Friday, December 20, 2013

ရေတပ်တံမြက်စည်းအမြှောက်တပ်ဖွဲ့၏ ခေါင်းဆောင်ဗိုလ်ကြီး ကျော်သိန်းလွင်(ငြိမ်း)နှင့် တွေ့ဆုံမေးမြန်းခြင်း







တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)တွင် သမိုင်းအထောက်အထားများကို လာရောက်လှူဒါန်းသော တပ်မတော်၏ သမိုင်းဝင် တိုက်ပွဲတပွဲဖြစ်သည့် ၀က်ကော်တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဗိုလ်ကြီးကျော်သိန်းလွင် (ရေ) အငြိမ်းစားသည် ၁၉၄၄ ခုနှစ် မှ ၁၉၅၄ ခုနှစ်အထိ တပ်မတော်(ရေ)တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်မြို့ မြို့မကျောင်းအား စတင် တည်ထောင်ခဲ့သည့် ကျောင်းအုပ်ဆရာကြီး ဦးဘလွင် ၏ စတုတ္တမြောက်သားဖြစ်ပြီး တပ်မတော်၏ သမိုင်းဝင်တိုက်ပွဲဖြစ်သည့် ၀က်ကော်တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည့် တံမြက်စည်းအမြှောက်တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည့် ဗိုလ်ကြီးကျော်သိန်းလွင်(ငြိမ်း)အား မြဝတီမှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။


မေး ။ မင်္ဂလာပါ ဘဘ ၊ ဘဘ ဒီစစ်သမိုင်းပြတိုက်ကို သမိုင်းအထောက်အထားတွေ လာလှူတယ်လို့သိရပါတယ် ။ ဘာတွေပါလဲခင်ဗျ။

ဖြေ ။ အရင်ကတည်းက သိမ်းဆည်းထားခဲ့တဲ့ ပစ္စည်းလေးတွေပါ၊ နှစ်ပေါင်း ၆၀ ကျော်ပါပြီ ၊ တပ်မတော်(ရေ)ရဲ့ စစ်ပြီးခေတ် သမိုင်းကြောင်းနဲ့ဆိုင်တဲ့ အထောက်အထားတွေပါ။ ဘဘတို့က အသက်ကြီးပြီဆိုတော့ နောင်လာ နောက်သားတွေအတွက် လာလှူတာပါ။ ဒီထဲမှာ(Fives Navies Fight For Burma) ဆိုတဲ့ စာအုပ်လဲပါတယ်။

မေး ။ ဘဘ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ၀က်ကော်တိုက်ပွဲ အကြောင်းလဲပြောပြပါအုံး ဘဘ။

ဖြေ ။ တိုင်းပြည်လွတ်လပ်ရေး ရပြီးမကြာခင်မှာဘဲ နိုင်ငံရေးပယောဂအမျိုးမျိုးကြောင့် တချို့ကွန်မြူနစ်၊ တချို့လည်း သန်ရာသန်ရာ ၀ါဒနောက်လိုက်၊ တချို့တပ်တွေ တောခိုပေါ့။ အဲ့ဒီအချိန်မှာ ကရင်စစ်တပ်တွေကို သစ္စာရှိတဲ့တပ်ရင်းတွေအဖြစ် ကရင် (၁) ကို တောင်ငူ၊ ကရင် (၂) ကို ပြည်မှာထားပြီး တိုင်းပြည်ကိုကာကွယ်ဖို့ စောင့်ခိုင်းထာတာ။ ကံဆိုးခြင်တော့ အင်းစိန်မှာ KNU(ကရင်အမျိုးသားအစည်းအရုံး)နဲ့ သဘောထားကွဲလွဲ၊ (သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့) KNDOနဲ့ ပစ်လားခတ်လားဖြစ်တော့ အင်းစိန်မှာကျန်နေတဲ့ ဆွေမျိုးသားချင်းတွေအတွက် စိတ်ပူတဲ့ ကရင်စစ်သားတွေဟာ အမျိုးကိုစောင့်ရှောက်ရမယ်ဆိုတဲ့ အသိနဲ့ အစိုးရဆန့်ကျင်သူတွေအဖြစ် အင်းစိန်ကိုကယ်ဖို့ ရန်ကုန်ကိုဆင်းလာကြတော့တာပေါ့။ ဒီအချိန်မှာ ဗမာ့သေနတ်ကိုင် တပ်ရင်း (၅)က ရခိုင်မှာ၊ တပ်ရင်း (၃)က မြစ်ဝကျွန်းပေါ်မှာ ရန်ကုန်မှာက ဘာတပ်မှ ခံတိုက်နိုင်လောက်တဲ့ အင်အားနဲ့မရှိဘူး၊ Training အပြည့်ရှိတဲ့ စစ်သားစစ်စစ် ကရင် Regiment ကြီး နှစ်ခုသာ အင်းစိန်ကိုရောက်ရင် ရန်ကုန်လဲကျမှာဘဲ ပြည်ထောင်စုလဲပျက်စီးမှာဘဲလေ၊ ဒီတော့ မြစ်ဝကျွန်းပေါ်က သနက (၃)ရဲ့ အင်အားတချို့ကို ဖြစ်အောင်ပြန်ခေါ်ပြီး ခံတိုက်ဖို့ လုပ်ကြရတာပေါ့၊ ဒါပေမဲ့ သူတို့က ခြေလျင်သီးသန့်ဘဲလေ အမြှောက်မရှိဘူး။ ဒီတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ အပျော်တမ်းတပ်က (၆) ပေါင်ဒါ အမြှောက်တစ်လက် နဲ့ ဘဘတို့ရေတပ်က ဘော်ဖာကြီးတစ်လက်ကို ပစ်ကူပေးဖို့အတွက် ဘဘ ကဘဲ အကြံပေးတင်ပြခဲ့ပြီး အစီအစဉ်ဆွဲခဲ့ကြတာပါ။

မေး ။ တကယ်လို့ လမ်းမှာမခုခံနိုင်ခဲ့ရင် ရန်ကုန်ကျသွားနိုင်တာပေါ့နော်။

ဖြေ ။ သေချာတာပေါ့၊ ဘာလို့လဲဆိုရင် လမ်းမှာခုခံမဲ့ တခြားတပ်မရှိဘူးလေ၊ သနက (၃)မှာကလည်း လူအင်အား (၁၈၀)လောက်နဲ့ မော်တာ ဘရင်းဂန်းလောက်ဘဲပါတာ၊ ဟိုက တင့်ကားနှစ်စီး သံချပ်ကာကားတွေ အမြှောက်တွေ လက်နက်အပြည့် နဲ့ လူကလဲ (၁၀၀၀)လောက်နဲ့ ဒီတော့ နေ့ခင်းတိုက်ပွဲဖြစ်ရင် ဘဘတို့ ရှုံးမှာဘဲ၊ ဒါ့ကြောင့် ညဘက် သူတို့မမျှော်လင့်တဲ့ အချိန်နဲ့ နေရာကို အငိုက်ဖမ်းပြီး လမ်းပေါ်ကနေဘဲ တိုက်ပွဲ ဆင်နွှဲဖို့ဆုံးဖြတ်လိုက်ကြတာဘဲ၊ ဘာလို့လဲဆိုတော့ ရေတပ် ဘော်ဖာဆိုတာ ကြည်းတပ်အမြှောက်တွေလို ကျည်သွားလမ်းခုံးမဟုတ်ဘူး လေယာဉ်ပစ် အမြှောက်ဆိုတော့ ကျည်သွားလမ်းဖြောင့်လေ၊ နေ့ခင်းဆိုရင် တည့်တည့်ချိန်ပစ်ဖို့ရာက အငိုက်ဖမ်းနိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့်ညဘက်မှာ အငိုက်ဖမ်းတိုက်ခဲ့ရတာဘဲ။

မေး ။ ဘဘ က ကိုယ်တိုင်တိုက်ပွဲဝင်လာခဲ့တာဆိုတော့ တိုက်ပွဲ နောက်ခံလေးနဲ့ အတွေအကြုံလေး ပြောပြပါအုံး ဘဘ။

