![]() |
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူး လမ်းပေါ်တွင် ဆောက်လုပ်နေသည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်) |
ဇူလိုင် ၂၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်းက တန်ဖိုးသင့် အိမ်ရာများ တည်ဆောက်ပြီးပါက လုပ်သက်ရင့် လစာနည်း ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများကိုပါ ထည့်သွင်း စဉ်းစားပေးရန် ရှိမရှိ မေးမြန်းခဲ့သည်။
ဦးသာဝင်းက မေးမြန်းရာတွင် ပညာရေး ၀န်ကြီးဌာနက လုပ်သက်ရင့် လစာနည်း ကျောင်းဆရာ၊ ဆရာမများထဲတွင် အချို့သာ ကိုယ်ပိုင်အိမ်ရာရှိပြီး ကိုယ်ပိုင်အိမ်ရာပင် မရှိသူများ ရှိသည့်အတွက် တန်ဖိုးသင့် အိမ်ရာများ ဆောက်လုပ်ပြီးပါက ဆရာ၊ ဆရာမများအတွက် ထည့်သွင်း စဉ်းစားပေးရန် ရှိမရှိ မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။
မေးမြန်းချက်အပေါ် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများ တည်ဆောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ အစိုးရ ၀န်ထမ်းများ အပါအ၀င် ၀င်ငွေ အလယ်အလတ်၊
ဝင်ငွေနည်းပြည်သူ မိသားစုများ အိမ်ပိုင်ရာပိုင် ဖြစ်လာစေရန် ဖြစ်ကြောင်း၊ ထို့အတွက် လုပ်သက်ရင့် လစာနည်းဝန်ထမ်း ဆရာ၊ ဆရာမများ ၀ယ်ယူခွင့် ရရှိရေးအတွက် စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို တည်ဆောက်လျက် ရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၌ ဧရာဝဏ်နှင့် ရတနာ တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ တည်ဆောက်လျက် ရှိကြောင်း၊
အဆိုပါ အိမ်ရာများ တည်ဆောက်ပြီးပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းအပ်နှံပေးပြီး ဖြန့်ဖြူးရောင်းချခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအမံဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန် စီမံထားကြောင်း ဒုတိယ၀န်ကြီးက ဆက်လက် ပြောကြားသည်။
အဆိုပါ အိမ်ရာစီမံကိန်း များအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်လည်း လူနေထိုင်ရန် အရန်မြေများ သတ်မှတ်ပြီး အိမ်ရာဘဏ္ဍာငွေ အစီအမံများ (Housing Finance Mechanisms) ချမှတ်၍ တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်သွားရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်း သိရသည်။
အများပြည်သူ ကြားတွင်မူ အများစုမှာ မိသားစုလိုက် လက်ရှိဝင်ငွေ ထွက်ငွေ အခြေအနေအရ တန်ဖိုးနည်းတိုက်ခန်း တစ်ခန်းလျင် ကျပ်သိန်း ၁၀၀ နှင့်အထက် သော်လည်းကောင်း၊ ကျပ်သိန်း ၉၀ နှင့်အထက် သော်လည်းကောင်း ရောင်းချမည် ဆိုလျှင်ပင် ၀ယ်ယူနိုင်သည့် ပြည်သူနှင့် ၀န်ထမ်းများ နည်းပါးလျက် ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment