♪ … ♫ ဖုတ်ချင်ဖုတ်
… ကင်ချင်ကင် … ပြုတ်တာကိုတော့ ဒို့မကြိုက်ဘူး ♪ … ♫
♪ … ♫ ပြောင်းဖူး
… ပြောင်းဖူး … ♪ … ♫
အခုတလော ကျောင်းထဲကကျောင်းသားအများစု၏ ပါးစပ်ဖျားတွင် စာချိုးလိုလို၊ကဗျာတစ်ပိုင်းတစ်စလိုလို စာသားလေးက
ရေပန်းစားနေသည်။ကျောင်းသားတွေ ဆိုဖန်များသော် ကြာတော့ ကျောင်းသူတွေပါနားရည်ဝပြီး လိုက်ဆိုကြကုန်သည်။
စာသားကလည်း ရွတ်လို့ဆိုလို့ကောင်းသည်ကိုး။အနှီစာချိုးလေး ပေါ်ပေါက်လာပုံကလည်း ကိုယ်တိုင်ကိုယ်ကျ
တွေ့မြင်လိုက်ရသူတို့အဖို့ ဟာသဖြစ်ရပ်တစ်ခုလို ရယ်မောဖွယ်ရာပင်။ထိုမြင်ကွင်းကိုမြင်တွေ့ခဲ့ကြသူများမှ
တဆင့်တဆင့်ပြန်ပြောကြရင်း အဆိုပါစာချိုးလေးက ကျောင်းဝန်းထဲတွင် နာမည်ကြီးသွားခြင်းပင်
ဖြစ်ပေတော့သည်။
ထိုနေ့မနက်စောစောက ကျောင်းအုပ်ကြီး
ဦးဘအုပ်တစ်ယောက် ကိစ္စတစ်ခုဖြင့် အလုပ်ရှုပ်နေချေသည်။ မိမိအလုပ်ကို
တိကျသေချာစေရန်အလို့ငှာ မည်သည့်တပည့်လက်သားကိုမှ မခိုင်းစေဘဲ ကိုယ်တိုင်စာစီ၊ကိုယ်တိုင်စာရိုက်ပြီး
ကျောင်း၏ Notice Board တွင် ညွှန်ကြားစာတစ်စောင်ကို ကိုယ်တိုင်ကိုယ်ကျ
ကပ်နေခြင်းဖြစ်၏ ။
ထို့အပြင်
ပါးစပ်မှလည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့်
“ အေး … မင်းတို့တွေ နောင်ကို ဆူဆူပူပူလုပ်မယ်ကြံရင် ကျောင်းအုပ်မှာ
မိုးပေါ်ထောင်ပစ်စရာ လက်နက်တော့မရှိဘူး ကျောင်းက
ထုတ်ပယ်တာတော့ လုပ်လို့ရတယ် … ဟွင်း … ဟွင်း “
“ ဘအုပ်တို့က မိုးထိအောင်လှေကားထောင်တက်ခဲ့ပြီးမှ
ရာထူးအပြုတ်တော့မခံနိုင်ဘူး … ညွှန်ကြားချက်အရ
ဆူဆူပူပူလုပ်တဲ့ မင်းတို့တွေကိုပဲ အရင်ဆုံးကျောင်းထုတ်ပြမယ်ကွ… ငှင်း …ငှင်း … ငှင်း
“
ဟု တစ်ကိုယ်တည်း ကြွေးကြော်ရေရွတ်နေလေသည်။
အဲဒီနေ့မှာပဲ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဟု
ဆိုရမလောက်ပင်။ ကျောင်းအရှေ့ဘက်မျက်နှာစာ စားသောက်ဆိုင်တန်းအနီးတွင် အပြင်မှ ဈေးလာရောင်းသော
ဈေးသည်အမျိုးသမီးတစ်ဦး တောင်းတစ်လုံးအရှေ့ချကာ တစုံတရာကို အော်ဟစ်ရောင်းချနေလေသည် ။ တောင်းထဲမှာကား ပြောင်းဖူးပြုတ်တွေက အငွေ့တထောင်းထောင်း ထ၍နေချေ၏ ။ ကျောင်းအနီးမှာ ပြောင်းဖူးပြုတ် လာရောင်းသည်က ပြသနာမဟုတ်သော်လည်း
ထိုအမျိုးသမီး၏ အော်ပုံအော်ပေါက်က ပြသနာပင်တည်း။Channel 7 ရဲ့
အိမ်မက်ဆုံရာအစီအစဉ်ထဲက ဒိုင်လူကြီးမင်းများလေသံနှင့်ပြောရရင် ပြောင်းဖူးပြုတ်သည်အော်တဲ့အသံက
Pitch ကလည်းယိုင် အဖြတ်အတောက်ကလည်း မမှန်တော့ ဦးဘအုပ်နှင့် တွေ့လေ၏။
“ စားကြဦးမလား ဟောဒီက ………… (ပြောင်း
………………………….. ဖူး) …………………….“ ဟု အသံရှည်ဆွဲကာ
အော်ပြီးမှ အဆုံးသတ်တွင် … ( “ ပြုတ် ” ) ဟု ခပ်တိုတိုပိတ်၍ အော်ဟစ်သည်။
အစောပိုင်းက (ပြောင်း
………………………….. ဖူး ) ဟူသော အသံရှည်တွင် သာယာသလိုလိုရှိနေသော ဦးဘအုပ်တစ်ယောက် ( “ ပြုတ်
” ) ဟူသော အသံကို ကြားလိုက်ရသည်တွင် ဒေါသများ အလိပ်လိုက်အလိပ်လိုက် ထွက်ပေါ်လာချေပြီ။
ပြောင်းဖူးပြုတ်သည်၏ အသံမှာ အတော်ပင် ဆူဆူပူပူနိုင်လွန်းလှသည်ဟု
ခံစားလိုက်ရသည်။ဒေါသကြောင့် သူ၏ ခြေနှစ်ချောင်းက မြေမှလွတ်ကာ
ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။
ကျောင်းသားကျောင်းသူတွေ စာသင်ကြားရာ
အနီးသို့ လာရောက် ဆူပူခြင်းသည် ကြီးမားသော ပြစ်မှုတစ်ခုဟု ယူဆလိုက်ချေပြီ။ဆူပူသူတရားခံအား ပြင်းထန်စွာ သတိပေးရမည်ဟု
မဆိုင်းမတွပင် ဆုံးဖြတ်ချက်ချလိုက်သည်။
“ဟေ့ .. ဒီနားမှာ ရှိတဲ့တစ်ယောက်
လာစမ်းကွာ … အဲဒီ ပြောင်းဖူးသည်ကို ငါ့ဆီခေါ်လာခဲ့စမ်း” ဟု တစ်ချက်လွှတ် အမိန့်ထုတ်သည်။သည်ကျောင်းပရဝဏ်ထဲမှာက
ဦးဘအုပ်စကားတစ်ခွန်းသည် အမိန့်ကဲ့သို့ အာဏာတည်ပေသည်။
မကြာလှသော အချိန်တိုအတွင်းမှာပင်
ပြောင်းဖူးပြုတ်သည်ခမြာ့မှာ အူလည်ချာလည်နှင့် ဦးဘအုပ်အရှေ့သို့ ရောက်ရှိလာတော့သည်။ပြောင်းဖူးပြုတ်သည်၏ မျက်နှာကို စေ့စေ့ကြည့်ကာ “ ဒီမှာ … မဟိုဒင်း “ ဟု ဦးဘအုပ်က ဒေါနှင့်မောနှင့် မာန်ပါပါ ပြောသည်။
“ ဒီနေရာက ကျောင်းသား/သူတွေ စာသင်တဲ့နေရာဗျ
ဒီလိုမျိုး ခင်ဗျားဈေးအော်ရောင်းတဲ့အသံက ဆူဆူပူပူနိုင်လွန်းတယ်ဗျာ … ပြီးတော့ ခင်ဗျား အော်တဲ့အထဲမှာ (ပြောင်း ……….. ဖူး ) ဆိုတဲ့အထိ
ကျုပ်လက်ခံပေးလို့ရတယ်…ဒါပေမယ့် အဆုံးသတ်မှ ပြုတ် ……. ဆိုတဲ့ အသံကိုတော့ ကျုပ်လုံးဝ
နားမခံသာဘူး … ကျုပ်က ပြောင်းဖူးမှမဟုတ်ဘူး ဘယ်အရာကိုမှ ပြုတ်တာမကြိုက်ဘူး … အဲဒီတော့
ကျောင်းနားမှာ ခင်ဗျားကို ဈေးရောင်းခွင့် ပိတ်ပင်ရလိမ့်မယ်” ဟု ဦးဘအုပ် လေသံမာမာဖြင့်
ဟောက်သည်။
ပြောင်းဖူးပြုတ်သည်လေးမှာ နေစရာမရှိအောင်ပင်
ကြောက်ရွံ့နေချေပြီ။ဦးဘအုပ် ဆူပူကြိမ်းမောင်း သမျှကို ခေါင်းလေးငုံ့ကာ နားထောင်ရင်းမှ
