Wednesday, March 12, 2014
“(ပညတ်) သမ္မုတိ မပယ်ခြင်း အကြောင်း(၈)မျိုး
“(ပညတ်) သမ္မုတိ မပယ်ခြင်း အကြောင်း(၈)မျိုး”
၁။ အရှက်အကြောက်ပြခြင်းအကျိုးငှာ၊
၂။ ကံသာလျှင် ကိုယ်ပိုင်ရှိသည်၏အဖြစ်ကို ပြခြင်းအကျိုးငှာ၊
၃။ သီးခြားအလှူရှင်ကို ပြခြင်းအကျိုးငှာ၊
၎။ အခြားမရှိသောကံများကို ပြခြင်းအကျိုးငှာ၊
၅။ မြတ်သောနေခြင်းကို ပြခြင်းအကျိုးငှာ၊
၆။ ရှေး၌ နေဖူးသော ဘ၀ကို ပြခြင်းအကျိုးငှာ၊
၇။ အလှူ၏ စင်ကြယ်ခြင်းကိုပြခြင်းအကျိုးငှာ၊
၈။ လူသားတို့ ပြောဆိုမှုကို မပယ်ခြင်းအကျိုးငှာ၊ ------- သမ္မုတိ(ပညတ်) ကို မပယ်ပါ။
အကျယ် ရှင်းလင်းချက် ----------------------------၁။ ခန္ဓာတွေက ရှက်တယ်၊ ကြောက်တယ်ဟု ပြောရင် သူတစ်ပါး နားမလည် နိုင်ပါ။ ယောက်ျားတွေက ရှက်တယ်၊ မိန်းမတွေက ကြောက်တယ်ဟု ပြောမှ သူတစ်ပါး နားလည်နိုင်သည်။ ဒါကြောင့်-လောကက သမုတ်ပြောဆိုနေကြ သော ယောက်ျား၊ မိန်းမဟူသော အသုံးနှုန်း စကားပညတ်ကို ဘုရားရှင် မ ပယ်ပါ။
၂။ ခန္ဓာတွေက ကုသိုလ်ကံနှင့် အကုသိုလ်ကံတွေကို ပိုင်ဆိုင်ကြတယ် ပြုလုပ် ကြတယ်ဟု ပြောဆိုပါက သူတစ်ပါးမသိနားမ လည်နိုင်ပါ။ ယောက်ျား မိန်းမ တွေက၊ ဦးဖြူ+ဒေါ်မဲတို့က ကုသိုလ်ကံနှင့် အကုသိုလ်ကံတွေကို ပြုလုပ်ကြ တယ်ဟု ပြောမှ သူတစ်ပါး သဘောပေါက် နားလည်နိုင်ပါသည်။
၃။ ခန္ဓာတွေက (သို့မဟုတ်) ခန္ဓာငါးပါးက ဇေတ၀န်ကျောင်းကို ဆောက်လုပ် လှူဒါန်းတယ်ဟု ပြောပါက သူတစ်ပါး သဘောမပေါက်၊ နားမလည်နိုင်ပါ။ အ နာထပိဏ်သူဌေးကြီးက ဇေတ၀န်ကျောင်းကိ ဆောက်လုပ်လှူဒါန်းတယ်ဟု ပြောမှ နားလည်နိုင်သည်။ ဒါယကာ/ဒါယိကာမအများထဲမှ တစ်ဦးတည်း ကျောင်းဆောက်လှူဒါန်းတဲ့၊ ထူးခြားတဲ့ ပုဂ္ဂိုလ်ကို ပြလိုသောကြောင့် - ဘုရား ရှင် သမ္မုတိ(ပညတ်)ကိုမပယ်ဘဲ ဟောကြား သုံးနှုန်းတော်မူပါသည်။
၎။ ခန္ဓာတွေက အဖေကို သတ်တယ၊် အမေကို သတ်တယ်၊ ရဟန္တာကို သတ် တယ်၊ ဘုရားရှင်ကို သွေး စိမ်းကျအောင်လုပ်တယ်၊ သံဃာသင်းခွဲမှုကို ပြုလုပ် တယ်ဟု ပြောပါက သူတစ်ပါးတို့ နားမလည်နိုင်ပါ။ မောင်ဖြူက အဖေကို သတ် တယ်ဟု ပြောပါက သူတစ်ပါးတို့ နားမလည်နိုင်ပါ။ မောင်ဖြူက အဖေကို သတ် တယ်ဟု ပြောပါမှ သိရှိနားလည် သဘောပေါက်နိုင်ပါသည်။
၅။ ခန္ဓာတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေဟု မေတ္တာပို့လျှင် သူတစ်ပါးတို့ နားမလည်နိုင်ပါ။ ယောက်ျား၊ မိန်းမ၊ သတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြ ပါစေဟု မေတ္တာပို့သမှသာ သူတစ်ပါးတို့ သိရှိနားလည်နိုင်ပါသည်။ မေတ္တာပို့ သည့်နေရာ၌ ခန္ဓာဟု မဆိုရ၊ သတ္တ၀ါ၊ လူ၊ နတ် စသည်ဆိုနိုင် ပြောနိုင်ပါသည်။ အသိမှား အမြင်မှား အယူမှား ဒိဋ္ဌိကပ်စရာအကြောင်း မရှိပါ။ ယောက်ျား၊ မိန်း မ၊ လူ၊ နတ်၊ ဗြဟ္မာ၊ ငါ-သူစသည်တို့ကိ ပါးစပ်မှပြောဆိုနိုင်ပါသည်။