ဖြေ ။ ဘဘတို့ ရန်ကုန်ကနေ တပ်ရင်း (၃)နဲ့ သွားကြတာက ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီ (၆) ရက်ပေါ့၊ ရန်သူက ဇီးကုန်းရောက်နေပြီ၊ ထရပ်ကား အစီး (၂၀၀)ကျော်နဲ့ မိသားစုတွေပါ ပါတယ်၊ ၀က်ကော်နဲ့ (၁၀) မိုင်လောက်ဘဲ ဝေးတော့တယ်။ ဘဘ တို့ကလဲ ၀က်ကော်တံတားကနေ ခံတိုက်ဘို့ ဆုံးဖြတ်ထားတာ၊ ဒါပေမဲ့ ကင်းထောက်သွားပြီး အခြေအနေသုံးသပ်တဲ့အခါ အစောင့်ချထားတဲ့ UMP (ပြည်ထောင်စုစစ်ရဲတပ်)တွေ ဆုတ်လာကြပြီ၊ သူတို့တပ်မှူး ဗိုလ်မှုးအေးချို(အောင်ဆန်းသူရိယ ဘွဲ့ရ)လဲ ဇီးကုန်း ဟိုဘက်က ဖိုးသာအောင်ကုန်းတံတား တိုက်ပွဲမှာ ကျဆုံးသွားရှာပြီ။ ဒီတော့ ၀က်ကော်တံတားကနေ ခံတိုက်ဖို့ မဖြစ်တော့ဘူး။ ညနေပိုင်းမှာ ရန်သူတွေလဲ ၀က်ကော်တံတားကို ရောက်လာတယ်၊ တံတားကလဲကျိုးနေ သူတို့ကိုခံတိုက်မယ့်တပ်လဲ မရှိလောက်ဘူးထင်နေတဲ့ ရန်သူဟာ အေးအေးဆေးဆေးဘဲ လုပ်နေကြတယ်။ ချောင်းကလည်းရေမရှိတော့ ချောင်းထဲကနေ ကားတစ်စီးပြီးတစ်စီး ဖြတ်မောင်းလာကြတယ်၊ ညအချိန်ဆိုတော့ သူတို့မီးရောင်တွေကို (၁၀) မိုင်လောက်ကနေ လှမ်းတွေ့နေရတယ်၊ ဘဘရဲ့ ဘော်ဖာကြီးကို လမ်းပေါ်တင်ပြီး တည့်တည့် ချိန်ပစ်လို့ရအောင် ဆင်ထားလိုက်တယ်၊ ပစ်ပစ်ခြင်း တစ်ချက်နှစ်ချက်နဲ့ ထိမှဖြစ်မှာ၊ မဟုတ်ရင် ကိုယ့်ကိုသူက ပြန်တီးသွားမှာလေ၊ ပိုပြီးနီးလေ ထိချက်ပိုမှန်လေဖြစ်မှာဆိုတော့ ရန်သူနဲ့အနီးကပ်ဆုံးအနေအထားရမှ စပစ်နိုင်ရင်အကောင်းဆုံးဘဲ၊ ဒီတော့ သနက (၃)က ရဲဘော် (၃) ယောက်ကို မီးရထားလမ်းဆီ ကိုက် (၅၀၀) လောက်ကို သွားခိုင်း မီးကျည်ထည့်ပေးလိုက်ပြီး မင်းတို့တည့်တည့် ကားလမ်းပေါ်ရန်သူရောက်တာနဲ့ မီးကျည်ပစ်ဆိုပြီး အမိန့်ပေးထားလိုက်တယ်၊ ရန်သူတွေ နဲနဲပေါ့ဆသွားတာက ရှေ့ပြေးပွိုင့်မလွှတ်တာဘဲ၊ မော်တော်ဆိုင်ကယ်တစ်စီးဘဲ ကိုက် (၂၀၀) လောက် တက်လာပြီး ပြန်ကွေ့သွားတယ်။ အမြှောက်ကို စောပစ်လို့လဲမရဘူး နောက်ကျပစ်လို့လဲမရဘူး အချိန်ကိုက်မှဖြစ်မှာ၊ ဘာဆက်သွယ်ရေးကိရိယာမှလည်း ရှိတာမဟုတ် ဒီတော့ အမြှောက်ပစ်မဲ့ကောင်တွေကို နားရွက်ကိုင်ထား ပြီးတော့ငါဆွဲတာနဲ့ ကျည်ရှိသလောက်ပစ်ပြီး အောက်ဆင်းဝပ်နေပေတော့လို့ ကြိုတင်အမိန့် ပေးထားရတာ၊ ခုနက ကင်းထောက်လွှတ်ထားတဲ့ သနက(၃)က ရဲဘော် (၃)ယောက်ဆီက မီးကျည်လင်းလာတဲ့အခါ နားတွေကိုဆွဲလိုက်တာပေါ့၊ အမြှောက်သမားတွေလဲ တန်းကနဲပစ်ကြတော့တာဘဲ၊ ကံများကောင်းခြင်တော့ ရှေ့ဆုံးက သံချပ်ကာကားကိုထိ အဲ့ဒီကားကလမ်းပေါ်မှာပိတ်နေတော့ နောက်ကကားတွေ တက်မရနဲ့ သူတို့ဗျာများသွားတာပေါ့၊ ဒါနဲ့ ဘဘတို့လဲ အောက်ဆင်းဝပ်နေရာက အပေါ်ပြန်တက်ပစ်လုပ်တော့ တော်တော်ထိကုန်တယ်၊ ဒီအမြှောက်က အော်တိုပစ်လို့ရတယ်လေ ဒီတော့ သူတို့က အမြှောက် (၄/ ၅)လက်နဲ့ ၀ိုင်းပစ်နေတယ် ထင်ကုန်ရော၊ … ဟာ အင်အားတော်တော်များတယ် ဘယ်ကစစ်ကူတွေနဲ့လဲမသိဘူး ဖြစ်ကုန်ရော၊ ရှေ့ဆက်မတက်ရဲတော့ဘဲ တပ်ခွဲတစ်ခွဲခေါ် လှံစွပ်တက်ထိုးခိုင်းရော၊ သူတို့တက်လာတဲ့အချိန်မှာ မီးကျည်ရဲဘော်တွေက မီးကျည်ထပ်ပစ်ပြတော့ အလင်းရောင်ထဲမြင်နေရတဲ့ ရန်သူတွေကို အော်တိုနဲ့ပစ်တာပေါ့ သူတို့ကျကုန်တာ အထွေးလိုက်ဘဲ၊ သူတို့ ပြန်ဆုတ်သွားကြတာဘဲ။ ဒါနဲ့ အဲ့ဒီည တိုက်ပွဲပြီးတာ့ ဘဘတို့ နိုင်သွားတာပေါ့။ နေ့ခင်းဘက်ရောက်လာတော့ ဘဘတို့ကို သူတို့မြင်လို့မဖြစ်ဘူးလေ ဒီတော့ ဘုန်းကြီးကျောင်းထဲ လှည့်ပတ်ပြေးရတာပေါ့ သူတို့ဆီက မော်တာပစ်တဲ့ကောင်တွေက ဂေါ်ရခါး ပရော်ဖက်ရှင်နယ်တွေ၊ မော်တာကို အကွက်လိုက် ပိုက်စိတ်တိုက်ပစ်သွားတာ၊ ဒီတော့ ဘဘတို့က သူတို့ပစ်ပြီးသွားတဲ့အကွက်ထဲ ပြေးပြေးပြီး ရှောင်တာပေါ့။ ဒုတိယနေ့တစ်နေ့လုံး စိန်ပြေးတန်း ဆော့နေတော့တာဘဲ။ တတိယနေ့ကြတော့ သူတို့နှစ်ဘက်ညှပ်တိုက်မယ်ဆိုပြီး တက်လာကြတာ၊ ဒါပေမဲ့ သူတို့က တိုက်စစ်မဆင်ခင် အချိန်ကိုက်ထားပြီး နားနေကြတာကို ဗိုလ်မှုးချစ်မြိုင်ရဲ့ တပ်ရင်း(၃)က ခြေလျင်တက်တိုက်လိုက်ကြတာ သူတို့ ပြန်ဆုတ်ခွာသွားကြရတော့တာဘဲ။ ဒါနဲ့ ရက်ကြာလာတော့ ကြာရင်တို့ရှုံးနိုင်တယ် အပြတ်ဖြတ်မှဆိုပြီး ရန်သူ့ဘေးနံကို ဘဘရဲ့ အမြှောက်နဲ့ပစ် ထရပ်ကားတွေ တစ်စီးပြီးတစ်စီး ထိကုန်တဲ့အခါမှာ ခြေလျင်တပ်ကလည်း ရဲရဲဝံ့ဝံ့ ၀င်လုံးလိုက်ကြတာ သူတို့ရှုံးပြီး သူတို့ရဲ့ တပ်ရင်းမှူး နဲ့ ဒုတပ်ရင်မှူးပါ ဖမ်းမိလိုက်တော့တာဘဲ၊ အဲဒါ ဖေဖေါ်ဝါရီ (၁၃) ရက်ပေါ့။ သူတို့ကိုနိုင်ပြီးတော့မှ သူတို့ခမျာ သူတို့ထက် အင်အား(၃)ဆလောက်နည်းတဲ့ တပ်ကလေးကို အရှုံးပေးလိုက်ရမှန်း သိတော့တယ်။

