Tuesday, July 30, 2013

အတိုင်းအတာပမာဏကို သိရမည်


အလှူခံပုဂ္ဂိုလ်သည် အတိုင်းအတာ ပမာဏကို သိရမည်။အလှူပေးပုဂ္ဂိုလ်သည် အတိုင်းအတာ ပမာဏကို သိရန်မလို။ (ဗုဒ္ဓ)

ဘုရားရှင်မိန့်တော်မူခဲ့တဲ့ စကားလေးကို ပြန်တွေးကြည့်မိတယ်။ ယခုခေတ်မှာ အဲဒီစကားနဲ့ ညီ၊ မညီ ညှိကြည့်မိတယ်။ ဒီစကားလေးဟာ အဓိပ္ပါယ်တော်တော်လေး တာသွားတယ်ဆိုတာလည်း သဘော
ပေါက်မိတယ်။

အလှူခံ၊ အလှူပေးကို ညှိပေးတဲ့ စကားတစ်ခွန်းလည်းဖြစ်တယ်။ အလှူပေးပုဂ္ဂိုလ်က ပေးမကုန် လှူမခမ်းဆိုရင်တော့ တမျိုးပေါ့။ သို့ပေမဲ့ အလှူပေးပုဂ္ဂိုလ်က ပင်ပင် ပန်းပန်းနဲ့ တနေ့လုပ်မှ
 တနေ့စားရတဲ့ ဘ၀တွေဆိုရင် ဘယ်လိုကျင့်သုံးမလဲ။

အချို့ အချို့တွေက မလိုအပ်ပဲ စားမကုန်၊ သောက်မကုန်အလှူခံ၊ သူများလည်း မလှူရက်၊ မပေးရက်
ဆိုတဲ့ အလှူခံ ပုဂ္ဂိုလ်တွေအတွက် ဒီစကားလေးကို ဘုရားရှင်က ရည်ညွန်းခဲ့တာဖြစ်မယ်လို့လည်း
တွးမိတယ်။

ကိုယ်ကသီလစင်ကြယ်နေစေဦးတော့။ ဒါတွေကတော့ မရှိ မဖြစ်အရာ၊ ဒါတွေကတော့ ရှိမှဖြစ်မဲ့အရာ
ဆိုတာ တွေးတော ဆင်ခြင်သင့်တယ်။ ဒါမှလည်း အလှူပေးပုဂ္ဂိုလ်တွေအနေနဲ့ စားဝတ်နေရေးမျှတလို့ စေတနာသုံးတန် ပြတ်သား
နိုင်မယ်။

အချိန်ကာလအကန့်သတ်ကို မသိခြင်း၊ အတိုင်းအတာ ပမာဏကို မသိခြင်းကြောင့် အလှူခံပုဂ္ဂိုလ်တွေကို မုန်းတဲ့သာဓကတွေ၊ အတိုင်းအတာ ပမာဏကိုသိပြီး အလှူခံခဲ့တဲ့ ရှေးသူတော်ကောင်းတွေရဲ့ 
သာဓကတွေလည်း ပါဠိစာပေမှာ များစွာတွေ့ရတယ်။

ဒါကြောင့် ဘုရားရှင်က အလှူပေး၊ အလှူခံ ညီမျှအောင်၊သဒ္ဓါ တရားတွေ တဆင့်ထက်တဆင့် မြင့်သထက်
 မြင့်လာအောင် ထိုကဲ့သို့သော လောကီ၊ လောကုတ်ဓမ္မတွေကို ၄၅- ၀ါ ကာလပတ်လုံး 
မနားမနေ ကြိုးစားဟောထားခဲ့ခြင်းဖြစ်တယ်လို့ စဉ်းစားမိပါတယ်။

“ဌေး”သာမဏေကျော်ဆရာတော်
 
ဆရာတော်၏ဖေ့ဘုတ်မှမူရင်းအတိုင်းကူးယူဖော်ပြပါသည်။

No comments:

Post a Comment