*အပြော ကိစ္စမရှိ၊ ဒိဋ္ဌိ မကပ်။ တကယ်ထင် တကယ်စွဲရင် ဒိဋ္ဌိ ကပ်တတ်ပါ သည်။
၆။ ခန္ဓာတွေက ရှေးဘ၀ကို အောက်မေ့နိုင်တယ်ဟု ပြောလျှင် သူတစ်ပါး နားမ လည်နိုင်ပါ။ ရဟန်းယောက်ျားတွေက ရဟန်းမိန်းမတွေက ရှေးဘ၀ကိုအောက် မေ့နိုင်တယ်ဟု ပြောဆိုပါက သူတစ်ပါး သဘောပေါက် နားလည်နိုင်ပါသည်။
၇။ ခန္ဓာတွေက လှူတယ်၊ ဒါနပြုတယ်၊ သီလဆောက်တည်တယ်၊ခန္ဓာတွေက အလှူခံတယ်၊ ခန္ဓာတွေကသီလပေးတယ်၊ ခန္ဓာတွေက တရားဟောတယ်၊ တ ရားပြတယ်ဟု ပြောလျှင် သူတစ်ပါး နားမလည်နိုင်ပါ။ ယောက်ျားဒါယကာတွေ က လှူတယ်၊ ရဟန်းတွေက အလှူခံတယ်၊ ဦးဖြူက လှူတယ်၊ ဦးတိဿက အ လှူခံတယ်ဟု ပြောဆိုပါမှ သူတစ်ပါး နားလည် သဘောပေါက်နိုင်ပါသည်။
၈။ လောကလူသားတို့ သမုတ်ပြောဆို သုံးစွဲနေသော လူ၊ နတ်၊ ဗြဟ္မာ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ သူ၊ ပုဂ္ဂိုလ် အသုံးနှုန်း ဝေါဟာရ စကားလုံးတို့ကို ဘုရား ရှင် ပယ်တော်မမူပါ။ ဒါတွေကိုပယ်လိုက်ရင် လောက၊ ဓမ္မနှစ်မျိုးလုံးမှာ ရော ထွေးနေသောကြောင့် -
၁။ လူအများ နားမလည်၊ မသိနိုင်ပါ။
၂။ တွေဝေခြင်းသို့ ရောက်နိုင်တယ်။
၃။ ရန်သူသဖွယ်လည်း ဖြစ်သွားတတ်တယ်။
*သမ္မုတိကျွံရင် ပရမတ်ဖြင့်နုတ်၊ ပရမတ်ကျွံရင် သမ္မုတိဖြင့်ထိန်း။
သင်္ကေတ၀စနံ သစ္စံ၊ လောကသမ္မုတိကာရဏာ။ ပရမတ္ထ၀စနံ သစ္စံ၊ ဓမ္မာနံ ဘူတကာရဏာ။
*သမုတ်အမှန်, အဟုတ်မှန်၊ အပြောအမှန်, အရှိအမှန်၊ နှစ်တန်ကွဲမှ လမ်းမ ချော်ပါ။
ဆောင်ပုဒ်။ ။ ဟိရိ- ကမ္မ- ပုရိသ-အာ၊ဗြဟ္မာ-ပုဗ္ဗေ၊ ဒက္ခိဏေနှင့်၊ လောက သမ္မုတိ၊ ရှစ်ပါးရှိ မှတ်ဘိမပယ်ရာ။
ဘုရားရှင်သည် ပညတ်ကို အခါခပ်သိမ်း မပယ်ပါ၊ ၀ိပဿနာအရာမှာသာ ပယ် တော်မူပါသည်။ လောကကြီးနှင့် ဘယ်သောအခါမှ ဘုရားရှင် ငြင်းခုံ ဆန့်ကျင် ဘက် ပြုတော်မမူပါ။ လောကကြီးထဲမှာ ဖြစ်ပေါ်နေတဲ့အတိုင်း သဘာဝအမှန် တွေကို အမှန်တကယ် သိအောင် ဖော်ထုတ် ရှင်းပြခြင်းသာ ပြုတော်မူပါတယ်။ အကာပေါ်၊ အခေါ်အဝေါ်ပေါ်မှာ သောင်မတင်ဘဲ အနှစ်သာရ သဘာဝအမှန် ပေါ် ဉာဏ်ရောက်အောင် တင်ပေးခြင်းသာ ဖြစ်ပါတယ်။
မုံရွာအရှင်ပဏ္ဍိတ (ဒွိပိဋကဓရ) (ရန်ကုန်မြို့ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ မဟာနာယက)
credit to> Buddhavasa Tiloka
အမျိုးအစာ
ဘာသာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment