညီတောင်းကာ သူ့ဘက်က ရပ်တည်ပေးရန် ကြေငြာချက်ထုတ်ခဲ့သဖြင့် တစ်ချိန်က တိုင်းရင်းသားခေါင်းဆောင်အဖြစ် နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးခဲ့သော မြန်မာပြည်ကို ခြေစုံကန်ခဲ့ခြင်းဖြစ်၍ မြန်မာလူမျိုးတို့ က အမျိုးသားသစ္စာဖောက်အဖြစ် ဒေါသအမျက်ပြင်းထန်ခဲ့သည်။


ကိုးကန့်သည် တရုတ်ပြည်ဟန်မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်သည်။ တရုတ်ပြည်ကို အင်္ဂလိပ်နှင့် အမေရိကန်တို့ စိတ်ကြိုက်ခြယ်လှယ်ခဲ့စဉ်က အင်္ဂလိပ်ပိုင်မြန်မာမြေထဲ တရုတ်ပြည်ကခွဲထုတ်ကာ ထည့်ခဲ့သည်။ ထိုသမိုင်းသည် ကိုးကန့်အရေးအခင်းကြောင့် ပြန်လည်ရှင်သန်လာသည်။ တရုတ်အင်တာနက်စာမျက်နှာများတွင် နေရာယူလာပြီး တရုတ်လူငယ်များအတွင်း သူတို့မြေကို အင်္ဂလိပ်က သူများပေးခဲ့သည်ဟု ရှုမြင်မှုတွေ ထွက်လာပြီး ကိုးကန့်ကို တိုက်ခိုက်မှုကြောင့် မြန်မာအပေါ် မုန်းတီးလာသည်။ မြန်မာအင်တာနက် စာမျက်နှာများတွင်လည်း တရုတ်မုန်းတီးရေးစိတ်များလှုံ့ဆော်မှုများကို ပြန်လည်ထောက်ပြကြသည်။

တရုတ်အစိုးရဘက်ကမူ ထိုပြဿနာအား အစိုးရကိစ္စဟု မရှုမြင်ချေ။ ကိုးကန့်သည်မြန်မာတိုင်းရင်းသားသာဖြစ်ပြီး ပြည်ပက တရုတ်နိုင်ငံသားမဟုတ်သူများ၏ သေရေးရှင်ရေးသည် သူတို့နှင့်မဆိုင်ဟု သဘောထားသည်။ သို့သော် တရုတ်မျိုးချစ်အစွန်းရောက်လူငယ်များက မကျေနပ်ကြချေ။ ကိုးကန့်သည် ဟန်မျိုးနွယ် ယဉ်ကျေးမှုတွေကို ထိန်းသိမ်းထားဆဲဖြစ်ပြီး မိမိတို့ဆွေမျိုးများသာဖြစ်၍ အင်္ဂလိပ်နယ်ချဲ့၏ ယုတ်မာမှုကြောင့် သူများမြေထဲ ထည့်ပေးလိုက်ရသည်ဟု ခံယူကြသည်။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် သူ့လူတွေ သူအတော်ပြန်ထိန်းနေရသည်။ အင်တာနက်စာမျက်နှာများတွင် ကိုးကန့်သည် မြန်မာတိုင်းရင်းသားဖြစ်ပြီး မြန်မာအစိုးရ၏ ဖြေရှင်းမှုအပေါ် စွက်ဖက်ရန် အကြောင်းမရှိကြောင်း၊ မြန်မာသည် ဆွေမျိုးဖောက်ဖော်သာဖြစ်ပြီး ရှေးကတည်းကပင် ချစ်ကြည်ခဲ့သော သမိုင်းရှိကြောင်း ဖြေရှင်းချက်တွေ ထုတ်နေရသည်။

မြန်မာတိုလူမျိုးများအကြား တရုတ်မုန်းတီးရေးစိတ်များ နိုးထလာသည်ကိုလည်း တရုတ်တို့က စိုးရိမ်နေသည်။ အမေရိကန်နှင့်အနောက်အုပ်စုအပါအဝင် သမိုင်းကြွေးရှိသော ဂျပန်ကပါ မြန်မာပြည်စီးပွားရေးနယ်ပယ်တွင် အခြေချလာရာ တရုတ်တို့အတွက် ထိုသူတွေကြောင့် မြန်မာတရုတ်ချစ်ကြည်ရေး ပျက်ပြားမည်ကို စိုးရိမ်မှုတွေ ရှိသည်။ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးရှိသော မြန်မာပြည်နှင့် စိုသောလက်မခြောက်ချင်သော ပုံစံကို ထုတ်ဖော်လာသည်။ သူ့လူငယ်တွေကို တန်ပြန်ထိန်းချုပ်ပြီး မဟာဗျူဟာအကွက်တွေ ဖော်လာရတော့သည်။

