Wednesday, August 28, 2013

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ(၁)


ပါဠိဘာသာစကားသင်မယ်ဆိုတော့ ပါဠိအက္ခရာတွေကို မိတ်ဆက်ပေးရပါတယ်.။ တကယ်တော့ ပါဠိပဲဖြစ်ဖြစ်၊ သက္ကဋပဲဖြစ်ဖြစ် ကိုယ်ပိုင်အရေးအက္ခရာ(Script) မရှိကြဘူး။ အိန္ဒိယမှာ ဒေ၀ နာဂရီ အက္ခရာ၊ မြန်မာနိုင်ငံမှာ မြန်မာအက္ခရာ၊ ထိုင်းမှာ ကမ္ဘောဇအက္ခရာ၊ သီဟိုဠ်မှာ ဆင်ဟာလီအက္ခရာ၊ ကမ္ဘာတစ်ဝှမ်းလုံးအတွက်ဆိုရင်တော့ ရိုမန်(Roman)အက္ခရာနဲ့ ရေးသားကြရလေရဲ့..။

ပါဠိဘာသာကို မြန်မာအက္ခရာ၊ ရိုမန်အက္ခရာများနဲ့ ရေးတော့

ဗျည်း (၃၃)လုံး( Consonants )

က ခ ဂ ဃ င

k kh g gh ṅ

စ ဆ ဇ စ် ၪ

c ch j jh ñ

ဋ ဌ ဍ ဎ ဏ

ṭ ṭh ḍ ḍh ṇ

တ ထ ဒ ဓ န

t th d dh n

ပ ဖ ဗ ဘ မ

p ph b bh m

ယ ရ လ ၀

y r l v

သ ဟ

s h

ဠ အံ ( _ံ )

ḷ ṃ

သရ (၈) လံုး (Vowels)

အ အာ ဣ ဤ ဥ ဦ ဧ ၾသ

- - ါ -ိ -ီ -ု -ူ ေ- ေ- ာ

a ā i ī u ū e o

သင်တန်းသားတွေအတွက် သင်ရိုးစာအုပ်အဖြစ် သီရိလင်္ကာနိုင်ငံထုတ် ပါဠိအခြေပြု (Pali Primer)စာအုပ်လေးကို သတ်မှတ်ထားပါတယ်။ ပျော်ပျော်လွယ်လွယ်နဲ့ အဆင့်တက်သွားတဲ့ နည်းပြစာအုပ်လေးမို့ အခြေခံက စပြီး ပါဠိဘာသာကို သင်ယူလိုသူများအတွက် အထောက်အကူအများကြီးပေးပါလိမ့်မယ်.။

ပထမဆုံး သင်ခန်းစာအတွက် သိထားရမယ့် ပါဠိစကားလုံးလေးတွေ ဖတ်ခိုင်းလိုက်ပါတယ်။ ပါဠိဘာသာသင်ရင် အလွယ်ဆုံးစကားလုံးတွေက အ-သရနဲ့ ဆုံးတဲ့ (Ending in A) ပုလ္လိင် (Masculine) နာမ်ပုဒ် (Noun)တွေပဲဖြစ်ပါတယ်။

ပါဠိဘာသာမှာ လိင် (Gender ) သုံးမျိုးရှိတဲ့အတွက် ပုလ္လိင် ( Masculine ) ဣတ္ထိလိင် (Feminine) နပုံလိင် (Neuter)တို့အကြောင်းနည်းနည်းရှင်းပြလိုက်တော့ သဘောပေါက်မြန်ကြတာ တွေ့ရတယ်။

ပါဠိဝေါဟာရနဲ့ဆိုရင်တော့ ၀ိသဒါကာရ (ရှင်းပြရတာလွယ်တဲ့) စကားလုံးတွေက ပုလ္လိင်၊

အ၀ိသဒါကာရ (ရှုပ်တဲ့ )စကားလုံးတွေက ဣတ္ထိလိင်

နေ၀၀ိသဒါ နာဝိသဒါကာရ (မရှုပ်မရှင်း) စကားလုံးတွေက နပုံလိင်ပေါ့..။

ယောက်ျာ၊ မိန်းမ မိန်းမလျာဆိုတာတွေနဲ့ ဆက်စပ်ပြီး ခွဲခြားတာမဟုတ်ကြောင်းပါ..။

Vocabulary

အသရဆုံး ပုလ္လိင်နာမ်ပုဒ်များ (Masculine nouns ending in-a)

အသရနဲ့ ဆုံးတဲ့ (Ending in A) ပုလ္လိင် (Masculine) နာမ်ပုဒ် (Noun)စကားလုံးလေးတွေ မှတ်ကြမယ်

