Sunday, May 26, 2013

'' ရှေ့ တန်းထွက်ချိန်လေးလာတော့လေ...ရင်ထဲကျိတ်ခံစားနေရပေ...''

'' မောင့် အတွက်ကျောပိုးအိတ်လေးပြင်ပေး.........ရင်း..''

'' အန္တရာယ်ကင်း..ဝေးစေ...ဆုတောင်းရင်းနဲ့ လေ......

........................................................

........................................................''

ခေါ်နူး တစ်ယောက်အဝေးတစ်နေရာဆီ ငေးနေမိသည်...။

ရေဒီယိုသီချင်းသံက ရင်တွင်းခံစားချက်ကို ပို၍ဆိုးစေလေသည်...။

ကိုထွန်းခင်ကို ယခင်က '' မောင်...'' လို့ မခေါ်ခဲ့ဘူးပေမယ့် ..ခုတော့ မောင်....ဟု တိုးတိုးလေးခေါ်မိသည်...၊

'' မောင်...''

မောင်နဲ့ ကျွန်မ အိမ်ထောင်သက် ငါးနှစ်အတွင်းမှာ မောင်တစ်ယောက် လူ့ လောက ထဲက ထွက်ခွာသွားရချေပြီ..၊

မနှစ်က မောင်တို့ တပ် ရှေ့ တန်း ပြန်ဝင်တော့ မောင်တစ်ယောက် စစ်မြေပြင်မှာ ကျွင်းကျန်ရစ်ခဲ့သည်..၊

မောင်အပါအ၀င် အခြားစစ်သည်တွေနဲ့ အရာရှိတွေရော..

တကယ်ဆို ခေါ်နူး လည်းကချင်တိုင်းရင်းသူပဲ..၊

မောင်တို့ တိုက်နေတာလည်း ကချင်တပ်ပဲလို့ ပြောသည်..၊ ဒါပေမယ့် ဘယ်လိုအဖွဲ့ အစည်း လည်းတော့ ခေါ် နူး မသိ...၊

ကေအိုင်အိုတွေ..အေတွေ သူမကြားဘူး....၊ သူသိတာက အစိမ်းရောင် ၀တ် သေနက်ကိုင်ထားရင် စစ်သားပဲ...

မောင်တို့ တိုက်တာ ဘာကြောင့် ရယ်တော့ ခေါ်နူးမသိ..၊ ဒါပေမယ့် လူသားအချင်းချင်းစစ်ရတဲ့ အလုပ်ဟာ ကောင်းမွန်တဲ့ အလုပ်လို့ တော့ ခေါ်နူးမမြင် .၊

အပ်ကလေးနဲ့ ခဲကလေးနဲ့ ထိခိုက်မိရင်တောင် နာတတ်ကျင်တတ်တဲ့ လူတွေ ဒီလို ကျည်ဆံတွေ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြတာ သာ၍ဆိုးပေမည် ...။

တပ်ရင်းမှူးကြီး ပြောသလို နိုင်ငံတော်အတွက် တိုက်ကြတာ..၊ နိုင်ငံတော်ကိုကာကွယ်

ကြတယ်..ဆိုတာ..တကယ် အမှန်ပြောရရင် သူမ နားမလည်..၊

ဟုတ်တယ်လေ...

ခေါ်နူးက တောသူ ၊ တောသူမှ တောင်ပေါ်သူ ..

ရိုးတယ်..အတယ်..ဗဟုသုတနည်းတယ်..

ဒါပေမယ့် ...ဘုရားသခင်မကြိုတ်တဲ့ အပြစ်ဖြစ်မယ့် အလုပ်တွေ

မလုပ်ရဘူး...ဆိုတာခေါ်နူးသိသည်..

ဗုဒ္ဓ္ဓ ဘုရားရှင် ဟောကြားတဲ့ တရားတော်တွေလည်း နားထောင်ဘူးသည်..၊ လူသတ်တဲ့ အလုပ်

စစ်တိုက်တဲ့ အလုပ်ဟာ ကောင်းတဲ့ အလုပ်လို့ ဘယ်သူမှ ဟောမထားဘူးမဟုတ်လား...၊

ခုတော့ နိုင်ငံတော်အတွက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အထက်အမိန့် တွေလိုက်နာရင်း မောင်

တစ်ယောက် ရှေ့ တန်းစစ်မြေပြင်မှာ အသေဆိုးနဲ့ သေခဲ့ ပြီ...

'' မောင့် ကို သူတို့ ကောင်းကောင်းမွန်မွန်မှ သဂြိုလ်ပေးကြပါ့ မလား..................''

...............................................

+++++++++++++++++

တွေးရင်းမျက်ရည်တွေဝဲလာသည်...

ရင်မှာဆို့ နစ်လာသည်...

ပုခတ်ထဲက တစ်နှစ်သားရင်သွေးကိုငဲ့ ကြည့် မိတော့ ပို၍အားငယ်လာသည်...