တရုတ်နယ်စပ်သို့ထွက်ပြေးလာသော ဒုက္ခသည်များကို စနစ်တကျထားရေး၊ ကူညီကယ်ဆယ်ရေး၊ အစိုးရဝန်ထမ်းများကို ရွှေလီမှတဆင့် ပြန်လည်ပို့ဆောင်ရေးတွေပါ မြန်မာဘက်က အမြင်ရှင်းအောင် လုပ်ဆောင်ပြလာသည်။ မြန်မာအစိုးရဘက်က နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တောင်းဆိုမှုတွေကို အသိအမှတ်ပြုထုတ်ပြန်လာရသည်။ မည်သည့်အဖွဲ့အစည်းမှ တရုတ်နိုင်ငံမြေကို အသုံးပြု၍ နယ်စပ်တွင်မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်ရန် ခွင့်ပြုမည်မဟုတ်ဘဲ တရုတ်အချုပ်အခြာကိုလေးစားပါကြောင်း တရုတ်ဘက်က ပြောလာရသည်။ မသိချင်ယောင်ဆောင်၍ ဖြတ်သွားဖြတ်လာတွေကို ခွင့်ပြုမည်မဟုတ်ဟု ဆိုတန်ရာသည်။

မြန်မာသံရုံးသို့ တရုတ်လူငယ်အချို့ ဖုန်းဆက်ခြိမ်းခြောက်မှုတွေရှိလာသည်။ တရုတ်တို့က မြန်မာသံရုံးဝန်းကျင် လုံခြုံရေးတွေ ချက်ချင်းတိုးမြှင့် ကာကွယ်ပေးသည်။ မြန်မာကို အထိခံလို့မဖြစ်ဟု ယူဆသည်။ အထူးသဖြင့် အစိုးရခြင်းဆက်ဆံရေး အထိအခိုက်မခံလို။ ပြီးခဲ့သည့်ကာလက မြန်မာပြည်တရုတ်သံရုံးရှေ့တွင် မြန်မာရဲများနှင့် မြန်မာဆန္ဒပြသူများလို အဖြစ်မခံချင်။ ဖြစ်လာလျှင် တရုတ်အစိုးရက သူ့လူသူ အကြမ်းဖက်ဖြိုခွင်းမှုလုပ်မည့်သဘောဖြစ်သည်။

မြန်မာနှင့်တရုတ်မှာ ကွာခြားမှုရှိသည်။ တရုတ်သည် ကွန်မြူနစ်အုပ်ချုပ်ရေးဖြစ်၍ ပြည်သူ့ဆန္ဒတိုင်း အစိုးရဆန္ဒဖြစ်မလာနိုင်ပေ။ အစိုးရ၏ တရုတ်အကျိုးစီးပွား ဟူသော နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် မဟာဗျူဟာ အရှုံးအမြတ်ကို ကြည့်သည်။ သူ့အစိုးရသည် ပြည်သူကြောင့် ပြုတ်ကျစရာမရှိပေ။ နိုင်ငံရေးလှုပ်ရှားမှုကို လက်မခံ။ ပြင်းပြင်းထန်ထန်ဖြိုခွဲသည့် ဓလေ့ရှိသည်။ ဖြုတ်ထုတ်သတ် နာမည်ကြီးသော ရှီကျင့်ဖျင်ကိုလည်း အောက်ခြေဝန်ထမ်းအားလုံးကြောက်၍ ဗဟိုအစိုးရက ချိုလျှင်လိုက်ချိုရခြင်းက နယ်စပ်အရေး အခြေအနေပြောင်းလဲ လာဖွယ်ဖြစ်သည်။ လတ်တလော ဖုန်ကြားရှင်၏ တရုတ်အားကိုးမှုအပေါ်လည်း တရုတ်လူမျိုးများက ထောက်ခံလင့်ကစား အစိုးရသည် မြန်မာတို့၏ အထင်လွဲမည်ကို စိုးရိမ်မှုတွေရှိနေသည်က အမှန်ဖြစ်သည်။

