Saturday, November 10, 2012

ဓါတ်ပုံသမားများလက်စွဲ onOne Photo Suite 7 (Latest Version )

TechSpace Journal:
ဓါတ်ပုံသမားများလက်စွဲ onOne Photo Suite 7  (Latest Version )

ယနေ့ ခေတ် ဓါတ်ပုံလောကရဲ့ ဓါတ်ပုံသမားများ အနေနဲ့ ဓါတ်ပုံတစ်ပုံကို ရိုက်ကူးရယူနိုင်ရုံနဲ့တင် ပြီးပြည့်စုံကောင်းမွန်တဲ့ ပုံကောင်းတစ်ပုံထွက်လာဖို့ မဖြစ်နိုင်တော့ပါဘူး ။ ပြင်ဆင်တည်းဖြတ်ခြင်းဆိုတဲ့ အခန်းကဏ္ဍကို မဖြစ်မနေ လုပ်ရမယ့် အခြေအနေနဲ့ ခေတ်ကာလကို ရောက်လို့လာပါပြီ ။

သာမန်အားဖြင့် ဆိုရင် ဓါတ်ပုံသမားဆိုတာက ကင်မရာနဲ့ သာပိုပြီး အကျွမ်းတ၀င်ရှိတတ်ကြပါတယ် ။ ရိုက်ကူးခဲ့တဲ့ပုံတွေကို ပြင်ဆင်တည်းဖြတ် ဆန်းသစ်ဖို့ကြတော့ ကွန်ပျူတာကို အသုံးပြုပြီး ဓါတ်ပုံတည်းဖြတ် ဆော့ဝဲလ်များရဲ့ အကူအညီကို ရယူကြရပါတယ် ။ ဒီဂျစ်တယ် ခေတ်မှာ ဒီဂျစ်တယ်ကင်မရာတွေနဲ့ ဒီဂျစ်တယ်ဓါတ်ပုံတွေကို ရိုက်ကူးပြီး ဒီဂျစ်တယ်ကွန်ပျူတာတွေနဲ့ ပြင်ဆင်တည်းဖြတ်ရမှာ မလွဲဧကန် ပါပဲ ။ ဘာကိုမှ ပြင်စရာမလိုအောင် ရိုက်ကူးရယူခဲ့တဲ့ ပုံဆိုရင်တောင် Raw ဖိုင် ကနေ Print ထုတ်ဖို့ လိုအပ်တဲ့ ဖိုင်ဆိုဒ်အရွယ်အစားနဲ့ အရောင်အသွေးကိုရဖို့တော့ ပြုပြင်တည်းဖြတ်ရမှာပါ ။

ဓါတ်ပုံသမားများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဓါတ်ပုံတည်းဖြတ် ဆော့ဝဲလ်တွေကလည်း အများအပြားပေါ်ထွက်နေပါပြီ ။ အဲဒီ့ အထဲကမှ အသုံးပြုရအလွယ်ကူဆုံး နဲ့ အကောင်ဆုံး ဆော့ဝဲလ်တစ်ခု အကြောင်းပြောပြချင်ပါတယ် ။ အမေရိကန်နိုင်ငံ ၊ အော်ရီဂွန် အခြေစိုက် Photoshop Plug-in တွေကို အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ onOne Software  ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ Photo Suite ဖြစ်ပါတယ် ။ ဒီ onOne Photo Suite 7 ဆိုတဲ့ နောက်ဆုံးထွက် Plug-in ဟာ Photoshop မှာသာမက အခြား ဓါတ်ပုံတည်းဖြတ်ဆော့ဝဲလ်များဖြစ်တဲ့ Lightroom ၊ Aperture ၊ Photoshop Elements အစရှိတဲ့ ဆော့ဝဲလ်များနဲ့ပါ တွဲဖက်အသုံးပြုနိုင်ပါတယ် ။
ဒါ့အပြင် Plug-in အဖြစ်နဲ့သာမက Photo Suite တစ်မျိုးတည်းကိုပဲ Standalone Application တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ် ။ အမျိုးမျိုးသော ကွန်ပျူတာ ၀င်းဒိုး စနစ်များမှာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားသလို iPhone ၊ iPad တို့ကဲ့သို့ Mobile Device တွေမှာလည်း အသုံးပြုနိုင်အောင် ထုတ်လုပ်ထားပါတယ် ။
onOne Photo Suite 7 မှာတော့ ယခင် ဗားရှင်းများမှာ မပါဝင်ခဲ့သေးတဲ့ အဖြူအမည်း ဓါတ်ပုံများကို ပြင်ဆင်တည်းဖြတ်တဲ့ Perfect B&W ဆိုတဲ့ New Plug-in တစ်ခုပါဝင်လို့လာပါတယ် ။ မျက်နှာပိုင်း အလှဓါတ်ပုံများကို အဓိကထားပြုပြင်ပေးတဲ့ Perfect Portrait 2 ၊ ဆန်းသစ်လှပတဲ့ Photo Effects များကို ပေးစွမ်းဖြည့်ဆည်းပေးနိုင်တဲ့ Perfect Effects 4 နဲ့ Focal Point 2 ၊ Layer များကို Blend Mode အမျိုးမျိုးပြောင်းပြီး စိတ်ကြိုက်ဖန်တီး ခွင့်တွေပေးထားတဲ့ Perfect Layers 3 ၊ ဓါတ်ပုံထဲက နောက်ခံ Beckground တွေကို ဖြတ်ထုတ်တဲ့နေရာမှာ ပြိုင်စံရှားတဲ့ Perfect Mask 5 ၊ ဓါတ်ပုံများကို အမျိုးမျိုးသော ပုံနှိပ်အရည်အသွေးရရှိအောင် ပြူပြင် ချဲ့ကားပေးနိုင်တဲ့ Perfect Resize 7.5 Pro အစရှိတဲ့ Plug-in အမျိုးကွဲပေါင်း (၇) မျိုးကို ဒီ Photo Suite 7 ထဲမှာ ထည့်သွင်းပေးထားပါတယ် ။
ယခင် Photo Suite 6 တုန်းက ပါဝင်တဲ့ PhotoFrame ကို အခမဲ့ အဖြစ်ပြောင်းလဲထုတ်လုပ်ပြီး အသစ်ထွက် Suite 7 မှာ ထည့်သွင်းတွဲဖက် ထုတ်ဝေထားပါတယ် ။ ဒါဆို onOne Photo Suite 7 မှာပါဝင်တဲ့ Plug-in (၇) မျိုးကို တစ်ခုခြင်းစီ ခွဲခြားကြည့်ရအောင်ပါ ။

Perfect B&W

Black & White ဓါတ်ပုံပညာ တနည်းဆိုရရင် Monocrome Photography ရဲ့ အမျိုးအစားကွဲ ပေါင်းမြောက်များစွာနဲ့ အခေါ်အဝေါ်တွေကို  ဒီ Perfect B&W Plug-in ကိုအသုံးပြုကြည့်တော့မှပဲ စေ့စေ့ပေါက်ပေါက်သိရပါတော့တယ် ။ အရောင်အမျိုးအစားပေါင်းမြောက်မြားစွာနဲ့ ရိုက်ကူးထားတဲ့ ဆေးရောင်စုံ ဓါတ်ပုံများကို အံ့သြဖွယ်ရာ အလင်းအမှောင် အဖြူအမည်းဓါတ်ပုံတွေ အဖြစ်ပြုပြင်ပြောင်းလဲပေးနိုင်ပါတယ် ။ အရမ်းကို ထူးခြားကောင်းမွန်သလို ဆေးရောင်စုံနဲ့ အဖြူအမည်း ဓါတ်ပုံပညာတို့ရဲ့ ခြားနားခြင်းကို ထင်မှတ်မထားလောက်အောင် လက်တွေ့သိမြင်စေပါတယ် ။

Perfect Portrait 2

ဓါတ်ပုံထဲမှာပါဝင်တဲ့ လူတွေရဲ့ မျက်နှာပိုင်းအလှအပနဲ့ အသားအရေကို အဓိကထား ပြုပြင်တည်းဖြတ်တဲ့ Plug-in ဖြစ်ပါတယ် ။ ပုံထဲမှာပါဝင်တဲ့ လူတွေရဲ့ မျက်နှာကို အလိုအလျောက် သတ်မှတ်ရွေးချယ် ပြင်ဆင်နိုင်စွမ်းရှိပြီး အမည်းစက် ၊ ၀က်ခြံ ၊ တင်းတိပ် အစရှိတဲ့ လူမျက်နှာနဲ့ အရေပြားပေါ်က မလိုလားအပ်တဲ့ အစွန်းအထင်းများကို ဖယ်ရှားပေးမှာပါ ။ ဒါ့အပြင် အသားအရေကို ပြင်ပ အရောင်များပါဝင်စွက်ဖက်နေခြင်း မရှိအောင် ချိန်ညှိပေးနိုင်တဲ့ Color Correction Function လည်းပါဝင်ပါတယ် ။