မောင်မရှိတော့ ကတည်းက ခေါ်နူး အချိန်တိုင်းလိုလိုအားငယ်သည်..၊

မောင်နဲ့ အတူတူ ရသမျှလစာလေးချိုးချိုးခြံခြံသုံးရင်း နေခဲ့ ရတဲ့ ဘ၀လေးက ထိုအစဉ်အချိန်က

စိတ်ညစ်ခဲ့ဘူးပေမယ့် ခုချိန်မှာတော့ လွမ်းမောစရာ...

မောင်နဲ့ ပတ်သက်သမျှ အမှတ်တရတွေ...

မောင့် ပုံရိပ်တွေ ...

မောင့် ရဲ့ အဆိုးအကောင်းတွေ နဲ့ ပြည့် နေတဲ့ ဒီလိုင်းခန်းလေး...မခွဲနိုင်၍သာ ကျိတ်မှိတ်နေရသည် ..

တကယ်ဆို မောင်မရှိတော့ကတည်းက ခေါ်နူးဖယ်ပေးရမည် ပဲ...၊

ဒီနေရာလေးက အခြားသောစစ်သည် အိမ်ထောင်သည်တွေအတွက် နားခိုရာဖြစ်ပေအုံးမည်...၊

အဘခေါ် တပ်ရင်းမှူးကြီးက စာနာမှုဖြင့် နေခွင့် ပြုထား၍သာ ခေါ်နူးတို့ သားအမိ ဒီနေရာလေးမှာ ဆက်နေရခြင်းဖြစ်သည်..၊

အဘက မောင်ရှိစဉ်တုန်းကလိုပဲ ဆန်နဲ့ ရိက္ခာတွေ ထောက်ပံ့နေသေးသည်..၊

တပ်အလုပ်တွေ ၀ိုင်းကူရသည်..၊

တခါတခါတော့လည်း အနားမှာမောင်ရှိနေသလို အရာအားလုံးမေ့မေ့ပျောက်ပျောက် ..

ရဲဘော်တွေ ရဲမေတွေနဲ့  စားတူ သွားတူ အလုပ်တူ ဖတ်ဒိတ်အတူတူ...

မတူတော့တာတော့ သူတို့ တတွေလို ခေါ်နူးမှာ မျှော်ရမယ့် သူမရှိ..

ကြိုနေချေရမယ့်သူ မရှိတော့ ..

ဒီလိုအချိန်ဆို ခေါ်နူးဒီပတ်ဝန်းကျင်ထဲက ရုပ်ခန္တာ အလုံးလိုက်

အထည်လိုက် ခေတ္တလောက်ပျောက်ကွယ်သွားချင်သည်..၊

'' မောင်ရယ်....''

ဘယ်တွေများရောက်လို့ ..ဘာတွေလုပ်နေလို့ ....ဘယ်လိုတွေများနေနေရပါလိမ့် ....

မောင့်ကို ဘုရားသခင် ကောင်းချီးပေးပါစေ...

++++++++++++++++++

ဒါနဲ့ ...

သားလေးက ကြီးလာတော့မည်...

သားက ပညာမတတ်ရင် ခေါ်နူးတို့ လို ..မောင်တို့ လို..ခပ် တုံးတုံး ခပ် အအ ဖြစ်ပေတော့ မည်. ..၊

ဆရာဝန်ကြီးလို..အင်ဂျင်နီယာကြီးလို..စစ်.

အိုး.......တော်ပါပြီ...စစ်ဆိုရေတောင်စစ်မသောက်တော့ဘူး..၊ တော်ပြီ..၊

သားကိုပညာတတ်ကြီးဖြစ်စေမည်..၊

ဒီအတွက်လည်း ခေါ်နူးကြိုးစားမည်..၊

တပ်ရင်းမှာ ရာသီလိုက် စပါးဆိုစပါး အခင်းဆိုအခင်း နေ့ စားဆိုနေ့ စား

အလုပ်ကလေးတွေရှိပေမယ့်  ၀မ်းဝဘို့ လောက်ပဲတတ်နိုင်သည်..၊

သားသည် မောင့် လိုတဇွတ်ထိုးဆန်သော ..ပြန်မပြောနားမထောင် ခပ်ပေပေ စရိုက်မျိုး မရှိစေရ...၊

ဘယ်လိုအခတ်အခဲပဲရင်ဆိုင်ရရင်ဆိုင်ရ...အေးဆေးတည်ငြိမ်စွာဖြေရှင်းနိုင်သော

ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်သည်...၊

ဖြစ်နိုင်လျှင် ကမ္ဘာလောက ရှိရှိသမျှ ကောင်းချင်းတရားတွေ သားထံသို့ ပေးသနားစေချင်သည်...၊

သားသည် ဘုရားသခင် ချစ်မြတ်နိုးတော်မူသော ...လူတကာအလယ်မှာ ၀င့် ကြွားရသော

သားတစ်ယောက်ဖြစ်စေရမည်...၊

ကောက်စိုက်သမရဲ့ သား..