ကိုးကန့်အရေးကြောင့် သူ့အထင်နှင့်အမြင် ပါစင်အောင် လွဲသည်ကို တွေ့လိုက်ရသည်။ နိုင်ငံသေးလင့်ကစား တိုင်းရင်းသားတစ်ရာကျော်ရှိပြီး လက်နက်ကိုင်တော်လှန်မှုတွေကြောင့် မြန်မာတွေ လူမညီဟုထင်ခဲ့သည်။ သို့လင့်ကစား ဖုန်ကြားရှင်က တရုတ်လူမျိုးများကို လေသံပစ်သောအခါ မြန်မာတိုင်းရင်းသားတွေ စည်းလုံးသွားကြသည်။ အစိုးရကလည်း ပြတ်ပြတ်သားသားပြောလာသည်။ လူထုကလည်း ထောက်ခံသည်။ မြန်မာတွေ ညီညွတ်မည်ကို စိုးရိမ်မှုရှိသည့် အင်အားကြီးနိုင်ငံပီပီ သူလည်း စိုးရိမ်သည်။

တရုတ်တွင် မြန်မာကို ကြောက်ရသော အချက်တွေရှိနေသည်။မြန်မာတွင် တရုတ်အတွက် အကျိုးစီးပွားများစွာရှိသည်။ ထိုအကျိုးစီးပွားတွေက မြန်မာအစိုးရ လက်ထဲမှာဖြစ်သည်။ သို့သော် မြန်မာအစိုးရသည် ပြည်သူကို တရုတ်လောက်မနိုင်ချေ။ ၅ နှစ်တစ်ကြိမ်ရွေးကောက်ပွဲ၊ အတိုက်အခံပါတီများ၊ လက်နက်ကိုင်တော်လှန်နေသော တိုင်းရင်းသားများရှိသည်က မြန်မာတွေ အားနည်းချက်ဟု ထင်ထားခဲ့သည်။ ထိုအားနည်းချက်တွေက တရုတ်အကျိုးစီးပွားထိခိုက်လျှင် အစိုးရကို အကြပ်အတည်းဖြစ်အောင် ဖန်တီးဖို့ မဟာဗျူဟာ အခွင့်အလမ်းတွေဟု မှတ်ယူခဲ့ဖူးသည်။ သို့သော်ထိုလူတွေ စည်းလုံးသွားလျှင်တော့ မဟာဗျူဟာ အခက်အခဲဖြစ်သွားနိုင်သည်။ ခု စည်းလုံးသွားချေပြီ။

တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်၏ စွမ်းအင်အသက်ဖြစ်သည်။ ထိုအသက်က မြန်မာအစိုးရလက်ထဲရောက်နေသည်။ တရုတ်က အမေရိကန်ထိန်းချုပ် အင်ဒိုချိုင်းနားရေပြင်ကို ဖြတ်၍စွမ်းအင်သယ်ပို့နေခြင်းက သူ့အတွက်မလုံခြုံဟု ယူဆသည်။ ထိုအတွက် မြန်မာသည် မဟာဗျူဟာနယ်မြေဖြစ်သည်။ ပုလဲသွယ်စီမံကိန်းနှင့် သမုဒ္ဒရာ ၂ စင်းမဟာဗျူဟာတို့အတွက် အရေးပါသည်။ ပြိုင်ဘက် ဂျပန်က သီလဝါကို ဝင်ယူသည်။ ရခိုင်ဒေသတွင် အနောက်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံလာသည်။ လက်ပတောင်းကိစ္စ၊ ဧရာဝတီကိစ္စများအတွက် တရုတ်အပေါ် မြန်မာလူထုက မကြည်သည့်အချက်ကလည်း တရုတ်အစိုးရအတွက် အခက်အခဲတစ်ခုဖြစ်သည်။ အစကတော့ မြန်မာအစိုးရကို တိုင်းရင်းသားဘက်က လှည့်ကိုင်လျှင် အဆင်ပြေမည်ဟု ယူဆဟန်ရှိသည်။ လောက်ကိုင် ကိစ္စဖြစ်တော့ သူတို့ထင်သလို မဟုတ်ဘဲ ပြည်သူအများစုက အစိုးရနှင့်ထပ်တူဖြစ်သွားသောအခါ တိုင်းရင်းသားလက်နက်ကိုင်အချို့လည်း မြန်မာအစိုးရ ဘက်ယိမ်းသွားကြသည်။ ထိုက တရုတ်အခက် ဖြစ်စေသည်။