Perfect Layers 3

ဓါတ်ပုံထဲက အလှတရားများကို Photoshop မှာ Layer အများအပြား ခွဲခြားပြီး Blend Mode အမျိုးမျိုးပြောင်းလဲလို့ ဆန်းသစ်တီထွင်မွန်းမံတဲ့ အခန်းကဏ္ဍကို ဒီ Perfect Layers 3 က အပြည့်အ၀ ပြုလုပ်ပေးပါတယ် ။ Plug-in ထဲမှာပါဝင်ထည့်သွင်းထားတဲ့ Preset Beckground များထပ်မံပေါင်းထည့်ပြီးတော့လည်း ဓါတ်ပုံတွေကို ပြုပြင်လို့ရနိုင်ပါတယ် ။ နဂိုဓါတ်ပုံအပေါ်ကနေ Color Layer များထပ်မံပေါင်းထည့်ပြီး စိတ်ကြိုက် တည်းဖြတ်နိုင်ပါသေးတယ် ။

Perfect Effects 4

Effect အမျိုးအစားပေါင်းမြောက်များစွာပါဝင်တဲ့ Effect Library တစ်ခုကို ထည့်သွင်းပေးထားပါတယ် ။ အမြင်ဖူးမကြားဖူးတဲ့ Photo Effect ပေါင်းမြောက်များစွာကို မြင်တွေ့ရပြီး အဆင်ပြေလွယ်လင့်တကူ ရွေးချယ် တည်းဖြတ်နိုင်အောင် မိမိဖွင့်လှစ်တည်းဖြတ်နေတဲ့ ဓါတ်ပုံကိုပဲ အမျိုးမျိုးသော Effect များပေါင်းစပ်ပြီး ဖော်ပြပေးထားပါတယ် ။ ဓါတ်ပုံ ပြင်ဆင်တည်းဖြတ်ခြင်းကို မကြိုက်နှစ်သက်တဲ့ ဓါတ်ပုံသမားများတောင် ဓါတ်ပုံတစ်ပုံလောက်ကို ဒီဆော့ဝဲလ်မှာ ဖွင့်လှစ်ပြီး တည်းဖြတ်ကြည့်လိုက်ရင် စိတ်ပြောင်းသွားနိုင်ပါတယ် ။ ဓါတ်ပုံရိုက်ကူးခဲ့စဉ်က မပါဝင် မထည့်သွင်းဖြစ်လိုက်တဲ့ Lens Filter Effect များကို Perfect Effects 4 အသုံးပြုပြီး ထပ်မံထည့်သွင်းကြည့်လိုက်ပါ ။ အချိန်ကုန်သက်သာသလို ငွေကြေးစရိတ်စကလည်းသက်သာပါတယ် ။

Perfect Resize 7.5 Pro

ဓါတ်ပုံများကို ဒီဂျစ်တယ်ကင်မရာများနဲ့ ရိုက်ကူးပြီး ကွန်ပျူတာများအသုံးပြုပြီး ပြင်ဆင်တည်းဖြတ်မွမ်းမံပြီးတဲ့ နောက်မှာတော့ ပုံနှိပ်ထုတ်ယူဖို့ လိုအပ်လာပြန်ပါပြီ ။ ဓါတ်ပုံများကို အမျိုးမျိုးသော ပုံနှိပ်အရည်အသွေးနဲ့ အရွယ်အစားများအလိုက် ပြုပြင်ထုတ်ယူနိုင်ဖို့ စီမံပေးပါတယ် ။ အသေးဆုံး ဓါတ်ပုံအရွယ်အစားကနေ အကြီးဆုံး Billboard ဆိုဒ်လောက်အထိ ဓါတ်ပုံများရဲ့ အရွယ်အစားကို ချဲ့ကားထုတ်လုပ်ပေးတဲ့ နေရာမှာ ပြိုင်ဘက်ကင်းပါတယ် ။

Perfect Mask 5

onOne Photo Suite တွေကို နာမည်ကျော်စေခဲ့တဲ့ onOne ရဲ့ အဓိက ထုတ်ကုန်ဖြစ်ပါတယ် ။ ဓါတ်ပုံတစ်ပုံမှာပါဝင်တဲ့ နောက်ခံ Beckground တွေကို မလိုလားလို့ပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲ အစားထိုးချင်လို့ပဲဖြစ်ဖြစ် ဖြတ်ထုတ်တဲ့နေရာမှာ ကမ္ဘာကျော်ပါတယ် ။ ဆံပင်သားကဲ့သို့သော အသေးစိတ် ဖြတ်ယူမှုတွေကနေ စလို့ အလင်းပေါက်အရာဝတ္ထုတွေဖြစ်တဲ့ ပုလင်း ၊ ဖန်ခွက် ၊ ဆပ်ပြာပူဖောင်းတို့မှာ တွဲဖက်ပါဝင်နေတဲ့ နောက်ခံ ကိုတောင် တိကျလှပ သပ်ရပ်စွာ ဖြတ်ထုတ်ရှင်းလင်းပေးနိုင်ပါတယ် ။