ဗုဒ္ဓ/ တထာဂတ/ သုဂတ (ဘုရား) buddha

ကဿက (လယ်သမား) kassaka

ဝါဏိဇ (ကုန်သည်) vaṇija

ဗြဟ္မဏ (ပုဏ္ဏား) brahmaṇa

မာတုလ (ဦးကြီးဦးလေး) mātula

ကုမာရ (လူငယ်) kumāra

ပုတ္တ (သား) putta

ဘူပါလ (ဘုရင်) bhūpāla

သဟာယ/သဟာယက/ မိတ္တ (သူငယ်ချင်း) sahāya/ sahāyaka / mitta

ဝါကျတစ်ခုရေးမယ်ဆိုရင် မဖြစ်မနေ ကြိယာစကားလုံးလေးတွေက သိဖို့ လိုအပ်လာပြီ...

အခြေခံ ပစ္စုပ္ပန်ကြိယာများ (Verbs in Present Tense)

ဘာသတိ (ပြော၏) bhāsati

ပစတိ (ချက်၏) pacati

ကသတိ (ထွန်ယက်၏) kasati

ဘုဉ္ဇတိ (စား၏) bhuñjati

သယတိ (အိပ်၏) sayati

ပဿတိ( မြင်၏ ) passati

ဆိန္ဒတိ (ဖြတ်၏) chindati

ဂစ္ဆတိ (သွား၏) gacchati

အာဂစ္ဆတိ (လာ၏) āgacchati

ဓါဝတိ (ပြေး၏) dhāvati

Subject (ကတ္တား) (Nominative Case) (ကတ္တုကာရက)

ကတ္တားကို တွဲဘက်ကြိယာနဲ့ သင်ပေးလိုက်ပါတယ်။

အဲဒါကို လွယ်လွယ်နားလည်ဖို့ မြန်မာလို စကားလုံးလေးတွေ ရေးချလိုက်တယ်.။

ယောက်ျား--- သွား----။

အက္ခရာ(Letter)လေးတွေ သိမှ စကားလုံး (words)လေးတွေ ရေးနိုင်ဖတ်နိုင်ကြမှာပါ။ လုံလောက်တဲ့ မက်ဆေ့ခ်ျတစ်ခုပေးချင်ရင်တော့ အဲဒီသိထားတဲ့ စကားလုံးလေးတွေ အသုံးပြုပြီး ၀ါကျ (Sentence) တည်ဆောက်ရပါလိမ့်မယ်။

ပါဠိလိုဆိုတော့ အက္ခရ (letter) ပဒ (word) နဲ့ ၀ါကျ (sentence)တို့ပါပဲ..။

ယောက်ျား+သည်=ယောက်ျားသည်

သွား+၏=သွား၏။

ယောက်ျား ဆိုတဲ့ စကားလုံးနောက်မှာ သည် ဆိုတာလေးဖြည့်။

သွား ဆိုတဲ့ စကားလုံးနောက်မှာ ၏ ဆိုတာလေး ဆက်တော့

ယောက်ျားသည် သွား၏။

ဝါကျတစ်ခုဖြစ်သွားပါပြီ။

ဒီလိုပဲ ပါဠိစကားလုံးလေးတွေ သိနေပြီဆိုတော့ အနည်းကိန်း ကတ္တားဝါကျရေးမယ်ဆိုရင် နာမ်ပုဒ်စကားလုံးရဲ့ နောက်မှာ သြ (o)သရလေးဆက်ပေး။ ကြိယာမူရင်းပုဒ်တွေရဲ့ နောက်မှာတော့ တိ(ti) ဆိုတာလေး ဆက်ပေးလိုက်..။

ကြိယာမူရင်းပုဒ်ဆိုလို့ ရှုပ်မသွားနဲ့ဦး..။

ဘာသ (ပြော) ပစ (ချက်) ဂစ္ဆ (သွား) အဲဒါလေးတွေ ပြောတာ။ နောက်က တိ (ti ) ဆိုတဲ့ နောက်ဆက်လေးဖြည့်လိုက်မှ ကြိယာပီပီဖြစ်သွားတာ..။

မြန်မာမှာ ပြော၊ချက်၊သွား ဆိုလို့ မပြည့်စုံသလိုမျိုးပဲ..။ နောက်က '' ၏ '' ဆိုတာလေး ဆက်ပေးလိုက်တော့ ပြော၏၊ ချက်၏။ သွား၏။ လို့ အင်္ဂါစုံစုံ ကြိယာပုဒ်လေးတွေ ဖြစ်သွားတယ်..။

Purisa+o=puriso

gaccha+ti=gacchati

Puriso gacchati.

