ဂျပန် ကုန်သည်/စက်မှုအသင်း ၁၈ နှစ်အတွင်း အသင်းဝင် စံချိန်တင်မြင့်တက်
ဂျပန်နိုင်ငံ၏
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ရုံး
စတင်တည်ထောင်သည့်နှစ် မှစ၍ ယခုနှစ်အထိ ၁၈ နှစ်အတွင်းတွင် အသင်းဝင်ထားသော
ဂျပန်ကုမ္ပဏီ အရေအတွက် ၁၀၇ ခုထိ စံချိန်တင် မြင့်တက်လာကြောင်း
ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်း (Japan External Trade
Organization-JETRO) ၏အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ Mr. Masaki Takahara က
ပြောကြားသည်။
ယင်းအသင်းရုံးကို ၁၉၉၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွဲ့စည်းစတွင်
ဂျပန်ကုမ္ပဏီ အဖွဲ့အစည်း ၆၀ အသင်းဝင်ထားကာ ၁၉၉၈ ခုနှစ်တွင် အသင်းဝင် ၈၆
ခုထိရှိရာမှ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၏ စီးပွားရေး
ပိတ်ဆို့မှုနှင့် ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ပြိုလဲမှုတို့ကြောင့် ၂၀၁၁
ခုနှစ်တွင် အသင်းဝင် ၅၀ နီးပါးခန့်သာ ကျန်ရှိကြောင်း ၎င်းကဆိုသည်။
ဂျပန်ကုမ္ပဏီများ ဝင်ရောက်မှုတွင် ကုန်စည်သယ်ယူ ပို့ဆောင်ရေးနှင့်
ဝန်ဆောင်မှုလုပ်ငန်းသည် အများဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းသည်
ဒုတိယအများဆုံးဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်း၊ အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း၊
ဘဏ်နှင့် အာမခံလုပ်ငန်းတို့တွင် အစဉ်လိုက် ဝင်ရောက်လုပ်ကိုင်မှုများ
ရှိကြောင်း ဂျပန်ကုန်သည်/စက်မှုအသင်း ရန်ကုန်ရုံးထံမှ သိရသည်။
သို့ရာတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း အစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေး
ပြုပြင် ပြောင်းလဲမှုတို့ကြောင့် စီးပွားရေး ပိတ်ဆို့မှုများ
ရုပ်သိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်အားခ ဈေးသက်သာမှုကြောင့်
ဈေးရင်းနှီးမြှုပ်နှံသူတို့ မျက်စိကျရာ ဖြစ်လာပြီး ဂျပန်စီးပွားရေး
လုပ်ငန်းရှင်များ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ယင်းသို့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက်မှု များပြားလာသော်လည်း
မြန်မာနိုင်ငံသို့ ဂျပန်ကုမ္ပဏီများ ဝင်ရောက်မှုမှာ အလွန်နည်းပါး
နေသေးကြောင်း JETRO က ထုတ်ပြန်ထားသည်။
အာဆီယံဒေသတွင်း
နိုင်ငံများတွင် ဂျပန်ကုန်သည်/စက်မှု အသင်းချုပ်ရုံးများ ဖွင့်ထားပြီး
ထိုင်းနိုင်ငံသည် ဂျပန်ကုမ္ပဏီ အသင်းဝင် ၁၄၇၉ ခုနှင့် အများဆုံးဖြစ်ကာ
ဗီယက်နမ်တွင် ၁၁၅၃ ခုနှင့် စင်ကာပူတွင် ၆၉၄ ခုတို့ ရှိကြသည်။
၂၀၁၁
ခုနှစ်မှစ၍ မြန်မာ-ဂျပန် ကုန်သွယ်မှုသည် သုံးဆနီးပါး မြင့်တက်လာပြီး
အမေရိကန်ဒေါ်လာ သန်း ၁၉၀၀ ကျော် အထိရှိကာ ဂျပန်နိုင်ငံမှ
မော်တော်ယာဉ်များကို အဓိကတင်သွင်းကာ မြန်မာနိုင်ငံမှ အထည်အလိပ်နှင့်
ဖိနပ်တို့ကို အဓိကပြန်လည် တင်ပို့ကြောင်း JETRO ၏ အကြီးတန်းအုပ်ချုပ်မှု
ဒါရိုက်တာက ဆိုသည်။
ဂျပန်နိုင်ငံသို့ ကုန်ကြမ်းပေး လက်ခယူစနစ်
(CMP) ဖြင့် အထည်ချုပ်လုပ်ငန်းမှ တင်ပို့မှုသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်
ဒေါ်လာသန်း ၄၀၈ ဒသမ ၁၇ ရှိပြီး ၂၀၁၁ ခုနှစ် တင်ပို့မှုထက် ကန်ဒေါ်လာသန်း ၆၀
နီးပါး ပိုမိုကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက
ထုတ်ပြန်ထားသည်။
(စစ်ငြိမ်းသူ)
Credit to The Voice Weekly
No comments:
Post a Comment