Focal Point 2

ကင်မရာမှန်ဘီလူး အမျိုးအစားပေါင်းမြောက်မြားစွာနဲ့ ဓါတ်ပုံတစ်ပုံကို ရိုက်ကူးဖို့ ဆိုတာ အလွန်ခဲယဉ်းသလို မဖြစ်နိုင်ပါဘူး ။ ဒါပေမယ့် Focal Point Plug-in ကတော့ဖြစ်နိုင်ပါတယ် ။ အမျိုးမျိုးသော ကင်မရာမှန်ဘီလူးတွေရဲ့ စာရင်းနဲ့တွဲဖက်ပြီး အဲ့ဒီမှန်ဘီလူးတွေနဲ့ ရိုက်ကူးရယူရင်ဖြစ်နိုင်မယ့် Focal Effect နဲ့ Lens Effect ၊ Tele Effect ၊ Macro Effect အစရှိတဲ့ သဘာဝ ကျကျ Effect များအပြင် နာမည်ကျော် Bokeh Effect များကိုလည်း ထပ်မံထည့်သွင်းပေါင်းစပ်ပေးမှာပါ ။ ရှင်းရှင်းပြောရရင် Tele Zoom Lens မရှိတဲ့ ဓါတ်ပုံသမားအနေနဲ့ ကိုယ့်မှာရှိတဲ့ မှန်ဘီလူးနဲ့ပဲရိုက်ကူးထားတဲ့ ဓါတ်ပုံကို Tele Zoom နဲ့ ရိုက်ကူးလိုက်သလို Effects မျိုး ပြုပြင်ပြောင်းလဲလို့ရနိုင်ပါတယ် ။

အချုပ်ဆိုရရင် ဒီ onOne Photo Suite 7 ဟာ ဓါတ်ပုံသမားတိုင်း အသုံးပြုသင့်တဲ့ ဓါတ်ပုံတည်းဖြတ်ဆော့ဝဲလ် ဖြစ်ပါတယ် ။ လွယ်ကူတယ် ၊ အချိန်ကုန်သက်သာတယ် ၊ အံ့သြဖွယ်ရာပြုပြင်တည်းဖြတ်မှုများကို ပေးစွမ်းတယ် ဆိုတာလောက်တင်မကပါဘူး ။ ထင်မှတ်မထားလောက်အောင် ဓါတ်ပုံပညာ ဗဟုသုတနဲ့ ရသကိုလည်ပေးစွမ်းပါသေးတယ် ။ ဒီ Photo Suite 7 ကို အသုံးပြု လေ့လာချင်တယ်ဆိုရင်တော့ www.ononesoftware.com ဆိုတဲ့ website ကနေ ၀င်ရောက်လေ့လာနိုင်ပါတယ် ။ ရက် ၃၀ စာ စမ်းသပ်အသုံးပြုနိုင်ဖို့ အခမဲ့ Download ခွင့်ပေးထားပါတယ် ။ ဒါ့အပြင် ဆော့ဝဲလ် အသုံးပြုပုံ လမ်းညွန် ဗီဒီယိုများ သင်ခန်းစာများကိုလည်း onOne University ဆိုတဲ့ Tag ကနေ၀င်ရောက်လေ့လာနိုင်ပါတယ် ။ onOne အသုံးပြုသူများရဲ့ ဆော့ဝဲလ်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံနဲ့ ဆန်းသစ်တီထွင်ထားတာတွေကို လေ့လာဆွေးနွေးဖို့ရာ Coffee Talk ဆိုတဲ့ ကဏ္ဍကိုလည်း ထည့်သွင်း ပေးထားပါတယ် ။ ဒီတော့ onOne ဟာ ခေတ်သစ် ဓါတ်ပုံပညာရပ် အတွက် အထောက်အကူအများကြီးပေးနိုင်မှာ သေချာပါတယ် ။

Cyra (TSJ Tech Team)
(Sent via Seesmic http://www.seesmic.com)
Also Credit to http://richardaung68.blogspot.com

No comments:

Post a Comment