သူများအ၀တ်လျှော်ရတဲ့ မိခင်တစ်ယောက်ရဲ့ သား..

လိုအပ်ရင် နေ့ စားလုပ်ရတဲ့ ပန်းရံသမတစ်ယောက်ရဲ့ သား ....ဆိုပေမယ့် ..

သားသည်...ပညာတတ်ကြီးတစ်ယောက်ဖြစ်ကိုဖြစ်စေရမည်.....၊

အတွေးတွေနက်ရှိုင်းလာသည်...

အားတွေတတ်လာလိုက် သိမ်ငယ်သွားလိုက်..

အရှိုက်ရှိုက်အဖိုဖို ...အတွေးတွေလူးလွန့် နေသည်...၊

'' ဟင်း.........................''

သက်ပြင်းတွေချသည်..၊

+++++++++++++++++++++++++++

တလောက '' တနိုင်း '' ဘက်ကအမျိုးတွေနဲ့ ခေါ်နူး အဆက်အသွယ်ရသည်..

အလုပ်အကိုင်ကောင်းသည်ဟုပြောသည်...၊

တစ်လကို တစ်သိန်းခွဲ ရမည်...တဲ့ ..၊

ရွှေမှော် ကအလုပ်သမားတွေအတွက် ထမင်းချက်ပေးရမည်...၊

သားအတွက် ဘယ်လောက်ပဲပင်ပန်းဆင်းရဲရဲ..ရှေ့ လမ်းခရီးဆက်လျှောက်ဘို့ ခေါ်နူး ဆုံးဖြတ်ထားပြီးပြီ.....၊

သားနဲ့ မေမေနဲ့  ချိုးချိုးခြံခြံလေး ချွေတာ သုံးရင် တစ်လတစ်လကို ပိုက်ဆံအတော်လေးစုမိနိုင်သည်....၊

ပိုက်ဆံလေးနည်းနည်း ပါးပါးစုဆောင်းမိလာရင် ကုန်ခြောက်ဆိုင်လေး ဖွင့် မည်. ..၊

သားလေးကျောင်းနေအရွယ်မရောက်ခင် ပိုက်ဆံတွေများများ စုထားနိုင်မှ တော်ကာကျမည်...၊

အခြေအနေပေးလို့ ပိုလို့ အဆင်ပြေလာရင် ရွှေမျော ကလေးမောင်းမည်..၊

ရွှေတွေကျလာရင်...သားကိုတောထဲကနေ မြို့ ပေါ်ဆွဲတင်မည်...၊ ရည်မှန်းထားသလို ပညာတွေသင်ခိုင်းမည်........၊

သားပညာတတ်ကြီးဖြစ်လာရင် မေမေသည်...ကမ္ဘာလောကကြီး၌ အပျော်ရွှင်ရဆုံးလူသား

ဂုဏ်အယူရဆုံးလူသားဖြစ်ပေမည်...၊

အိမ်မှာ သူများတွေလို တို့ မိသားစု ဘွဲ့ ရဓါတ်ပုံ အကြီးကြီးချိတ်မည်...၊

သားရယ်....

မေမေရယ်...

............

...........

...........

............မောင်ရယ်...................၊

မျက်ရည်တွေစို့ လာပြန်သည်..၊ တင်းတင်းစေ့ ထားတဲ့ နှုတ်ခမ်းအစုံက ရှိုက်ချင်လာသည်..၊

.....................

......................

++++++++++++++

'' ခေါ်နူးရေ...ခေါ်နူး...''

..............

..............

.............

'' ရှင့် ......ရှင့် .'' ''.ကြီးဝိုင်း..''

'' ရွှေငါးတို့ အိမ် ကခေါ်နေတယ်ဟေ့ ...''

'' ဆပ်ပြာဝယ်ထားပြီးပြီပြောတယ်....''

'' ဟုတ် ဟုတ် ..''

'' အခုလာပြီနော လေးလေး......''

......................................

''မညိုရေ...သားကိုခဏကြည့် ထားပေးပါအုံး...''

'' အေး အေး...ထားခဲ့ ထားခဲ့ ..''

သား၏ ပါးနုနုကို ဖွဖွလေးနမ်းသည်..၊

တံခါးလေးအသာစေ့ ..အိမ်ပေါ်က ကတိုက်ကရုက်လေး ဆင်းသွားတဲ့ မေမေခေါ်နူးတစ်ယောက်

သားငယ်၏ အိ အဲ့  အိ အဲ့  ရှိုက်သံလေးမှ မကြားလိုက် ..၊

လုပ်ငန်းခွင် ၀င်သွားချေပြီ...

ညနေစောင်းလာပြီ.....

နေလည်း ၀င်ခဲ့ ပြီ...

လူသားတစ်ဦးတည်း ရှိတဲ့ ဒီအခန်းငယ်လေးမှာတော့ သားကလေး

ငိုရှိုက်သံတို့ ဖြင့် ဆူညံနေသည်...၊

မိုးလည်းချုပ်ချေတော့မည်...။ ။

No comments:

Post a Comment