တစ်ခါက အမျိုးသမီး တစ်ဦးသည် သူမ၏ သားကလေးကို လက်ဆွဲပြီး ဂန္ဒီကြီးဆီသို့ ရောက်လာသည်။
“ ဂန္ဒီကြီး၊ ကျွန်မသားကလေး အချိုတွေ သိပ်စားတယ်၊ ကျွန်မလည်း ပြောတာပဲ မရဘူး၊ ကလေးက စားမြဲ စားတာပဲ၊ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင် ” ဟု မေတ္တာရပ်ခံသည်။ ဤတွင် ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်ဖြင့် “ နောက် တစ်လလောက်နေမှ ပြန်လာခဲ့ပါ ” ဟု ပြောလိုက်သည်။
ဤသို့ဖြင့် တစ်လခန့်ကြာသောအခါ ထိုအမျိုးသမီးနှင့် ကလေးငယ် ပြန်ရောက်လာသည်။
ထိုအခါ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် “ သားလေး - အချိုတွေကို သိပ်မစားနဲ့ ” ဟု ချော့မော့ ပြောဆိုလိုက်သည်။ ထိုအခါ ကလေးက နာခံသည့် အနေဖြင့် ပြန်ကြည့်ကာ “ ဟုတ်ကဲ့ ” ဟုတ် ပြောလိုက်သည်။
ဤတွင် ကလေး အမေက “ ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင် တစ်ခေါက် လာတုန်းကတည်းက ပြောလိုက်ရောပေါ့ရှင် ” ဟု ပြောလိုက်သည်။
ထိုအခါ ဂန္ဒီကြီးက “ ငါလည်း အရင်တုန်းက အချိုတွေ သိပ်စားတယ်၊ ဒါပေမယ့် မင်းတို့လာပြီး တစ်လလောက်က စပြီး ငါ အချိုတွေ မစားတော့ဘူး၊ ရှောင်လိုက်တယ်၊ ကလေးကို အချိုမစားနဲ့လို့ ဆုံမဖို့ဆိုတာက ငါ အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်ရမယ် ” ဟု ပြောဆိုလိုက်သည်။
“ ပြည်သူချစ်မြတ်နိုးသော ခေါင်းဆောင် - မင်းယုဝေ ” မှ ကောက်နှုတ်ချက်
Credit to Myanmar Forward
No comments:
Post a Comment