“ကျွန်မတို့ဘဝက ဒီပြောင်းဖူးလေး ပြုတ်ရောင်းပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာပါ
… ကျွန်မကို သနားပါရှင် “ ဟု ဈေးရောင်းခွင့်ရရန်
ဦးဘအုပ်ကို ရှိခိုးဦးချမတတ် အထပ်ထပ်တောင်းပန်ရှာသည်။
ဒီမှာတွင်မှ ဦးဘအုပ်တစ်ယောက် ဒေါသအနည်းငယ်လျော့ကျသွားပြီး
ဤသို့အမိန့်ချသည်။ “ဒီပြောင်းဖူးက ခင်ဗျားဝမ်းရေးဆိုတော့လည်း
သနားလို့ ခွင့်ပြုလိုက်ပါ့မယ်လေ ဒါပေမယ့် ကျုပ်ပတ်ဝန်းကျင်မှာ ရောင်းချင်ရင် ခင်ဗျားပြောင်းဖူးကို
ပြုတ်ရောင်းခွင့်တော့မပြုနိုင်ဘူး” ခင်ဗျားဟာခင်ဗျား “ ဖုတ်ချင်ဖုတ် … ကင်ချင်ကင် “ ကြိုက်သလိုလုပ်ပြီးရောင်း
… နောက်တစ်ခါ ပြောင်းဖူးပြုတ်ဆိုတဲ့အသံ ကျုပ်ထပ်မကြားချင်ဘူး ခင်ဗျားသွားတော့ ဒါပဲ
“ ဟုပြောကာ ပြောင်းဖူးပြုတ်သည်ကို အော်ငေါက်ထုတ်လိုက်လေတော့သည်။
ထိုနေ့မှစ၍ ဦးဘအုပ်၏ ကျောင်းမှ ကျောင်းသား၊ကျောင်းသူများမှာ ပြောင်းဖူးနှင့်ပတ်သက်လာလျှင်
ပြုတ်တာမရှိ အဖုတ်နှင့်အကင်များနှင့်သာ စခန်းသွားရလေတော့သည်။ ကျောင်း၏ Notice Board မှ ညွှန်ကြားစာကြောင့် ဟိုအရေးဒီအရေးများတွင် ပါဝင်ကာ
ဆူဆူပူပူလုပ်ရန်ဝေးလေစွ အီးပင်ကျယ်ကျယ်မပေါက်ရဲလောက်အောင် လိမ္မာသွားကြလေတော့သည်။ဟိုအရေးဒီအရေးတွေမှာ
ပါဝင်ကာ ခေါင်းဆောင်လည်း မလုပ်ဘူး နောက်လိုက်လည်း မလုပ်ဘူး အဆောင်မှာ တိတ်တိတ်လေးလူစုဖဲရိုက်တာတို့
ဂိမ်းဆိုင်မှာ တနေကုန် Dota ခုတ်တာတို့ကမှ ဆူညံဆူညံအသံမထွက်ရင် အန္တရာယ်ကင်းတယ်ကွ
ဟု မှတ်ယူကြတော့သည်။ အေးရာအေးကြောင်း ထန်းတောထဲသွားကာ ထန်းရေသောက်ကြပါစို့ မူးရင်တော့
မဆူပူကြေးဟေ့ ဟူ၍ ဝါသနာတူရာအချင်းချင်း
အဖော်ညှိကြလေသည်။
ဟိုအကောင် မင်းလည်း အခန်းလွတ်တွေထဲ
ရည်းစားနဲ့ချိန်းတွေ့ရင် ဆူဆူပူပူ အသံတွေ မထွက်စေနဲ့ဟေ့ … ဆူပူလှုပ်ရှား အသံတွေထွက်လို့
Video ချောင်းရိုက်တဲ့သူနဲ့တွေ့ရင် အင်တာနက်မှာ ပါသွားနိုင်တယ် … အသံတွေ မထွက်ဘဲ တိတ်တိတ်လေးနေရင်းနဲ့
ကောင်မလေးဗိုက်ကလေး စူပူလာမှာကိုလည်း ဂရုစိုက်ဦးဟ ။ ဆူတယ်ပူတယ်ဆိုတာဟာ ဘယ်အရာမှ မကောင်းဘူးကွဟု
ကျောင်းသားအချင်းချင်း လက်တို့ သတိပေးကြကုန်လေသည်။ ဦးဘအုပ်၏ ကျောင်းတော်ကြီးကား
ဆူသံပူသံတွေမရှိ ပကတိ ငြိမ်းချမ်းသာယာလှပကာ ပျော်ရွှင်ဖွယ်ရာအတိ ဖြစ်နေပေတော့သတည်း။ ။
® သရော်စာသက်သက်သာ ဖြစ်ပါသဖြင့် ဟာသအမြင်ဖြင့်
ဖတ်ရှုကြပါရန် ®
No comments:
Post a Comment