Friday, August 16, 2013

မရမ်းကုန်း (၂) ရပ်ကွက် လာဘ်စားသည် ဆိုသည့် အုပ်ချုပ်ရေးမှူးကို ဖြုတ်၍ အသစ်ပြန်ရွေး

လူဦးရေ သုံးသောင်းကျော် နေထိုင်သော မရမ်းကုန်း မြို့နယ် အမှတ် (၂) ရပ်ကွက်ကို အုပ်ချုပ်သည့်၊ လာဘ်စားသည်ဆိုသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဖြုတ်ချ၍ သြဂုတ်လ ၁၅ ရက်နေ့က အသစ်ပြန်လည် ရွေးချယ်ပေးခဲ့ကြောင်း မရမ်းကုန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က The Voice သို့ ပြောကြားသည်။

လာဘ်စားသည့် အုပ်ချုပ်ရေးမှူး ဦးသောင်းအေးကို ရပ်ကွက်လူထုက တိုင်ကြားသဖြင့် မြို့နယ်အုပ်ချုပ်ရေးရုံးက စစ်ဆေးအတည်ပြုကာ ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးရုံး၏ အမိန့်ဖြင့် ထုတ်ပယ်ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ကို ပြန်လည် ရွေးချယ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ဒီမြို့နယ်မှာ အုပ်ချုပ်ရေးမှူးကို နှစ်ကြိမ် ပြန်ရွေးချယ်ရတာ ဒါပထမဆုံး ဖြစ်ပါတယ်” ဟု ၎င်းကရှင်းပြသည်။

ယခင် အုပ်ချုပ်ရေးမှူး ဟောင်းကို ဖြုတ်ချပြီး တစ်လအကြာတွင် ဆယ်အိမ်စုမှူး ၄၆၅ ဦး၏ မဲစနစ်ဖြင့် ဒုတိယအကြိမ် ပြန်လည် ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာသို့ ယှဉ်ပြိုင်သူ ခြောက်ဦးရှိပြီး အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ယင်းရပ်ကွက် ကြီးကြပ်ရေးမှူး ငါးဦးထံမှ သိရသည်။

မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်သည် လူဦးရေ ၃၃,၀၀၀ ကျော် နေထိုင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဦးစောဂျွန် လေဝီး၊ ဦးစိုးနိုင်၊ ဦးမောင်မောင်၊ ဒေါ်ယဉ်ယဉ်ထွန်း၊ ဦးအေးမြင့်၊ ဦးအောင်ဌေးတို့ ယှဉ်ပြိုင်ခဲ့ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ဆိုသည်။ ယင်းသို့ရွေးချယ်ရာတွင် အသက် ၆၃ နှစ်အရွယ် မူလတန်း ကျောင်းအုပ်ဟောင်း ဦးမောင်မောင်က ၁၃၉ မဲဖြင့် အနိုင်ရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။ ဒုတိယမဲအများဆုံးကို အသက် ၄၀ ကျော်အရွယ် စီးပွားရေး လုပ်ငန်းရှင် ဒေါ်ယဉ်ယဉ်ထွန်းက ၆၈ မဲဖြင့် ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့ထံ ဆက်လက် စုံစမ်းသိရှိရသည်။

Copy from The Voice Journal

No comments:

Post a Comment