မေး ။ အဲဒီတိုက်ပွဲမှာ ဘဘ ရခဲ့တဲ့ ဆုတံဆိပ်များရှိရင် ပြောပြပေးပါလား။

ဖြေ ။ ဒီတိုက်ပွဲမှာ ဘဘ စည်သူတံဆိပ် ရခဲ့ပါတယ်၊ စိတ်ထဲမှာတော့ ဒီတံဆိပ်ဟာ ဘဘတစ်ယောက်ထဲ အတွက်မဟုတ်ဘဲ ဘဘရဲ့ အမြှောက်အဖွဲ့သား (၁၄) ယောက်လုံးအတွက်လို့ ယုံကြည်ထားပါတယ်။

မေး ။ တံမြက်စည်းလို့ အမြှောက်ကြီးကိုခေါ်တဲ့အကြောင်းလေးလဲ ရှင်းပြပါအုံး ဘဘ။

ဖြေ ။ ဒုတိယကမ္ဘာစစ်ကြီးတုန်းက အမေရိကန်ရေငုပ်သဘောင်္တွေ စစ်ဆင်ရေးထွက်တဲ့အခါ လုံခြုံရေးကြောင့် ကြိုးမဲ့ဆက်သွယ်ရေး မလုပ်ကြဘူး၊ ဆိပ်ကမ်းကိုဝင်လာမှ သူတို့ပြန်လာမှန်းသိကြတာ၊ ဒါ့ကြောင့် သူတို့ မစ်ရှင် အောင်မြင်သလား မအောင်မြင်ဘူးလားသိအောင် ဆိပ်ကမ်းအ၀င်မှာ ရွက်တိုင်ထိပ်ကို တံမြက်စည်းကြီးချည်ပြီးဝင်လာရင် အောင်မြင်တယ်ဆိုတဲ့ အထိမ်းအမှတ်ပေါ့။ ခုလည်းမစ်ရှင်အောင်မြင်တဲ့ အမြှောက်ကြီးကို တံမြက်စည်းလို့ ရေတပ်အထိမ်းအမှတ်နဲ့ ခေါ်လိုက်ကြတာပေါ့။

မေး ။ ကျေးဇူးတင်ပါတယ် ဘဘ။

Credit: William Tuntunko

(၆၆)နှစ်မြောက် တပ်မတော်(ရေ)နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖော်ပြအပ်ပါသည်။

ဆရာဆောင်(Myanmar Navy)

Photo Credit: William Tuntunko ၊ Deparko ၊ Myanmar Navy ။

 Credit to Myanmar Navy facebook page.

No comments:

Post a Comment