မည်သို့ဆိုစေ လောက်ကိုင်အရေးတွင် မြန်မာတွေ စည်းလုံးသွားသည်။ ထိုစည်းလုံမှုသည် တရုတ်အခက်ဖြစ်သည်။ မြန်မာသည် သူကိုင်တွယ်ချင်တိုင်း ကိုင်လို့မရမှန်းနားလည်သွားသည်။ ပြိုင်ဘက် အနောက်အုပ်စု၊ ဂျပန်နှင့်ကိုရီးယားကလည်း သူ့နေရာချောင်းနေသည်မဟုတ်လော။ တရုတ်သည် မဟာဗျူဟာရည်မှန်းချက်များအတွက် နည်းဗျူဟာ ပြောင်းရတော့မည်။ မြန်မာကို အလိုလိုက်ရတော့မည်။ တရုတ်အတွက် မဟာဗျူဟာ အားနည်းချက် စွမ်းအင်ကို မြန်မာက ကိုင်ထားသည်မဟုတ်လော။ အာရှဖြတ် ရထားလမ်း၊ ကားလမ်းများကလည်း မြန်မာကသာ မဟာဗျူဟာဆုံချက်ဖြစ်နေသည်က တရုတ်အတွက် အခွင့်အရေးရော စိန်ခေါ်မှုပါ ဖြစ်သေည်။

အိမ်နီးချင်းသည် ရှောင်လွှဲ၍မရသော သမိုင်းပေးအမွေ၊ ပထဝီနိုင်ငံရေးအရလည်း မဆက်ဆံ၍မရသော အခြေအနေဖြစ်သည်။ ထိုအခြေအနေတွင် အာရှခေတ်ရောက်လာသည်ကလည်း မြန်မာက စန်းပွင့်သည့်ဘက်သို့ယိမ်းလာသည်။ မြန်မာ၏ အားနည်းချက်မှာ တိုင်းရင်းသားများပြီး မညီညွတ်ခြင်းဖြစ်သည်။ မြန်မာ၏ အားနည်းချက်ကို ပြင်နိုင်လျှင် မြန်မာသည် ဒေသတွင်း မဟာဗျူဟာကျသော ပါဝါနိုင်ငံဖြစ်လာနိုင်သည်။ လတ်တလောတော့ မြန်မာတွေ လောက်ကိုင်ကိစ္စအကြောင်းပြုလို့ စည်းလုံးနေသည်။ တရုတ်အနေဖြင့် လောက်ကိုင်ကိစ္စတွင် မြန်မာကို အလိုလိုက်ရဖွယ်ဖြစ်နေသည်။ လောက်ကိုင်ကိစ္စကြာလေ ပိုစည်းလုံးလေ ဖြစ်နေမည်။ တရုတ်ဘက်ကတော့ လောက်ကိုင်ကိစ္စပြီးလျှင် အရင်လိုစိတ်ဝမ်းကွဲနေသည်ကို လိုချင်ပေလိမ့်မည်။ စည်းလုံးနေပါက မြန်မာအစိုးရကို အလျော့ပေးဆက်ဆံနေရမည့် အရေးကို တရုတ်တို့ လိုလားမည်မဟုတ်ပေ။

မည်သို့ဆိုစေ လတ်တလော အခြေအနေအရ မြန်မာအစိုးရ စိတ်ကွက်မည့်အရေး တရုတ်တို့ ရင်လေးနေသည်က အမှန်ဖြစ်သည်။ တရုတ်လူမျိုးအချို့ မြန်မာအပေါ် မုန်းတီးမှုရှိနေသည်ကို အလိုလိုက်၍ မရ။ မဟာဗျူဟာအခွင့်အရေးတွေက ရေရှည်အတွက် ပိုအကျိုးရှိသည်။ အလားတူ မြန်မာတွေကလည်း တရုတ်ကို အမုန်းဖြင့် ဆက်ဆံလို့မရ။ သူတို့ကို အကျိုးရှိအောင် အသုံးချပစ်ရမည်။ သူတို့၏ အားနည်းချက်သည် မိမိတို့ အခွင့်အရေးဖြစ်ပြီး မိမိတို့အားနည်းချက်သည် သူတို့အခွင့်အရေးဖြစ်သည်ကို နားလည်လျှင် တရုတ်အသက်သည် မြန်မာ့ လက်ထဲတွင်သာရှိသည်ကို ပညာသားပါပါ သုံးသပ်နိုင်ပါသည်။ ထိုအချက်သည် မြန်မာတွေ စည်းလုံးညီညွတ်မှု တစ်ခုတည်းသာဖြစ်ပါသည်။

လေးစားလျှက်
ထက်ယံ ( ၂၀-၂-၂၀၁၅ )

မှတ်ချက်။ တရုတ်အင်တာနက်စာမျက်နှာများကို လေ့လာဖတ်ရှု၍ တရုတ်လူထုနျင့်အစိုးရ အမြင်ကို ဥာဏ်မီသမျှ သုံးသပ်ထားခြင်းဖြစ်ပါသည်။ Htet Yan

Kate Dizzle  ၏ဖေ့ဘုတ်စာမျက်နှာမှကူးယူဖော်ပြပါသည်။

No comments:

Post a Comment