ပုရိသော ဂစ္ဆတိ။ (ယောက်ျားသည် သွား၏)

သွားတဲ့ သူ (ယောက်ျား)ဟာ ကတ္တား (Subject)ပါပဲ။ ကတ္တားအကြောင်းပြောတဲ့ ၀ါကျတွေကို ကတ္တုကာရက၀ါကျတွေလို့ သဒ္ဒါကျမ်းတွေက ဆိုပါတယ်။ အင်္ဂလိပ်လိုတော့ Nominative Case ပေါ့..။ အများကိန်းရေးမယ်ဆိုတော့ ကတ္တားနာမ်ပုဒ်နောက်မှာ အာ(ā) ဆက်ပေးပြီး ကြိယာပုဒ်နောက်မှာတော့ န္တိ (nti) ဆက်ပေးလိုက်ရုံပါပဲ..။

မြန်မာစကားမှာ တို့သည် နဲ့ ကုန်၏ ဆိုတာ ဆက်ပေးသလိုပဲလို့ လွယ်လွယ်မှတ်ကြပေတော့..။ (ခက်အောင် မစဉ်းစားကြေး)

Purisa+ā=Purisā

gaccha+nti=gacchanti

Purisā gacchanti.

ပုရိသာ ဂစ္ဆန္တိ။ (ယောက်ျားတို့သည် သွားကုန်၏)

မြန်မာဝါကျတွေကို ပါဠိလို ဘာသာပြန်ကြည့်ပါဦး..။

သားတို့သည် ပြေးကုန်၏။
ဦးလေးသည် မြင်၏။
ဘုရားသည် ကြွလာ၏။
လူကလေးတို့သည် စားကြ၏။
ကုန်သည်တို့သည် သွားကြ၏။
လူသည် အိပ်၏။
ဘုရင်တို့သည် ကြွချီကုန်၏။
ပုဏ္ဏားသည် ဖြတ်၏။
မိတ်ဆွေတို့သည် စကားပြောကြ၏။
လယ်သမားသည် လယ်ထွန်၏။
ကုန်သည်သည် လာ၏။
သားတို့သည် ဖြတ်ကြ၏။
ဦးလေးတို့သည် ပြောကြ၏။
လူကလေးသည် ပြေး၏။
မိတ်ဆွေသည် ပြော၏။
ဘုရားရှင်သည် မြင်တော်မူ၏
ဘာသာပြန်ပြီးရင် ဆရာသမားဆီသာ ရဲရဲကြီးပို့လိုက်ကြပေရော..။ အင်မီဂရေးရှင်းဖြတ်သလောက် မခက်ပါဘူး..။
------------------------------
ပထမဆုံးလူပုဂ္ဂိုလ်များအတွက် ပါဠိဘာသာစကားသင်တန်းကို စင်ကာပူနိုင်ငံ၊ မြို့တော်ခန်းမအနီးမှာ ရှိတဲ့ ပင်နီဆူလာပလာဇာက အခန်းလေးတစ်ခုမှာ စတင်မိတ်ဆက်ပို့ချပေးခဲ့ဖူးပါတယ်..။ နောက်တော့ အကြောင်းကြောင်းကြောင့် နေရာအမျိုးမျိုးမှာ ကူးပြောင်း ပို့ချပေးခဲ့ရပါတယ်..။ အံ့သြစရာကောင်းတာက သင်တန်းတက်တဲ့ သူတွေပါပဲ..။ စိတ်ပျက်မသွားဘဲ (ဆရာ့ကို အားနာတာလည်း ဖြစ်နိုင်) ဆရာချိန်းထားတဲ့ စာသင်ခန်းဆီကို ရောက်အောင် လာတက်ခဲ့ကြပါတယ်..။
တပည့်တွေက သူတို့ ရဲ့ အခန်းတွေကို စာသင်ခန်းအဖြစ် စီမံဖိတ်ကြားခဲ့ကြတာပါ..။
စင်ကာပူမှာနေတဲ့ သူတွေကတော့ သိမှာပါပဲ..။ အလုပ်ချိန်ပြီးတဲ့ အခါ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ..။
ဘာပဲဖြစ်ဖြစ် ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်ဆိုပြီး တည်ထောင်တော့မယ်ဆိုတော့ တပည့်တွေကို လွမ်းမိပါတယ်..။
ဥပါဒါန်တစ်မျိုးပေါ့လေ..။
ပါဠိသင်ခန်းစာလေးတွေ ကြိုးစားပြီး ဆက်ရေးမယ် ကြံထားမိသေး..။

ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ ၏ဖေ့ဘုတ်ပို့ချချက်ကိုကူးယူမျှဝေပါသည်

No comments:

Post a Comment